News

POST TYPE

INTERVIEW

ဒေါက်တာမိုးအောင်ကျော်နိုင်နှင့် တွေ့ဆုံခြင်း
20-Jun-2018

တုပ်ကွေးရောဂါ



“ရိုးရိုးတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးက တစ်ခါတလေ ခွဲခြားရခက်တယ်။ ပထမပိုင်းလက္ခဏာတွေက အတူတူပဲ”

ယခုကဲ့သို့ မိုးဦးကျကာလတွင် ကလေး၊ လူကြီးမရွေး တုပ်ကွေးရောဂါ အဖြစ်များလျက်ရှိသည်။ တုပ်ကွေးဖြစ်ပွားသူမှတစ်ဆင့် အခြားသော လူအများဆီသို့ ရောဂါပိုးများ ကူးစက်နိုင်သောကြောင့် ရောဂါဖြစ်ပွားသူများအနေနှင့် ဂရုပြုနေထိုင်သင့်ပါသည်။ ထို့အပြင် ယခုနောက်ပိုင်း လူသိများလာသည့် တုပ်ကွေးကာကွယ်ဆေးနှင့်ပတ်သက်၍လည်း အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်နှင့် The Voice က မေးမြန်းဖြစ်သည်များကို ဖော်ပြအပ်ပါသည်။

Voice : လတ်တလော တုပ်ကွေးအဖြစ်များတာ တွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။
Dr.MAKN : အခုရာသီအပြောင်းအလဲတွေမှာ တုပ်ကွေးဖြစ်တာများတယ်။ ဆေးခန်းတွေမှာဖျားလို့၊ ကိုယ်လက်ကိုက်လို့ လာတဲ့သူတွေများတယ်။ ဘာကြောင့် ဖြစ်ရသလဲဆိုတော့ တုပ်ကွေးဗိုင်းရပ်စ်ပိုးဝင်လို့ပါ။ တုပ်ကွေးဗိုင်းရပ်စ်ကို Influenza Virus လို့ခေါ်တယ်။ အအေးမိတဲ့ ဗိုင်းရပ်စ်ဆိုတာလည်း ရှိသေးတယ်။ ဒီရောဂါပိုးဗိုင်းရပ်စ်နှစ်ခုက ရာသီပြောင်းတဲ့အချိန်မှာ လေထုထဲပွားများမှု၊ ပျံ့နှံ့မှုများတယ်။ လူတွေဆီ ရောက်ပြီး ဖျားနာတယ်၊ ခေါင်းကိုက်တယ်၊ နှာရည်ယိုတယ်၊ ချောင်းဆိုးတဲ့လက္ခဏာတွေ တွေ့ရတယ်။ ရောဂါရှိတဲ့သူ တစ်ယောက်ကနေ နောက်တစ်ယောက်ကို ကူးစက်တတ်တဲ့အတွက်ကြောင့် လူတော်တော်များများ တစ်ပြိုင်နက်ဖြစ်တဲ့အခါမှာ သတိထားသင့်တယ်။ ရောဂါပိုးဝင်ရောက်တဲ့အခါမှာ စကားပြောတာဖြစ်ဖြစ်၊ နှာစေး ချောင်းဆိုးရာကဖြစ်ဖြစ် ထွက်လာတဲ့ အမှုန်အမွှားတွေကတစ်ဆင့် ကိုယ့်ပတ်ဝန်းကျင်ကလူတွေဆီ ဗိုင်းရပ်စ်ပိုးက ရောက်ရှိတဲ့အခါမှာ ရောဂါပိုးကူးစက်တတ်တယ်။

