News

POST TYPE

INTERVIEW

ပြေတီဦးနဲ့ တွေ့ဆုံခြင်း
18-Jun-2018


“ကိုယ်လုပ်နိုင်တဲ့ပုံစံလည်းဖြစ်မယ်၊ ဇာတ်လမ်းအရလည်း ရိုက်သင့်တဲ့ပုံစံမျိုး ဖြစ်မယ်ဆိုရင်တော့ မိန်းမလျာဇာတ်ရုပ် ရိုက်ဖြစ်မှာပါ” 

နာမည်ကျော် သရုပ်ဆောင် ပြေတီဦးနဲ့ တွေ့ဆုံပြီး လက်ရှိ ရုံတင်ပြသနေတဲ့ “စိန်ယောက်မ” ရုပ်ရှင်အကြောင်း၊ မိန်းမလျာဇာတ်ရုပ်တွေ သိပ်မရိုက်ဖြစ်တဲ့အကြောင်းနဲ့ ပဲခူးရိုးမမှာသွားရိုက်ခဲ့တဲ့ “တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ” ရုပ်ရှင်အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : စိန်ယောက်မ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်းကနေ စပြီးပြောပြပေးပါဦး။
PTO : ဒီဇာတ်ကားမှာ ကျွန်တော်က မကြီးစိုးနဲ့ မမို့တို့ရဲ့ တစ်ဦးတည်းသော မောင်လေးပေါ့နော်။ သူတို့ နှစ်ယောက်ရဲ့ အုပ်ထိန်းမှုအောက်မှာနေရတယ်။ ကျွန်တော်တို့ရဲ့ ကြီးတော်ကြီးကတော့ ဒေါ်နွဲ့နွဲ့စန်းပေါ့။အစ်မတွေက မောင်ကို အရမ်းချစ်တဲ့အခါကျတော့ ဘယ်သူနဲ့မှ သဘောမတူဘူးပေါ့နော်။ ကျွန်တော်က မခိုင်လေးနဲ့ ချစ်သူတွေပေါ့။ မခိုင်လေးနဲ့ လက်ထပ်မယ်ဆိုပြီး အစ်မတွေကို ပြောတော့ သဘောမတူကြဘူး။ ယောက်မတော်ရမယ့်မခိုင်လေးကို အစ်မနှစ်ယောက်က ကျွန်တော့်ကွယ်ရာမှာ ပညာပေးကြတာပေါ့။ 

Voice : ဒီဇာတ်ကားမှာ အစ်မတွေက ကိုယ့်ချစ်သူနဲ့ သဘောတူဖို့အတွက် မိန်းမလျာ ယောင်ဟန်ဆောင်ပြီး လှည့်စားရတဲ့ အခန်းလေးပါတယ်နော်။ မိန်းမလျာ အက်တင်လုပ်တာလည်း တော်တော်ပီပြင်တယ်။
PTO : ဇာတ်လမ်းထဲမှာကိုက ဒီဇာတ်ကွက်ကပါနေတာပေါ့နော်။ ယောကျာ်းတွေကို စိတ်ဝင်စားတဲ့ အခြောက်ပုံစံမျိုးလေးလုပ်ပြရတာပေါ့။ အဲဒီဇာတ်ဝင်ခန်းလေးကို ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး မရိုက်ခင် အရင်စဉ်းစားတယ်။ ကိုယ်လုပ်တတ်သလိုလေး လုပ်ခဲ့တာ ပေါ့လေ။ ဒါရိုက်တာနဲ့လည်း တိုင်ပင်ပြီးတော့ လုပ်ခဲ့တာပါ။ ဒါရိုက်တာကိုယ်တိုင်ကလည်း ဓာတ်ခံရှိလို့လားမသိဘူး။ အသင်အပြကောင်းတယ်။ ဒါကတော့ ရယ်စရာအနေနဲ့ပြောတာပါ။

Voice : အစ်ကိုက မိန်းမလျာဇာတ်ရုပ်တွေ ရှောင်တယ်လို့လည်းကြားဖူးတယ်နော်။ ဘာကြောင့် ဖြစ်မလဲ။
PTO : ဒီကားမှာ မိန်းမလျာပုံစံလုပ်တာ အရမ်းပီပြင်တယ်လို့ပြောကြလို့စိတ်ထဲမှာတောင် တစ်မျိုးဖြစ်လာတယ်။ ဒီကားမရိုက်ခင် လမ်းလျှောက်ကျင့်တာတို့၊ ဘာတို့တော့ လုပ်ကြည့်ရတာပေါ့နော်။ ကျွန်တော်က မိန်းမလျာကာရိုက်တာ လုံးလုံးကြီး မရိုက်ဘူးရယ်လို့တော့ မဟုတ်ပါဘူး။ ဒီကားမှာဆို တစ်ကားလုံး မိန်းမလျာလုပ်ရတာ မဟုတ်ဘူးလေ။ နှစ်ခန်း၊ သုံးခန်းလောက်ပဲ လုပ်ရတာဆိုတော့ အရမ်းကြီး ပြဿနာမရှိပါဘူး။ အခြောက်ကာရိုက်တာက ကျွန်တော်နဲ့ မလိုက်လို့သာ မရိုက်ဖြစ်တာပါ။ အခြောက်ထဲမှာကိုက ကွဲပြားတဲ့ ပုံစံတွေအများကြီးရှိပါတယ်။ ကိုယ်လုပ်နိုင်တဲ့ပုံစံလည်းဖြစ်မယ်၊ ဇာတ်လမ်းအရလည်း ရိုက်သင့်တဲ့ ပုံစံမျိုး ဖြစ်မယ်ဆိုရင်တော့ မိန်းမလျာဇာတ်ရုပ်ရိုက်ဖြစ်မှာပါ။

