News

POST TYPE

INTERVIEW

ဒါရိုက်တာ အောင်ကိုလတ်နဲ့ တွေ့ဆုံခြင်း
20-Jun-2018 tagged as အနုပညာ



“အရည်အသွေးအားဖြင့်ရော၊ အနုပညာအားဖြင့်ရော နိုင်ငံတကာနဲ့ ယှဉ်လို့ရတဲ့ကားမျိုး မြန်မာပြည်မှာ ရှိတယ်ဆိုတာကို ပြချင်တဲ့ ကောင်ဖြစ်တဲ့အတွက် ကျွန်တော်တို့က လူမိုက်တွေပါ”

ဝါရင့် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ အောင်ကိုလတ်နဲ့ တွေ့ဆုံပြီး ဂျပန်၊ မြန်မာ နှစ်နိုင်ငံက သရုပ်ဆောင်တွေနဲ့ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအကြောင်း၊ မြန်မာ့ရုပ်ရှင်ရေစီးကြောင်းနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရုံပြိုင်ပြသတဲ့စနစ်အပေါ် သူ့အမြင်တွေကို The Voice က မေးမြန်း ဖော်ပြထားပါတယ်။ 

Voice : ကယန်းအလှ ရုပ်ရှင်ရိုက်ပြီးကတည်းက ဇာတ်ကားသစ်မရိုက်တာ ကြာပြီနော်။ ဘယ်ဇာတ်ကားတွေ ရိုက်ဖို့ ပြင်ဆင်နေလဲ။
AKL : ကယန်းအလှ ရုပ်ရှင်က ၂၀၁၃ ခုနှစ်က စပြီးပြခွင့်ရပြီး ပြခဲ့တဲ့အချိန်မှာ မြန်မာပြည်မှာတော့ အကယ်ဒမီဆု ၂ ဆုရခဲ့ပါတယ်။ နိုင်ငံတကာမှာတော့ ၂၀၁၃ ခုနှစ် ကစပြီး ထိုင်ဝမ်နဲ့ အာဆီယံ ဒေသတွင်း နိုင်ငံအချို့မှာ ရောင်းခွင့်ရခဲ့တယ်။ နောက်ပြီး ရုပ်ရှင်ပွဲတော်ပေါင်း ၂၃ ပွဲမှာလည်း ကယန်းအလှကို ပြနိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဒုတိယမြောက် ရုပ်ရှင်အတွက် ပြင်ဆင်နေတာတော့ကြာပါပြီ။ မကြာခင်မှာတော့ ဂျပန်ကုမ္ပဏီတစ်ခုနဲ့ပေါင်းပြီး ရုပ်ရှင်တစ်ကားရိုက်ပါမယ်။ ဂျပန်၊ မြန်မာ နှစ်နိုင်ငံက သရုပ်ဆောင်တွေနဲ့ ဒီနှစ်ထဲမှာ ရိုက်ပါမယ်။

Voice : ပြည်ပကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းရိုက်ကူးမှာဆိုတော့ ဘယ်လိုထူးခြားတဲ့ ဇာတ်ကားမျိုးဖြစ်မလဲ။
AKL : ကျွန်တော်က ပိုက်ဆံရတဲ့ ဇာတ်ကားမျိုး မရိုက်တတ်တဲ့သူဆိုတော့ ကျွန်တော်ရိုက်မယ့်ကားကို ဘယ်ထုတ်လုပ်သူမှလည်း စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ကျွန်တော်လည်း လုံးဝ ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့က ကိုယ်ရိုက်တဲ့ ရုပ်ရှင်တစ်ကားကို ရုပ်ရှင်သမိုင်းမှာ ကျန်ခဲ့ဖို့ပဲ စဉ်းစားတဲ့ကောင်တွေမို့လို့ပါ။ ကျွန်တော်တို့က လူမိုက်တွေပါ။ ဒါပေမဲ့ တိုင်းပြည်ကောင်းဖို့အတွက် ဆက်မိုက်မှာပါ။ မကြာခင် ရိုက်မယ့်ကားကလည်း ကယန်းအလှထက် မိုက်ဦးမယ်။ ဇာတ်လမ်းကိုတော့ လျှိုထားလိုက်ဦးမယ်။ ဒီလောကမှာ အိုင်ဒီယာခိုးတဲ့ ကောင်တွေများလို့ပါ။ 

Voice : ကိုယ်ရိုက်တဲ့ကားက ငွေကြေးအကျိုးအမြတ်ထက် အနုပညာပိုင်းအရ အောင်မြင်မှုကို ဦးလတ် ပိုမက်မောတာလား။
AKL : ကယန်းအလှ ရုပ်ရှင်ဆိုလည်း ကယန်းတိုင်းရင်းသားတွေကို သူတို့ တိုင်းရင်းသားတွေပါလို့ တလွဲ ဆံပင်ကောင်းနေတဲ့ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ပါးစပ်က ပိတ်သွားတယ်။ ကယန်းတိုင်းရင်းသားတွေလည်း ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ကယားပြည်နယ်ကို ပြန်ရောက်လာပြီ။ မဲဟောင်ဆောင်တို့၊ ချင်းမိုင်တို့ဘက်မှာ တည်ဆောက်ထားတဲ့ ရွာတွေလို ရွာအပျံစားတွေလည်း ကယားပြည်နယ်မှာရှိသွားပြီ။ ကယန်းတိုင်းရင်းသားတွေလည်း ပျော်ရွှင်စွာ လယ်ယာပြန်စိုက်နေကြပြီ။ သူတို့ရဲ့ ရိုးရာဓလေ့တွေနဲ့ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေကို ဖော်ထုတ်တယ်၊ နိုင်ငံခြားသားတွေလည်း နေ့တိုင်းဝင်ထွက်နေတယ်။ ဒီလို ဇာတ်ကားမျိုး ရိုက်ခဲ့ရတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။

