News

POST TYPE

INTERVIEW

ယူနီဆက်ဖ်-မြန်မာ၊ လူမှုရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်အရာရှိ ဒေါ်စန်းစန်းအေးနှင့် တွေ့ဆုံခြင်း
27-Jun-2018

မွေးစာရင်း မှတ်ပုံတင်ခြင်း

“မွေးစာရင်းကို ကမ္ဘာတစ်ဝန်းလုံးက အသိအမှတ်ပြုတယ်။ လူတိုင်းအတွက် အရေးကြီးတယ်”

မြန်မာနိုင်ငံတွင် ယခင်က မွေးဖွားပြီးချိန်မှ အသက်ငါးနှစ်အောက်ကလေးငယ်အထိကိုသာ မွေးစာရင်းမှတ်ပုံတင်ပြုလုပ်ပေးခဲ့သော်လည်း ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သည့် မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်း လမ်းညွှန်စာအုပ်အသစ်ပါအချက်များအရ မွေးစာရင်းမှတ်ပုံတင်ခြင်းကို အသက် ၁၀ နှစ်အရွယ်အထိ တိုးမြှင့်လုပ်ဆောင် ပေးလျက်ရှိသည်။ ထို့အပြင် မွေးစာရင်းမှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်သည့်အချက်များကို ယူနီဆက်ဖ်-မြန်မာ၊ လူမှုရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်အရာရှိ ဒေါ်စန်းစန်းအေးနှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဆရာမတို့ မွေးစာရင်းနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးနေတဲ့အပိုင်းကို ရှင်းပြပေးပါဦး။
DSSA : အရင်က ကလေးအသက် တစ်နှစ်အထိဆိုရင် မြို့နယ်ဆရာဝန်က ပေးလို့ရတယ်။ အသက်တစ်နှစ် ကျော်ပြီး ငါးနှစ်အထိဆိုရင် တိုင်းနဲ့ပြည်နယ်က ဆရာဝန်ကြီးက ထပ်ပြီးထောက်ခံရတယ်။ UNICEF က နည်းပညာပံ့ပိုးမှုနဲ့ နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုနဲ့ မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်း လမ်းညွှန်စာအုပ်အသစ်ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလက ထုတ်ပြန်လိုက်တယ်။ အဲဒီစာအုပ်ထဲမှာ ကလေးမွေးစကနေ အသက် ၁၀ နှစ်အထိ မြို့နယ်ဆရာဝန်ကနေ မွေးစာရင်း တန်းပေးလို့ရတယ်။ အရင်တုန်းကတော့ မွေးတယ်ဆိုရင် မွေးတဲ့နေရာမှာပဲ မွေးမှတ်ပုံတင်လို့ရတယ်။ အခုဆိုရင် ကလေးတွေက မွေးတဲ့နေရာမှာသော်လည်းကောင်း၊ သူတို့ပြောင်းနေထိုင်တဲ့နေရာမှာသော်လည်းကောင်း မှတ်ပုံတင်နိုင်တယ်။ မွေးရပ်ကို ပြန်လာစရာမလိုဘူးပေါ့။

Voice : ကလေးမွေးဖွားပြီး မွေးစာရင်းလုပ်မယ့်သူတွေနဲ့ ဆရာမတို့ သတ်မှတ်ထားတဲ့အရွယ်အထိ မွေးစာရင်းမလုပ်ရသေးတဲ့ ကလေးတွေအနေနဲ့ မွေးစာရင်းလုပ်ဖို့အတွက် ဘယ်လိုထောက်ခံချက်တွေ လိုအပ်ပါသလဲ။
DSSA : ကလေးမွေးဖွားပြီးပြီးချင်း မွေးစာရင်းပြုလုပ်ပေးရင် အကောင်းဆုံးဖြစ်တယ်။ မွေးစာရင်း မလုပ်ရသေးတဲ့မိဘတွေအနေနဲ့ အသက် ၁၀ နှစ်အထိ မွေးစာရင်းမှတ်ပုံတင်ခြင်းကို နီးစပ်ရာကျန်းမာရေးဌာန (ဒေသန္တရ) တွေမှာ မွေးမှတ်ပုံတင်ဖို့ သွားပြောရမယ်။ မြန်မာနိုင်ငံအတွင်း မွေးဖွားတဲ့ကလေးဖြစ်ရမယ်။ အဓိက ဘာလိုလဲဆိုတော့ ကလေးရဲ့ မွေးဖွားမှုဆိုင်ရာ အချက်အလက်ထောက်ခံထားမှု၊ အိမ်ထောင်စုစာရင်း (သို့) ရပ်/ကျေးထောက်ခံစာ လိုပါတယ်။

