News

POST TYPE

INTERVIEW

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ဥက္ကဋ္ဌ ဦးကျော်သူနှင့်တွေ့ဆုံခြင်း

၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေအရ လိုင်စင်မဲ့ယာဉ် (Without ကား) များ ဖမ်းဆီးရာတွင် ပရဟိတ အရေးပေါ် လူနာတင်ယာဉ်များနှင့် နိဗ္ဗာန်ယာဉ်များပါမကျန် ဖမ်းဆီးမှုများ ရှိနေချိန်တွင် လိုင်စင်မဲ့ယာဉ်များ သုံးစွဲနေသော မြန်မာနိုင်ငံ အနှံ့အပြားရှိ ပရဟိတအသင်းအဖွဲ့ အချို့တို့သည် အဆိုပါယာဉ်များ အသုံးပြုခြင်းမရှိဘဲ ရပ်နားနေကြသည်။

ထို့ကြောင့် လိုင်စင်မဲ့ အရေးပေါ် လူနာတင်ယာဉ်နှင့် နိဗ္ဗာန်ယာဉ်များ အသုံးပြုနေသည့်အပေါ် ဖမ်းဆီးနေခြင်းနှင့်ပတ်သက်၍ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ဥက္ကဋ္ဌ ဦးကျော်သူကို The Voice သတင်းစာက ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြပါသည်။

Voice : Without ကားတွေကို ဖမ်းမယ်ပေါ့။ ဖမ်းမယ့်ထဲမှာလည်း နိဗ္ဗာန်ယာဉ်တွေ၊ အရေးပေါ် လူနာတင်ယာဉ်တွေပါ ဖမ်းမယ်ဆိုတော့ အခုလည်း ဖမ်းတာတွေ လုပ်လာတဲ့အပေါ် ဦးကျော်သူအနေနဲ့ ဘယ်လိုသဘောရှိပါသလဲ။
UKT : အဲဒါက ကျွန်တော်တို့က မြန်မာနိုင်ငံမှာ နေတာလေ။ လက်ရှိမှာက အကုန်လုံးက စီးပွားရေး ကျပ်တည်းနေတာ ချမ်းသာတဲ့သူတွေသာ ချမ်းသာနေတာ။ နယ်ဒေသတွေဆို တော်တော် ဒုက္ခရောက်တာ။ နယ်တွေက သူတို့ရှိတဲ့ အင်အားလေး ချွေးနှဲစာလေးနဲ့ ပရဟိတ အသင်းလေးတွေ ဖွဲ့တယ်။ သူတို့အင်အားနဲ့က လိုင်စင်ရှိတဲ့ကားတွေကို မဝယ်နိုင်ဘူး။ ဒါပေမဲ့ သူတို့ဒေသမှာ နာရေးပဲဖြစ်ဖြစ် ကျန်းမာရေးပဲဖြစ်ဖြစ် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီချင်လို့ တတ်နိုင်သလောက်နဲ့ ဝယ်ထားတဲ့ ကားလေးတွေ၊ ဒီကားတွေကိုသိမ်းဆိုရင်၊ ဒါဆိုရင်တော့ အစိုးရကကော သူတို့ယူထားတဲ့ တာဝန်တွေကို တစ်နိုင်ငံလုံးအနေနဲ့ ယူနိုင်ပြီလား။ မြန်မာနိုင်ငံအနှံ့မှာ ကျန်းမာရေး ချို့ယွင်းနေတဲ့သူတွေကို ပရဟိတအသင်းတွေ ကူညီသလို လုပ်ပေးနိုင်ပြီလား။ နာရေး အသုဘကိစ္စတွေကိုကော ဒီလို လုပ်ပေးနိုင်ပြီလား။ အစိုးရက ဒီလို လုပ်နိုင်ပြီဆိုရင်တော့ ဖမ်းပါ။ သူတို့လုပ်နိုင်ပြီဆိုရင်တော့ ကျွန်တော်တို့လို ပရဟိတသမားတွေ အများကြီး သက်သာသွားတာပေါ့။ ပရဟိတသမားဆိုတာ အများကြီးကို စွန့်လွှတ်ပြီးလုပ်နေရတာ၊ ညအိပ်သန်းခေါင်ကြီး အရေးပေါ် အက်ဆီးဒင့်ဖြစ်ပြီဆိုရင်လည်း သွားပြီး သယ်ပေးလုပ်ပေးနေရတာ။ ဒါမျိုး အစိုးရက လုပ်ပေးနေပြီဆိုရင်တော့ ကျွန်တော်တို့ လုပ်စရာမလိုဘူး သက်သာသွားတာပေါ့။ ကိုယ့်အလုပ်ကို လုပ်လို့ရပြီ။ ဒီလိုမျိုးပြောတာကလည်း ကျွန်တော့်အသင်းမှာ Without ကား တစ်စီးမှမရှိဘူး။ ညီနောင်ပရဟိတ အသင်းတွေနဲ့ တခြား ပရဟိတလုပ်နေတဲ့သူတွေကို ကိုယ်ချင်းစာလို့ ပြောတာပါ။