Voice : လူကြီးနဲ့ ကလေး ဘယ်အရွယ်တွေက ပိုပြီးဖြစ်ပွားမှု များနိုင်ပါသလဲ။
Dr.MAKN : ခန္ဓာကိုယ်မှာရှိတဲ့ Immue System က ကလေးတွေမှာ နည်းနေတတ်တယ်။ ဒါက ကလေး တွေမှာနည်းတော့ ရောဂါပိုးဝင်ရောက်လာတဲ့အခါမှာ ပြန်လည်တိုက်ခိုက်တဲ့ ခုခံအားကနည်းတဲ့အတွက် ရောဂါပိုးဝင်ရောက်တာ ပိုတွေ့ရတယ်။ နောက်တစ်ခုက လူကြီးတွေကတော့ အသိဉာဏ်ရင့်သန်တယ်လေ။ အသက်ငယ်တဲ့ကလေးတွေကတော့ ရောဂါကူးစက်ပုံလည်း မသိဘူး။ နောက်ပြီး လက်ပေါ့။ ဒီရာသီမှာ ဗိုင်းရပ်စ်ပိုးတွေကလည်း ပျံ့နှံ့နေတယ်။ ကလေးတွေက သူတို့လက်နဲ့ နေရာစုံကို ကိုင်တွယ်ထိတွေ့မယ်၊ အစာစားမယ်၊ ပါးစပ်ထဲထည့်မယ် စသဖြင့် ရောဂါပိုးရောက် ရှိနေတဲ့လက်တွေကို ရှူရှိုက်မိရင် ကလေးတွေကိုကူးစက်နိုင်တယ်။ အထူးသဖြင့် အသက်ငါးနှစ်အောက် ဘာမှနားမလည်တဲ့ကလေးတွေက ကာကွယ်တားဆီးမှုကိစ္စတွေ မသိဘူး။ လက်ဆေးရကောင်းမှန်း မသိသလိုလက်နဲ့ ဟိုဟိုဒီဒီ ကိုင်တွယ်တတ်တော့ လက်တွေကို ဗိုင်းရပ်စ်ပိုးတွေရောက်နိုင်တော့ ဒီတုပ်ကွေးပိုးက ကလေးတွေမှာ ပိုတွေ့ရတယ်။

Voice : တုပ်ကွေးရောဂါကို ခံစားနေရတဲ့အခါမှာ ဘယ်လိုမျိုး နေထိုင်သင့်ပါသလဲ။
Dr.MAKN : ဒါကလည်း အပိုင်းနှစ်ပိုင်းရှိတယ်။ ရောဂါပိုးရှိတဲ့သူတွေက ကျန်တဲ့သာမန်သူတွေကို မကူးစက်အောင်နေထိုင်ရမယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲ ဝင်ရောက်နေတဲ့ တုပ်ကွေးပိုးတွေကို တိုက်ထုတ်ပြီးတော့ မြန်မြန်နာလန်ထနိုင်အောင် ဆောင်ရွက်ရမယ်။ တုပ်ကွေးဖြစ်တဲ့သူအနေနဲ့ လူတွေကြားထဲကို မသွားသင့်ဘူး။ နေမကောင်းရင် ဆေးကုသမှုခံယူပြီး အိမ်မှာ အနားယူသင့်တယ်။ ချောင်းဆိုးတဲ့သူတွေအနေနဲ့ နှာစေးချောင်းဆိုးတဲ့အခါမှာ အကာအကွယ်ထားရမယ်။ တစ်ခါသုံးတစ်ရှူးကို သုံးသင့်တယ်။ ပြီးရင် လက်ကိုသန့်ရှင်းရေးလုပ်ရမယ်။ ဒါမှပဲ သူများကို မကူးနိုင်မှာ။ ကိုယ်တိုင်ဖျားနာတာကို ခံစားရပြီး မြန်မြန်ပျောက်ကင်းဖို့အတွက် နံပါတ်တစ်ကတော့ အစားအသောက်ကို အစာကြေလွယ်တဲ့ အစားအသောက်တွေကိုပဲ စားသင့်တယ်။ ပူပူနွေးနွေးစားသင့်တယ်။ ရေကိုပိုပြီး များများသောက်သင့်တယ်။ ခေါင်းကိုက်ဖျားနာတာတွေအတွက်ကို ပါရာစီတမောသောက်လို့ရတယ်။ အကိုက်အခဲပျောက်ဆေး၊ ကိုယ်ပူကျဆေးကို သောက်ပေးဖို့လိုတယ်။ ခေါင်းတအားကိုက်လို့ဆိုပြီး ပြင်းတဲ့အကိုက်အခဲပျောက်ဆေးတွေကို သောက်မယ်ဆိုရင်တော့ အစာအိမ်ထိခိုက်နိုင်တာကို သတိထားဖို့လိုတယ်။ အထူးသဖြင့် သွေးလွန်တုပ်ကွေး လူနာတွေသောက်မိရင် အစာအိမ်သွေးယိုတတ်ပါတယ်။ စိတ်ရောကိုယ်ပါ အနားယူရင်တော့ မြန်မြန်ပြန်ကောင်းနိုင်တယ်။ နောက် အအေးမိမခံရဘူး။ နွေးနွေးထွေးထွေးနေခြင်းကလည်း ခန္ဓာကိုယ်က ဗိုင်းရပ်စ်ကို တိုက်ထုတ်တဲ့အခါမှာ အထောက်အကူရတယ်။