Voice : ဒီကားပြီးရင် မင်းသမီး၊ မော်ဒယ်လ် အယောက် ၄၀ နဲ့ ရိုက်ကူးထားတဲ့ “တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ” ရုပ်ရှင်ရုံတင်မှာနော်။ အဲဒီကားအကြောင်းလည်း သိပါရစေ။
PTO : အဲ့ဒီဇာတ်ကားကလည်း ကျွန်တော်တို့ပါဝင်တဲ့ သရုပ်ဆောင်တွေ အားလုံးတော်တော်လေးကို ခက်ခက်ခဲခဲပင်ပင်ပန်းပန်းနဲ့ ရိုက်ခဲ့ရတဲ့ ဇာတ်ကားတစ်ကားပါ။ ကျွန်တော်တို့ သွားရိုက်တဲ့နေရာက ပဲခူးရိုးမရဲ့ အလယ်ကောင်တည့်တည့်မှာ ရှိတာပေါ့နော်။ အဲဒီနေရာက ဘယ်လောက်အထိခေါင်လဲဆိုရင် ဖုန်းလိုင်းလုံးဝကို မမီတော့ဘူး။ ရိုက်တဲ့သူတွေအတွက်တော့ အာရုံစိုက်လို့ပိုကောင်းတာပေါ့နော်။ ပါလာတဲ့ သရုပ်ဆောင်တွေ အကုန်လုံးက ဖုန်းတွေတစ်လုံးမှမမိတော့ အလုပ်မရှုပ်ရတော့ဘူးပေါ့။ ဒီကားရိုက်ခဲ့ရတာ အရမ်းလည်း ပင်ပန်းတယ်။ အရမ်းလည်း ခက်ခဲပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေ အကုန်လုံးက မညည်းမညူ ရိုက်ကူးပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

Voice : ပဲခူးရိုးမ အလယ်မှာတောင် သွားရိုက်ခဲ့တာဆိုတော့ ကိုယ့်အတွက် ဘယ်လိုအတွေ့အကြုံသစ်တွေရခဲ့လဲ။
PTO : ကျွန်တော်တို့စရောက်တဲ့ရက်ကဆို မင်းသမီးလေးတစ်ယောက်ကို ဘာကောင်လဲမသိဘူး ကိုက်လိုက်တယ်။ ခြေထောက်ကြီးကယောင်လာတော့ ညတွင်းချင်းကို ဆေးရုံရောက်သွားတယ်။ တစ်ဖွဲ့သားလုံးကလည်း သူ့ကိုစောင့်ရှောက်ပေးကြပါတယ်။ သူ့ကို ကိုက်သွားတဲ့ အကောင်က အဆိပ်တော့ရှိတယ်၊ အသက်အန္တရာယ် မပေးနိုင်တာကိုပဲ ကျေးဇူးတင်ရတာပေါ့။ အဲဒီကောင်မလေးဆို ဆက်တောင်မရိုက်ရဲတော့ဘဲ ရန်ကုန်ကို တန်းပြန်သွားတယ်။ အဲဒီလို အခက်အခဲလေးတွေ ပြဿနာလေးတွေတော့ ရှိခဲ့ပါတယ်။ 

Voice : ဒီကားမှာ ကိုပြေတီဦးရဲ့ ဇာတ်ကောင်စရိုက်ကရော ဘယ်လိုပုံစံမျိုးဖြစ်မလဲ။
PTO : ဒီကားမှာ ကျွန်တော်ရယ်၊ ကိုကျော်ရဲအောင်ရယ်၊ ဦးဗေလုဝရယ်က သူငယ်ချင်းသုံးယောက်ပေါ့။ သူငယ်ချင်းဆိုပေမယ့် ငယ်ငယ်ကတည်းက ပေါင်းခဲ့တဲ့သူတွေတော့မဟုတ်ဘူး။ တစ်နယ်စီကနေ မြို့ကို ရောက်လာတော့ အိမ်စုငှားနေရင်းနဲ့မှ သူငယ်ချင်းတွေ ဖြစ်သွားတာပေါ့။ သုံးယောက်လုံးက ရည်းစားတစ်ခါမှ မရဖူးကြဘူး။ အဲဒီမှာ ဘယ်သူအရင်ဆုံး မိန်းမရမလဲ၊ မိန်းမရသွားတဲ့သူရဲ့ အိမ်မှာ ကျန်တဲ့နှစ်ယောက်က အိမ်ဖော်လိုက် လုပ်ရမယ်ဆိုပြီး အလောင်းအစားလုပ်ကြတာပေါ့။ အဲဒီထဲမှာ ဦးဗေလုဝက ရည်းစားအရင်ရသွားတော့ ကျွန်တော်တို့ နှစ်ယောက်ခံရတာပေါ့။ ဇာတ်လမ်းအခြေခံကတော့ အဲဒါပါပဲ။

သန့်ဇင်ဦး