Voice : မွေးစာရင်းရှိတဲ့ကလေးနဲ့ မရှိတဲ့ကလေး ဘယ်လိုမတူညီတဲ့အချက်တွေရှိနိုင်မလဲ ဆရာမ။
DSSA : ကလေးဘဝ မွေးလာတာနဲ့ရတဲ့ ပထမဦးဆုံးသော ကလေးသူငယ်အခွင့်အရေးက မွေးဖွားမှုမှတ်ပုံ တင်ခြင်းဖြစ်တယ်။ ဘာလို့ ကလေးအခွင့်အရေးလို့ ပြောသလဲဆိုရင် သူကဘယ်သူ၊ ဘယ်သူက မွေးတာလဲ၊ ဘယ်နေ့မှာမွေးသလဲ စတဲ့ Individually ရှိတာပေါ့။ Universal Birth Registration ဆိုပြီး ကမ္ဘာတစ်ဝန်း မွေးစာရင်းမှတ်ပုံတင်ထားခြင်းက နိုင်ငံတကာအသိအမှတ်ပြု သက်သေခံကတ်ပြားဖြစ်လို့ နိုင်ငံရပ်ခြား ကျောင်းတက်တာပဲဖြစ်ဖြစ်၊ ပိုင်ဆိုင်မှုဝယ်ယူတာပဲဖြစ်ဖြစ် ပြုလုပ်ဖို့ဆို မွေးစာရင်းက အဓိကလိုအပ်တဲ့ သက်သေအထောက်အထားပါ။ ပြောချင်တာက မွေးစာရင်းကို ကမ္ဘာတစ်ဝန်းလုံးက အသိအမှတ်ပြုတယ်။ လူတိုင်းအတွက် အရေးကြီးတယ်။
မွေးစာရင်းရှိထားရင် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ များစွာအသုံးဝင်မယ်။ ပညာရေးဆိုရင် ကျောင်းဝင်တာနဲ့ မွေးလက်မှတ်တောင်းတယ်။ ဒီလိုပဲ ကျန်းမာရေးဆိုရင် ဥပမာ - ကလေးအသက် ကိုးလမှာ မေးခိုင်ကာကွယ်ဆေးထိုးရမယ်။ ဒါဆို ကလေးအသက် ကိုးလဆိုတာ ဘယ်ကပြောသလဲ။ မွေးစာရင်းက အရေးကြီးတယ်။ နောက်ပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုရင် အရွယ်မတိုင်မီ အိမ်ထောင်ချပေးတာ၊ ကလေးတစ်ယောက်က အပြစ်လုပ်ထားတာကို လူကြီးလို အပြစ်စီရင်ပိုင်ခွင့်မရှိဘူး။ ကလေးနဲ့ဆိုင်တဲ့ စီရင်မှုတွေပဲ လုပ်ရတယ်။ ဒါပေမဲ့ ကလေးဆိုတာကို မွေးစာရင်းကပဲ သက်သေပြုတာ။ ဒါကြောင့် အရေးကြီးတယ်။ နောက်တစ်ခုက ကလေးစစ်သားကိစ္စမှာလည်း မွေးလက်မှတ်က အရေးပါတာပဲ။ ဒီတော့ ပညာရေး၊ ကျန်းမာရေးအပြင် ကာကွယ်ရေးအတွက်ရော၊ တခြားဝန်ဆောင်မှုတွေအတွက်ပါ မွေးလက်မှတ်က အရေးကြီးပါတယ်။

