News

POST TYPE

INTERVIEW

ဒါရိုက်တာ ဏကြီး၊ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ ချစ်သူစုံတွဲနဲ့ တွေ့ဆုံခြင်း
22-Jun-2018 tagged as အနုပညာ

“သူ့စိတ်ထားလေးကို ချစ်လို့ လက်တွဲဖော်အဖြစ် ရွေးလိုက်တာပါ” (ဒါရိုက်တာ ဏကြီး)

“သု အထင်ကြီးလို့ရတဲ့၊ လေးစားလို့ရတဲ့ ယောကျာ်းတစ်ယောက်ရဲ့ အရည်အချင်းတွေ သူ့မှာရှိတယ်” (ပိုင်ဖြိုးသု)

ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ရဲ့ စေ့စပ်မင်္ဂလာပွဲကို ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ရှိ၊ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ချစ်သူသက်တမ်း လေးနှစ်ကျော်မှာ စေ့စပ်လိုက်ကြတဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ချစ်သူစုံတွဲရဲ့ ရင်တွင်းစကားသံတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ကိုဏကြီးနဲ့ သုသုတို့နှစ်ယောက် ချစ်သူဖြစ်နေတာတော့ ပရိသတ်တွေလည်း သိကြတယ်။ ရုတ်တရက် စေ့စပ်ပွဲ လုပ်ဖြစ်သွားပုံကို ပြောပြပေးပါဦး။
N : ကျွန်တော်တို့နှစ်ယောက်ရဲ့ စေ့စပ်ပွဲလုပ်ဖို့ အစကတည်းက စီစဉ်ထားတာ ရှိပါတယ်။ ပရိသတ်တွေကိုတော့ ကြိုပြီး အသိမပေးဖြစ်ဘူးပေါ့။ ဒီရက်က ရက်ကောင်းရက်မြတ်လည်းဖြစ်တယ်။ သုသု လည်း ဒီရက်ပိုင်းမှာ အားနေတဲ့အတွက် စေ့စပ်ပွဲလေးလုပ်ဖြစ်တာပါ။ 
PPT : သုတို့ နှစ်ယောက် စေ့စပ်ပွဲလုပ်ဖို့အတွက် စီစဉ်ထားတာတော့ ကြာပြီပေါ့နော်။ ဒါပေမဲ့ မီဒီယာတွေကိုလည်း မပြောဖြစ်ဘူး။ သုနဲ့အနီးကပ်ရှိနေတဲ့ ပရိသတ်တွေကလွဲရင် တခြားပရိသတ်တွေကိုလည်း မကြေညာဖြစ်ခဲ့ဘူးပေါ့။ အခုမှသိရတဲ့ သူတွေအတွက်ကတော့ သုတို့နှစ်ယောက် စေ့စပ်ပွဲက ဗြုန်းစားကြီးလုပ်သလို ဖြစ်သွားတာပေါ့နော်။ 

Voice : မင်္ဂလာပွဲကရော ဘယ်တော့လောက်ဖြစ်မလဲ။ ဘယ်လိုပုံစံမျိုး ကျင်းပဖို့ စဉ်းစားထားလဲ။
N : မင်္ဂလာပွဲ လုပ်ဖို့ကတော့ သုသု အလုပ်အားမယ့်အချိန်အပေါ်မှာ မူတည်သလို၊ ကျွန်တော့်အလုပ်အပေါ်မှာလည်း မူတည်ပါတယ်။ ရက်အတိအကျ သိရရင်တော့ အားလုံးကို ပြန်ပြောပေးမှာပါ။ 
PPT : သုတို့နှစ်ယောက် တွဲနေကြတာလည်း ကြာပါပြီ။ နှစ်ဖက်မိဘတွေလည်း အကုန်သိပြီးသားပါ။ မိဘတွေလည်း သိတယ်။ အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးလည်း သိကြတယ်။ သုတို့နှစ်ယောက်နဲ့ ရင်းနှီးတဲ့ ပရိသတ်တွေလည်း သိကြတယ်။ မင်္ဂလာပွဲကတော့ သုတို့ နှစ်ယောက်လုံးက Simple ဖြစ်တာလေး ကြိုက်တော့ ရိုးရိုးရှင်းရှင်း မင်္ဂလာပွဲလေးပဲဖြစ်မှာပါ။

Voice : ဒီနေ့ စေ့စပ်ပွဲမှာ သုသုတို့ နှစ်ယောက် ဝတ်ထားတဲ့ဝတ်စုံကို ဒီဇိုင်နာယုံယုံးက ကြာနဲ့ဖန်တီးပေးထားတယ်လို့ သိရတယ်။ အဲ့ဒီအကြောင်းလည်း သိပါရစေ။
PPT : ဒီနေ့စေ့စပ်ပွဲမှာ ဝတ်တဲ့ဝတ်စုံကတော့ ဒီဇိုင်နာ မယုံယုံးက သုတို့နှစ်ယောက်လုံးအတွက် စီစဉ်ပေးတာပါ။ ကိုဏကြီးကလည်း ပိုးထည်တွေဘာတွေ ဝတ်ရတာမကြိုက်ဘူး။ ပြောင်တာ လက်တာတွေလည်း သိပ်မကြိုက်ဘူး။ အဲ့ဒါကြောင့် ဒီဇိုင်နာ မယုံးက တစ်ထည်လုံးကို ကြာလေးနဲ့ပဲ ရက်ပြီးတော့ လုပ်ပေးထားတာပါ။

