News

POST TYPE

INTERVIEW

နေခြည်ဦးနဲ့ တွေ့ဆုံခြင်း
17-Jun-2018


“နေခြည်တို့ နှစ်ယောက် ကြိုက်တာလည်း သိပ်မကြာသေးတဲ့အတွက် သူ့ဘက်ကတော့ သဝန်တိုမှုလေးတွေ ရှိတာပေါ့နော်”

လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ Beauty Blogger နေခြည်ဦးနဲ့တွေ့ဆုံပြီး လက်ရှိ ရိုက်ကူးနေတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ရိုက်ကွင်းအတွေ့အကြုံများနဲ့ အချစ်ရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ဧည့်သည် ရုပ်ရှင်ဇာတ်ကားကို ပထမအကြိမ် ငြင်းပြီးတော့မှ ဘာကြောင့် ပြန်လက်ခံခဲ့တာလဲ။
NCO : ဒီကားလေးက နေခြည့်အတွက်တင်မဟုတ်ဘဲ၊ လူငယ်တွေ တော်တော်များများနဲ့ တိုက်ဆိုင်တဲ့ ဇာတ်ကားလေးပါ။ ကိုယ်သရုပ်ဆောင်ရမယ့် ကာရိုက်တာကိုလည်း မလုပ်နိုင်မှာ အရမ်းစိုးရိမ်တယ်။ ဒီကားထဲမှာ နေခြည့်ကာရိုက်တာက သနားစရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ပရိသတ်တွေ ကိုယ့်ကို သနားလာအောင်လည်း သရုပ်ဆောင်ပြရမှာ ဖြစ်တဲ့အတွက် နေခြည်မလုပ်နိုင်မှာစိုးလို့ ငြင်းခဲ့တာပါ။ ဒါပေမဲ့ ဇာတ်ညွှန်းကို သေချာပြန်ဖတ်ကြည့်တဲ့အချိန်မှာ ကိုယ်နဲ့တိုက်ဆိုင်တဲ့ အကြောင်းအရာလေးတွေ ပါလာတယ်။ အဲ့ဒါကြောင့် စိတ်ဝင်စားပြီး ရိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ။

Voice : ဒီကားက သုံးပွင့်ဆိုင် လူငယ်အချစ်ဇာတ်လမ်းမျိုး ဖြစ်မယ်ထင်တယ်နော်။ ကိုယ်နဲ့ တိုက်ဆိုင်နေတယ်ဆိုတဲ့ အကြောင်းအရာတွေက ဘာတွေ ဖြစ်မလဲ။
NCO : ဒီဇာတ်ကားထဲမှာပါတဲ့ တချို့ အကြောင်း အရာတွေက နေခြည် အသက် ၂၀ ကျော် အရွယ် လောက်တုန်းက ကြုံခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီဇာတ်ကားက နေခြည့်အတွက် တိုက်ဆိုင်မှုတွေ အရမ်းများတယ်။ နေခြည်တစ်ယောက်တည်းတင် မဟုတ်ပါဘူး။ ရွှေထူးနဲ့ ရွှေမှုံမှာလည်း တိုက်ဆိုင်မှုတွေ ရှိပါတယ်။ အသက် ၂၀ ကျော်အရွယ် လူငယ်တွေမှာ ကြုံရလေ့ရှိတဲ့ အချစ်နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ရိုက်ပြထားတာပါ။ လူငယ်ပရိသတ်အများစု ခံစားလို့ရမယ့် ဇာတ်ကားလေးပါ။ 

Voice :ကိုယ့်ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဆိုတော့ အတွေ့အကြုံတွေလည်း ရှိသင့်သလောက်တော့ ရှိနေပြီပေါ့။
NCO : ဒီကားက နေခြည့်ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဆိုတော့ သရုပ်ဆောင်တဲ့အပိုင်းမှာ သိပ်မကြောင်တော့ဘူးပေါ့နော်။ ကိုယ်နဲ့တွဲရတဲ့ ရွှေထူးနဲ့ ရွှေမှုံကလည်း သရုပ်ဆောင် ကောင်းကြတော့ ကိုယ်တောင်သူတို့ကိုကြည့်ပြီး ပြန်သင်ယူရတာတွေရှိတယ်။ တချို့ငိုရတဲ့ အခန်းတွေမှာဆို နေခြည်က မျက်ရည်မထွက်ဘူး။ ရွှေထူးငိုတာကို ကြည့်ပြီးတော့မှ ကိုယ်ပါ မျက်ရည်ကျလာတာတွေ ရှိတယ်။ သုံးယောက်လုံးကလည်း လူငယ်တွေဆိုတော့ အလုပ်လုပ်ရတာ အရမ်းအဆင်ပြေပါတယ်။ 