Voice : ဟုတ်ကဲ့။ တုပ်ကွေးကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါဦးဆရာ။
Dr.MAKN : တုပ်ကွေးဗိုင်းရပ်စ်က သူတို့ရဲ့ဗီဇကို အမြဲမြှင့်တင်ပြောင်းလဲလေ့ရှိတယ်။ အရင်ကတည်းက ထိုးလာတဲ့ ကာကွယ်ဆေးတွေကနေ ကျော်လွှားနိုင်အောင် သူတို့ဗီဇကို ပြုပြင်ပြောင်းလဲဖို့လုပ်တယ်။ နှစ်စဉ် ဆေးအသစ်တွေထွက်တယ်။ ပြီးခဲ့တဲ့နှစ်က အမျိုးအစားကိုယူပြီး သူ့ကိုကာကွယ်နိုင်တဲ့အမျိုးအစားပြန်ပြီး ထုတ်ရတယ်။ နှစ်အလိုက်ကာကွယ်ဆေးရှိတယ်။ ၂၀၁၈ ကာကွယ်ဆေးက မြန်မာပြည်မှာလည်း ရနေပြီ။ မနှစ်က H1N1 ဖြစ်လိုက်တော့ ကာကွယ်ဆေးအကြောင်း ပိုသိလာပြီးတော့ တုပ်ကွေးကာကွယ်ဆေးကို သာမန်လူတွေလည်း ထိုးကြတယ်ပေါ့။ အရင်ကတော့ နာတာရှည်ရောဂါရှိတဲ့သူ၊ အဆုတ်ရောဂါရှိတဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေကတော့ ဦးစားပေးပြီးထိုးကြတယ်။ အခုကျတော့ သာမန်လူတွေကပါ သတိထားပြီး ထိုးလာကြတာရှိတယ်။ ဒါကိုထိုးထားရင် ဘယ်လိုလူတွေ အကျိုးရှိမလဲဆိုတော့ အခုနကပြောတဲ့သူတွေနဲ့ ကလေးတွေ၊ ဆီးချိုရောဂါသည်တွေဆိုရင်တော့ ထိုးသင့်တယ်။ နောက် တုပ်ကွေးဒဏ်ကို ခံနိုင်ရည်ရှိအောင်ပေါ့။ ထိုးဖို့လည်း ဆရာတို့အနေနဲ့ တိုက်တွန်းတယ်။ အကယ်၍များ ထိုးထားရင် တုပ်ကွေးဖြစ်ခဲ့ရင်တောင် ပြင်းပြင်းထန်ထန်မဖြစ်ဘူး။ ကာကွယ်ဖို့လိုအပ်တဲ့သူတွေကတော့ နှစ်စဉ်ထိုးရမယ်။ ကူးစက်ဖို့လွယ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်း ထိုးထားသင့်တယ်။

Voice : တုပ်ကွေးဖြစ်နေတဲ့သူတွေကိုရော၊ မဖြစ်သေးတဲ့သူတွေကိုရော ဆရာ့အနေနဲ့ သတိပေးစကားလေး ပြောပေးပါဦး။
Dr.MAKN : အခုချိန်မှာ ကလေးတွေမှာ သွေးလွန်တုပ်ကွေးလည်း တွေ့ရတယ်။ ရိုးရိုးတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးက တစ်ခါတလေ ခွဲခြားရခက်တယ်။ ပထမပိုင်းလက္ခဏာတွေက အတူတူပဲ။ ဒါပေမဲ့ ခန္ဓာကိုယ်မှာ အနီစက်လေးထွက်လာတယ်၊ အရမ်းမှိန်းလွန်းအားကြီးတယ်၊ နှစ်ရက်သုံးရက်မှာ အဖျားကမကျဘူးဆိုရင် ဆရာဝန်နဲ့ပြပြီး သွေးလွန်တုပ်ကွေးဖြစ်နေမလားဆိုတာကို သတိထားပြီး ကုသမှုခံယူဖို့ ပြောချင်ပါတယ်။

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