Voice : ရုပ်ရှင်ဇာတ်ကားတွေကို ရုံပြိုင်စနစ်နဲ့ ပြလာတာဆိုတော့ ထုတ်လုပ်သူတွေက ပရိသတ်ကြိုက်ဖို့အပြင် ရုံရှင်တွေ ကြိုက်ဖို့ကိုပါ ထည့်သွင်းစဉ်းစားလာရတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်မိလဲ။
AKL : ကျွန်တော်က ရုပ်ရှင်တစ်ကားရိုက်ဖို့ အိပ်မက်မက်ပြီး အကောင်အထည်ဖော်ဖို့ စဉ်းစားတဲ့အချိန်ကတည်းက ပရိသတ်က ဘယ်လိုဇာတ်မျိုးမှ အားပေးမှာတို့၊ ဘယ်ရုံမှာပြရင် ဘယ်လောက်ပြန်မြတ်မှာတို့ လုံးဝမစဉ်းစားတဲ့သူမျိုးထဲမှာ ပါပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ်ရည်မှန်းထားတဲ့အတိုင်း ကိုယ့်တိုင်းပြည်မှာ ဘာတွေလိုနေလဲ၊ ကိုယ့်တိုင်းပြည်အတွက် ဘာကို ဂုဏ်ယူအောင်ပြရမလဲ၊ ရုပ်ရှင်သမိုင်းမှာ ဘာကျန်ခဲ့မလဲဆိုတာပဲ စဉ်းစားတယ်။ အရည်အသွေးအားဖြင့်ရော၊ အနုပညာအားဖြင့်ရော နိုင်ငံတကာနဲ့ ယှဉ်လို့ရတဲ့ကားမျိုး မြန်မာပြည်မှာရှိတယ်ဆိုတာကို ပြချင်တဲ့ကောင်ဖြစ်တဲ့အတွက် ကျွန်တော်တို့က လူမိုက်တွေပါ။

Voice : မြန်မာ့ရုပ်ရှင် ရေစီးကြောင်းကရော အဆိုးဘက်ကို ဦးတည်နေလား၊ အကောင်းဘက်ကို ဦးတည်နေလား။
AKL : မြန်မာ့ရုပ်ရှင်က လာမယ့်တစ်နှစ်ခွဲလောက်အတွင်းမှာတော့ ကမ္ဘာ့ရုပ်ရှင်လောကကြီးရဲ့ Mainstream ထဲကို ရောက်နိုင်မယ်လို့မျှော်မှန်းပါတယ်။ ဒီအချိန်မှာတော့ အသံတွေက အမျိုးမျိုးထွက်နေတာပေါ့နော်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ယုံကြည်တာကတော့ ရုပ်ရှင်လောကသားတွေနဲ့ ရုပ်ရှင်အနုပညာရှင်တွေသည် ပြောင်းလဲလာပြီဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ ရေစီးကြောင်းသည် တံခါးတိုးဖွင့်ရမယ့် နိုင်ငံတကာရေစီးကြောင်းဖြစ်တဲ့အတွက် ကိုယ့်တိုင်းပြည်တစ်ခုထဲမှာ အောင်မြင်နေလို့မရပါဘူး။ နိုင်ငံတကာအဆင့်အထိပါ မျှော်မှန်းပြီး ကြိုးစားကြဖို့လိုပါတယ်။

Voice : ရုပ်ရှင်က နိုင်ငံနဲ့ လူမျိုးရဲ့ ပုံရိပ်တစ်ခုလို့လည်း ပြောကြတာရှိတယ်။ အဲ့ဒါကိုရော ဦးလတ်လက်ခံလား။
AKL : ဒါနဲ့ ပတ်သက်လို့ ကိုရီးယားနိုင်ငံကိုပဲ ကြည့်လိုက်ပါ။ ကိုရီးယားသည် အနုပညာနဲ့ တိုက်ပွဲဝင်လာတဲ့အတွက် တစ်ကမ္ဘာလုံးမှာ သူတို့ရဲ့အစားအသောက်တွေ၊ ယဉ်ကျေးမှုတွေလွှမ်းမိုးသွားပါပြီ။ ကျွန်တော်တို့လည်းဒါကို နမူနာယူရမှာ ဖြစ်ပါတယ်။ ရုပ်ရှင်အောင်မြင်ရင် နိုင်ငံလည်း အောင်မြင်တာပါပဲ။ အားကစားဘက်မှာဆို အောင်လအန်ဆန်းတို့လိုလူမျိုး ထွက်ပေါ်လာတာကို ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ ရုပ်ရှင်အနုပညာရှင်အသစ်တွေ ပေါ်လာတယ်။ အရမ်းဂုဏ်ယူပါတယ်။ နိုင်ငံတကာအထိ ထွက်ကစားတဲ့ ဘောလုံးသမားတွေရှိလာတာကိုလည်း ဂုဏ်ယူပါတယ်။ အဲ့ဒီလိုပဲ ရုပ်ရှင်မအောင်မြင်ရင် တိုင်းပြည်မအောင်မြင်ပါဘူး။ 

သန့်ဇင်ဦး