Voice : နေခြည့်ရဲ့ Instagram မှာ ချစ်သူနဲ့ စုံတွဲပုံတင်ခဲ့တယ်နော်။ အချစ်ရေးကို Privacy အနေနဲ့ ထားတော့မယ်လို့ ပြောခဲ့ပြီးမှ ဘာကြောင့် ပုံတွေတင်ဖြစ်တာလဲ။
NCO : အဲ့ဒါကတော့ အပျော်လွန်ပြီး စုံတွဲပုံလေးကို Instagram မှာ တင်လိုက်တာပါ။ အခုတော့ အဲ့ဒီဂယက်လေးတွေ ရိုက်လာပြီပေါ့နော်။ နေခြည်ကကျတော့ ပျော်ပြီးတင်လိုက်တာပါ။ ကိုယ့်ပရိသတ်တွေလည်း သိစေချင်တာလည်း ပါပါတယ်။ အခုဆို မီဒီယာတွေကလည်း စိတ်ဝင်စားလာတော့ ပုံတင်ခဲ့တဲ့ ဂယက်ရဲ့ ရိုက်ခတ်မှုလေးတွေကို ခံနေရပါတယ်။ နေခြည်ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး Low Profile လေးပဲသွားနိုင်ဖို့ ကြိုးစားနေပါတယ်။

Voice : ကိုယ့်ချစ်သူက အပြင်လောကကလူ ဖြစ်နေတော့ ကိုယ့်အလုပ်သဘောသဘာဝကို နားလည်အောင် ဘယ်လိုရှင်းပြထားလဲ။
NCO : နေခြည်တို့နှစ်ယောက် ကြိုက်တာလည်း သိပ်မကြာသေးတဲ့အတွက် သူ့ဘက်ကတော့ သဝန်တိုမှုလေးတွေ ရှိတာပေါ့နော်။ သူ့အတွက်လည်း ပထမဆုံးဆိုတော့ တချို့ကိစ္စလေးတွေဆို သူ နားမလည်ပေးနိုင်တာလေးတွေ ရှိတယ်။ အဲ့ဒီအခါမှာ ညှိယူရပါတယ်။ သူက ညှိရတာလွယ်တဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် နေခြည်တို့နှစ်ယောက် အဆင်ပြေပါတယ်။

Voice : ဒီတစ်ခေါက် ကိုယ့်ရဲ့ Relationship ကိုရော တည်တံ့အောင် ဘယ်လိုထိန်းသိမ်းသွားမလဲ။
NCO : နေခြည်တို့ လူငယ်တွေမှာ Relationship တစ်ခုရှိလာပြီဆိုရင် ဇနီးလောင်း၊ ခင်ပွန်းလောင်း ရွေးကြတာပဲလေ။ နေခြည်တို့ အသက်အရွယ်ဆို ပိုဆိုးတယ်။ အသက် ၂၆၊ ၂၇ ဆိုတာက တည်တည်ငြိမ်ငြိမ် ဖြစ်သင့်တဲ့ အရွယ်တစ်ခုကို ရောက်နေပြီ။ နေခြည့်အနေနဲ့ကတော့ ကိုယ်နဲ့အဆင်ပြေပြေ လက်တွဲသွားလို့ရမယ့် သူမျိုးကိုပဲ ရှာတော့တယ်။ အရင်တုန်းကတော့ အသားဖြူတဲ့သူ၊ အရပ်ရှည်တဲ့သူ၊ ဆရာဝန်၊ အင်ဂျင်နီယာဆိုပြီး မှတ်ချက်တွေ စံနှုန်းတွေထားတယ်။ အခုချိန်မှာတော့ ကိုယ့်ကို နားလည်ပေးနိုင်တဲ့သူ၊ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ပံ့ပိုးပေးနိုင်တဲ့ သူမျိုးကိုပဲ နေခြည်ရွေးပါတယ်။ 

သန့်ဇင်ဦး


  • VIA