Voice : တကယ်လို့ ဒီကားတွေကို လိုင်စင်ပေးဝင်မယ်ဆိုရင်ကော၊ ဦးကျော်သူတို့အသင်းလည်း ကားတွေနဲ့ပတ်သက်ပြီး လိုင်စင်ဝင်ဖူးတော့ ဘယ်လို အခက်အခဲတွေရှိလဲ။
UKT : လိုင်စင်ဝင်ရမယ်ဆိုရင်တော့ လူနာတင်ယာဉ်ဆိုလည်း လူနာတင်ယာဉ်ပုံစံနဲ့ နိဗ္ဗာန်ယာဉ်ဆိုလည်း နိဗ္ဗာန်ယာဉ်ပုံစံပေါ့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေပါရမယ်။ လူနာတင်ယာဉ်ဆိုရင် ထမ်းစင်တွေ လူနာကို အသက်ကယ်ဖို့ အောက်ဆီဂျင်ဘူးတွေ၊ အသက်ကယ်ပြုစုလုပ်ဆောင်ဖို့ သင်တန်းတွေ တက်ထားတဲ့သူတွေဖြစ်ရမယ်။ ဒါဆိုရင်တော့ လိုင်စင်ပေးဖို့ လုပ်ပေးရမယ်။ ကျွန်တော်တို့ ပရဟိတလောကမှာလည်း ဖောက်ပြန်တဲ့သူတွေ ရှိတယ်။ တချို့က အိမ်သုံးဆလွန်း Without ကားတွေ ဝယ်တယ်၊ ဘာအသင်း ညာအသင်းဆိုပြီး စတစ်ကာတွေ တပ်တယ်။ ပြီးတော့ ကိုယ်ပိုင်သုံးနေတယ်၊ ဒါမျိုးကိုတော့ ထိထိရောက်ရောက် အရေးယူရမယ်၊ ဆလွန်းကားတွေကိုတော့ ခွင့်မပြုသင့်ဘူး။

Voice : ဒါဆို လိုင်စင်ဝင်တဲ့နေရာမှာ ဘယ်လိုဖြေ လျှော့မှုတွေ ဘယ်လို စိစစ်သင့်မယ်ထင်လဲ။ တချို့ကလည်း ပြောတာပေါ့ အခွန်လျှော့တာတွေ လုပ်သင့်တယ်ဆိုတာကရော။
UKT : တကယ် လုပ်နေတဲ့သူတွေ၊ တရားဝင် မှတ်ပုံတင်ပြီး လုပ်နေတဲ့အဖွဲ့တွေအတွက်တော့ အခွန်လျှော့တာ လုပ်ကိုလုပ်ပေးရမယ်၊ သူတို့က တိုင်းပြည်ကို တစ်ဖက်တစ်လမ်းက အထောက်အကူ ပေးနေတာပဲ၊ နောက်တစ်ခုက Without ကားတွေဖြစ်နေတဲ့ ဘုန်းကြီးကားတွေ နိဗ္ဗာန်ယာဉ်တွေ အရေးပေါ်ကားတွေ Without တွေ ဖမ်းမယ်ဆိုရင် ဘာလို့မြဝတီဂိတ်ကနေ ဒီကားတွေကို အဝင်ခံတာလဲ၊ အဓိကအချက်ကို အရင်လုပ်ရမယ်၊ ဝင်လာတဲ့လမ်းကြောင်း အဓိက တင်းတင်းကျပ်ကျပ် လုပ်ရမယ်၊ လမ်းကြောင်းက ဟိုဘက်ကတော့ သွင်းနေတယ် ဒီဘက်က ပြန်ဖမ်းတယ်ဆိုရင် ဘာလုပ်မှာလဲ ဘယ်လိုလုပ် ထိရောက်မှုရှိမှဲာ၊ လွဲနေဦးမှာပဲ။