Voice : မြန်မာနိုင်ငံမှာ မွေးစာရင်းမလုပ်ရသေးတဲ့ ကလေးအရေအတွက် ဘယ်လောက်လောက်ရှိနိုင်မလဲ ဆရာမ။
DSSA : မွေးမှတ်ပုံတင် မတင်ရသေးတဲ့ဒေတာက ဆရာမတို့နိုင်ငံမှာ အသက်ငါးနှစ်အောက်ကိုပဲ ကောက်ထားတာ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကတော့ ထုတ်ပြန်ခဲ့တယ်။ မြန်မာနိုင်ငံမှာက ၈၁ ရာခိုင်နှုန်းက မွေးမှတ်ပုံ တင်ပြီးပြီ။ မတင်ရသေးတဲ့ကလေးက ၂၀ ရာခိုင်နှုန်းနီးပါးပေါ့။ ပြောရရင် အသက်ငါးနှစ်အောက် ကလေး ၁၀ ယောက်မှာ ရှစ်ယောက်က မှတ်ပုံတင်ပြီး မွေးလက်မှတ်ရပြီးသားပေါ့။ ကိန်းဂဏန်းအနေနဲ့ ပြောဖို့ခက်ပေမယ့်လည်း အသက်ငါးနှစ်အောက်ကလေး ၂၀ ရာခိုင်နှုန်းနဲ့ အသက် ၁၀ နှစ်အောက်မှာလည်း မွေးလက်မှတ် မရသေးတဲ့ကလေးတွေရှိတာကို မကြာသေးခင်က နေပြည်တော်၊ ရှမ်းပြည်တောင်ပိုင်း၊ တနင်္သာရီတိုင်းတွေမှာ ဆောင်ရွက်သွားတဲ့ မွေးဖွားမှုရက်သတ္တပတ်လှုပ်ရှားမှုက ဖော်ပြသွားမှာပါ။ ဒေတာအတိအကျကိုတော့ ဆာဗေးနဲ့မှ ပြောနိုင်မှာဖြစ်တယ်။ 

Voice : ဟုတ်ကဲ့။ ဆရာမတို့ ကောက်ယူနေတဲ့ စာရင်းတွေအရ ဘယ်နေရာတွေက မွေးစာရင်းလုပ်ဖို့ အားနည်းနေတာ တွေ့ရသလဲ။
DSSA : မွေးစာရင်းလုပ်တာနည်းတာက မြန်မာတစ်နိုင်ငံလုံးမှာ ဝေးလံခေါင်ဖျားတဲ့နေရာ (ဥပမာ-ချင်းပြည်နယ်၊ ကယားပြည်နယ်က တချို့နေရာ၊ ကရင်ပြည်နယ်က တချို့နေရာ) တွေပေါ့။ ဝန်ဆောင်မှုတွေပေးတဲ့ ဌာနတွေနဲ့ ဝေးတဲ့နေရာတွေကလူတွေက လက်လှမ်းမမီဘူး ဖြစ်နေတာ။ ဒါကြောင့် ကျွန်မတို့ကလည်း မွေးဖွားပြီးရက်သတ္တပတ်ဆိုတဲ့ လှုပ်ရှားမှုကြီးကို လုပ်တယ်။ လူထုတွေရှိတဲ့ဆီသွားပြီး ကျွန်မတို့က မှတ်ပုံတင်ပေးတာ။ မြို့ပေါ်နဲ့ကျေးလက်ဆိုရင်တော့ ကျေးလက်မှာတော့ မြို့ပေါ်နဲ့ယှဉ်ရင် နည်းနေသေးတယ်။ မွေးစာရင်းက တစ်ခါရပြီး တစ်သက်လုံးသုံးလို့ရတယ်။ မွေးစာရင်းဆိုတာက အသက်သေသွားတဲ့အထိ လူတိုင်းမှာတစ်ခုပဲရှိတယ်။ 

Voice : ဆရာမတို့က အသက် ၁၀ နှစ်အောက် ကလေးတွေအထိ မွေးစာရင်းလုပ်ပေးနေတာနဲ့ပတ်သက်ပြီး လူထုကပိုပြီးသိလာအောင် ဘယ်လိုဆောင်ရွက်သွားဖို့ ရှိပါသလဲ။
DSSA : အခုက လမ်းညွှန်လေးပဲ ထုတ်လိုက်တာ။ ပညာပေးတဲ့အပိုင်းကတော့ ထပ်လုပ်ရဦးမယ်။ လမ်းညွှန်ကိုကိုင်ပြီး အသုံးပြုနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အကုန်လုံးကတော့ သိသွားပြီ။ လူထုကလည်း ကျွန်မ တို့ဘယ်လောက်ပေးပေး လိုချင်မှုမရှိရင် ရမှာမဟုတ်ပါဘူး။ ပညာပေးတာကအခုဆိုရင် မွေးဖွားမှုရက်သတ္တပတ်တွေလုပ်ပြီး ရပ်ကွက်တွေထဲမှာ ပြည်သူတွေသိဖို့ နှိုးဆော်မှုတွေတော့ရှိတယ်။ ၁၀ နှစ်အောက်ကလေးတွေ မှတ်ပုံတင်ပေးဖို့တွေလုပ်နေပေမယ့် ပြည်သူတိုင်းသိဖို့ အများကြီးလုပ်ရပါဦးမယ်။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