Voice : နှစ်ယောက်တစ်ဘဝ ထူထောင်ဖို့အတွက် လက်တွဲဖော်အဖြစ် ရွေးချယ်ဖြစ်တဲ့ အကြောင်းလည်း ပြောပြပေးပါဦး။
N : ကျွန်တော် သုသုကို စတွေ့ကတည်းက သူက မင်းသမီးတစ်ယောက်လို မနေဘူး။ အရမ်းကို ရိုကျိုးနှိမ့်ချပြီးနေတယ်။ မင်းသမီးတစ်ယောက်အနေနဲ့ သူလှတာကတော့ ပြောစရာ မလိုဘူးပေါ့နော်။ ဒါပေမဲ့ သူ့စိတ်ထားလေးကို ချစ်လို့ လက်တွဲဖော်အဖြစ် ရွေးလိုက်တာပါ။ 
PPT : သုက ကိုဏကြီးရဲ့ စိတ်ထားလေးကို သဘောကျတယ်။ သုသုအပေါ်မှာ သူထားတဲ့ မေတ္တာစိတ်လေးကို သဘောကျတယ်။ နောက်ပြီး သုအထင်ကြီးလို့ရတဲ့၊ လေးစားလို့ရတဲ့ ယောကျာ်းတစ်ယောက်ရဲ့ အရည်အချင်းတွေ သူ့မှာရှိတယ်။ အဲ့ဒါကြောင့် ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တာပါ။

Voice : အကယ်ဒမီဆုရခဲ့တာတောင် ပူပူနွေးနွေးပဲ ရှိသေးတယ်။ ချစ်သူနဲ့ စေ့စပ်လိုက်တယ်ဆိုတော့ ပရိသတ်တွေက နှမြောကြမှာပဲနော်။
PPT : အဲ့ဒါကတော့ သုသု ကံကောင်းတယ်လို့ ပြောရမယ်။ သုနဲ့ အနေနီးတဲ့ ပရိသတ်တွေ အကုန်လုံးက ကိုဏကြီးနဲ့ ချစ်သူဖြစ်နေတာကို အစောကြီးကတည်းက သိကြတယ်။ အိမ်ထောင်ပြုသွားရင်လည်း ချစ်ပေးမယ်၊ အဘွားကြီးဖြစ်သွားရင်လည်း ချစ်ပေးမယ်ဆိုပြီး ပြောကြတယ်။ ပရိသတ်တွေပေးတဲ့ အားအင်တွေကြောင့် ရှေ့ဆက်ပြီးတော့ အနုပညာအလုပ်တွေလုပ်ဖို့ပိုပြီး အားရှိလာတယ်။ အမှန်တော့ သုအသက်လည်း မငယ်တော့ပါဘူး။ ၂၈ နှစ်ပြည့်ပြီးလို့ ၂၉ ထဲဝင်လာပြီဆိုတော့ အိမ်ထောင်ပြုတာ စောတယ်လို့တော့ မထင်ပါဘူး။

Voice : သုသုနဲ့ လက်ထပ်ပြီးတဲ့အခါမှာရော ကိုဏကြီးဘက်က အနုပညာအလုပ်တွေ ဆက်လုပ်ခွင့်ပေးမှာလား။ သုသုကိုရော ဘယ်လိုပံ့ပိုးပေးသွားမလဲ။
N : ကျွန်တော်နဲ့ သုသု စတွေ့တာကလည်း ရိုက်ကွင်းပေါ်မှာပဲ စတွေ့တာပါ။ ကျွန်တော်တို့ နှစ်ယောက် လက်ထပ်ပြီးသွားရင်လည်း အနုပညာအလုပ်တွေ ဆက်လုပ်ဖို့က ပြောစရာတောင်မလိုပါဘူး။ နှစ်ယောက် စိတ်တူ၊ ကိုယ်တူနဲ့ပိုပြီးတော့တောင် လုပ်ဖြစ်မှာပါ။ နှစ်ယောက်လုံးက အနုပညာကို ဝါသနာပါတာချင်းလည်းတူတော့ တကူးတကတောင် ညှိယူစရာမလိုပါဘူး။ ကျွန်တော်တတ်နိုင်တဲ့ ဘက်ကလည်း သုသုကို ပံ့ပိုးပေးသွားမှာပါ။

သန့်ဇင်ဦး

  • VIA