Voice : နယ်တွေမှာဆိုရင် ဒီပရဟိတအသင်း တွေက Without ကားတွေကိုပဲ အဓိက အားကိုးနေတာဆိုတော့ ဒီကားတွေကို ဖမ်းမယ်ဆိုတော့ ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။ လိုင်စင်ဝင်ဖို့ မတတ်နိုင်တဲ့အခါ ရေရှည်ရပ်တည်နိုင်ပါ့မလား။
UKT : ဒါကတော့ တစ်နိုင်ငံလုံးကို အကျိုးသက်ရောက်မယ်၊ တစ်နိုင်ငံလုံးမှာရှိတဲ့ မရှိဆင်းရဲသား ပြည်သူပြည်သားတွေ ဒုက္ခရောက်မှာ။ ငါတော့ ကျန်းမာနေတာပဲ လူနာတင်ယာဉ် မစီးရလောက်ဘူး မထင်နဲ့ နိဗ္ဗာန်ယာဉ်လည်း မစီးရလောက်ပါဘူး မတွက်ထားနဲ့ လူဆိုတာ အချိန်မရွေး အက်ဆီးဒင့်ဖြစ်နိုင်တယ်၊ သေနိုင်တယ်၊ ဒီလိုဖြစ်လာရင် နီးစပ်ရာကားကိုပဲ ခေါ်ရမှာ၊ ကိုယ်ချင်းစာစိတ်နဲ့ လုပ်ပေးသင့်တယ်။ နယ်တွေမှာဆိုရင် ဒီလိုမျိုး တစ်ပိုင်တစ်နိုင် လုပ်နေရတဲ့ ပရဟိတအသင်းတွေ နည်းသွားမယ်၊ တချို့ဆိုရင် နားတောင် နားလိုက်ပြီး ခေတ္တ ပိတ်ပါသည်ဆိုတဲ့ ကြော်ငြာတာမျိုးတွေပါ တွေ့လာရပြီ၊ ပရဟိတဆိုတာ အိုးပစ်အိမ်ပစ် အချိန်မတော်ကြီးတွေ လုပ်ပေးနေတယ်၊ ဒီလိုလုပ်နေရတဲ့သူတွေကို တင်းကျပ်လိုက်တော့ မလုပ်တော့ဘူးပေါ့ဗျာ ဆိုတာမျိုးတွေ ဖြစ်လာတယ်။ ကိုယ့်စရိတ်ကိုယ်စားတော့ အဖမ်းမခံနိုင်ဘူးလေ၊ မလုပ်တော့ဘူးပေါ့ဗျာ၊ ဒါကတော့ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ ခုချိန်မှာ လူငယ်တွေက ပရဟိတကို စိတ်ဝင်စားလာကြတယ်၊ ဒီလိုစိတ်ဝင်စားတဲ့အချိန်မှာ လူကြီးတွေက ကိုယ့်သားသမီးတွေကို နင်တို့ အဲဒီအသင်းအဖွဲ့တွေမှာ သွားမလုပ်နဲ့ သွားရင် ဖမ်းခံရနိုင်တယ်။ ဒါမျိုးတွေ တားဆီးလာမယ်၊ ဒီလိုတွေဖြစ်လာရင် မြန်မာနိုင်ငံ ပရဟိတ စိတ်ဓာတ်တွေ ပျောက်သွားရင်တော့ သွားပြီသာ မှတ်တော့။

Voice : ဒီ Without ကားတွေကို ဖမ်းဆီးတာ ထိထိရောက်ရောက်ဖြစ်ဖို့ ဘယ်လိုအကြံပြုချင်လဲခင်ဗျ။
UKT : အစိုးရအနေနဲ့ ဒါမျိုး တကယ်လုပ်တော့မယ်ဆိုရင် ဘယ်အသင်းတွေက တကယ်လုပ်နေတယ်ဆိုတာ တိတိကျကျ အရင်လေ့လာပါ။ ဘယ်မြို့နယ်မှာ ဘယ်အသင်းအဖွဲ့တွေရှိတယ်၊ ဘယ်သူတွေက တကယ် လုပ်နေတယ်၊ သူတို့ဆီမှာ ကားဘယ်နှစီးရှိတယ်ဆို တရားဝင် မှတ်တမ်း အရင်ယူရမယ်။ အခုဟာက ဘာမှန်းညာမှန်းမသိ အကုန်သိမ်းကျုံးပြီးလုပ်တော့ တကယ်လုပ်နေတဲ့သူတွေတောင် မလုပ်ရဲအောင်ကိုဖြစ်သွားမယ်။

ဝေလင်း