News

POST TYPE

INTERVIEW

စိုးမိုးကြည်နဲ့ တွေ့ဆုံခြင်း
10-Jun-2018


“ပရိသတ်ကိုယ့်ကိုချစ်အောင်၊ ကျေနပ်အောင် အနုပညာအစွမ်းအစကို ထုတ်ပြရမှာကတော့ ကိုယ့်ရဲ့တာဝန်ပဲလို့ ခံယူလိုက်ပါတယ်”

ဝါရင့်သရုပ်ဆောင် စိုးမိုးကြည်နဲ့တွေ့ဆုံပြီး အနုပညာလောက ဖြတ်သန်းမှုအမှတ်တရများ၊ အနုပညာ ခံယူချက်များနဲ့ မိသားစုဘဝအကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : မကြီးရဲ့ အနုပညာသက်တမ်းက ဘယ်လောက်ရှိနေပြီလဲ။
SMK : မကြီးရဲ့ အနုပညာသက်တမ်းကတော့ နှစ် ၂၀ ကျော်ပါပြီ။ ဒီလောကကိုစဝင်လာတုန်းကအစ်မက အစိမ်းသက်သက်ပဲ။ ဘာမှလည်းမသိဘူး။ မီးတွေ၊ မှန်တွေ ချိန်ထားတာကို ကြည့်ပြီးတော့ ကို လန့်နေတာ။ ကိုယ်စရိုက်ရတဲ့အခန်းက သမီးရေ ဧည့်သည်အတွက် ကော်ဖီလေးယူလာခဲ့လို့အမေကပြော တော့ သွားပို့ရတာပေါ့။ ရေနွေးဗန်းလေးကိုင်ပြီး ဝင်လာကတည်းကိုက လက်ကတုန်နေတာပေါ့။ လူက ဘာကို ကြောက်နေမှန်းလည်းမသိဘူး။ အစ်မတို့တုန်းက အခု ခေတ်လိုသရုပ်ဆောင်သင်တန်းတွေလည်း မရှိတော့ တကယ့်ကို အစိမ်းသက်သက်ပဲ။ သင်ဆရာ မြင်ဆရာ ကြားဆရာတွေဆီကနေ လေ့လာခဲ့ရတယ်။ ကိုယ့်ရဲ့ အလုပ်ကနေပဲ ကိုယ့်ကို ပြန်သင်ပေးသွားတာပေါ့။ အနုပညာ သက်တမ်း ၂၀ ကျော်ပေမယ့် အနုပညာနဲ့ ပတ်သက်လို့ ကတော့ သင်ယူစရာတွေကမကုန်သေးပါဘူး။ 

Voice : ကိုယ်ရိုက်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာရော ဘယ်ဇာတ်ကားတွေကအမှတ်တရရှိခဲ့လဲ။
SMK : အစ်မရိုက်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ ကိုရန်အောင်၊ မေသဉ္ဇာဦးတို့နဲ့ရိုက်ခဲ့တဲ့ “တသသ လွမ်းစေ” ဇာတ်ကားလေးကိုတော့ ကြိုက်တယ်။ ဒါရိုက်တာကတော့ ဦးမျိုးမင်းပါ။ နောက်ပြီးတော့ ဒါရိုက်တာအောင်ဗပါဝါ ရိုက်ခဲ့တဲ့ “တအူတုံဆင်း” ဇာတ်ကားပေါ့။ အဲ့ဒီကားမှာတော့ မင်းသားက ဟိန်းဝေယံပါ။ အမှတ်တရလေး တွေကတော့ ဇာတ်ကားတိုင်းမှာရှိပါတယ်။ ကိုယ့်ဘက်ကတော့ ကိုယ့်ကိုပေးလာတဲ့ ကာရိုက်တာတစ်ခုကို အမြဲတမ်းတာဝန်ကျေအောင် ကြိုးစားပါတယ်။ ကိုယ့်အနုပညာသက်တမ်းအတွင်းမှာပရိသတ်အသိအမှတ်ပြုခံခဲ့ရတဲ့ ဇာတ်ကားတွေ ရှိခဲ့တဲ့အပေါ်မှာလည်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဝမ်းသာပီတိဖြစ်ရပါတယ်။ 

Voice : ကိုယ်က တစ်ချိန်ကမင်းသမီး၊ လက်ရှိအချိန်မှာအမေခန်းတွေ ရိုက်နေရပြီဆိုတော့ ခံစားမှုက ဘယ်လိုရှိလဲ။
SMK : မကြီးတို့ကျတော့ အသက်အရွယ်အရ အမေခန်းရိုက်ရမယ့်အရွယ် ရောက်သွားတာပေါ့နော်။ သိပ်မကြာခင်မှာ အစ်မတို့က အဘွားနေရာကို ကူးရတော့မှာပါ။ နောက်တက်မင်းသမီးလေးတွေက အစ်မတို့အမေခန်းကို ကူးလာတော့မှာလေ။ တစ်ဆင့်၊ တစ်ဆင့်ပေါ့နော်။ အရင်တုန်းက မင်းသမီးနေရာရိုက်ခဲ့တယ်၊ အခုကတော့ အမေခန်းပေါ့၊ နောက်တစ်ခါကျရင် အဘွားခန်းပေါ့။ လက်ရှိရိုက်နေတဲ့ မင်းသမီးလေးတွေကလည်း အသစ်ကလေးတွေ ပေါ်လာရင် ရိုက်ရတဲ့ နေရာတွေ ပြောင်းလာမှာပဲလေ။ ကာလတွေ ရွေ့လျားလာသလို အစ်မတို့ရိုက်ရတဲ့ ကာရိုက်တာတွေကလည်း အပြောင်းအလဲရှိလာတာပေါ့။

Voice : အမေခန်းရိုက်တဲ့အခါမှာလည်း ဆင်းရဲတဲ့ အမေ၊ ချမ်းသာတဲ့ အမေ၊ စိတ်မနှံ့တဲ့အမေမျိုးစုံကိုရိုက်ရတယ်နော်။
SMK : အစ်မတို့ကို ကားရိုက်လာငှားကတည်းက ကိုယ်သရုပ်ဆောင်ရမယ့် ကာရိုက်တာကို သေချာသိအောင် မေးရတာပေါ့နော်။ ချမ်းသာတဲ့ အမေဆိုရင်လည်း သူ့ကာရိုက်တာက ဆိုးဆိုးဝါးဝါးလား၊ သိမ်သိမ်မွေ့မွေ့လေးလား၊ သားသမီးအပေါ်ကို ဘယ်လိုဆက်ဆံလဲမေးရတာပေါ့နော်။ အစ်မတို့က အလုပ်တစ်ခုကိုလုပ် မယ်ဆိုရင် ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာကိုယ်နားလည်မှ၊ ကိုယ်သိမှ လုပ်လို့ရမှာပေါ့နော်။ တကယ်လို့ သေချာ သဘောမပေါက်ဘူး၊ နားမလည်ဘူးဆိုရင် ရိုက်ရတာအဆင်မပြေဘူးပေါ့။ ဆင်းရဲသားဆိုရင်လည်း ဘယ်လောက်အထိ ဆင်းရဲလဲမေးရတာပေါ့။ အမေဇာတ်ရုပ်မှာမှ အစ်မကများသောအားဖြင့် သဘာဝဇာတ်ရုပ်တွေ ရိုက်ရတာများတယ်။ သားသမီးနဲ့ဗျာများ၊ စီးပွားရေးကအဆင်မပြေ၊ မိသားစုစည်းစည်းလုံးလုံး ပြန်ဖြစ်အောင်ကြိုးစားရ၊ အဲ့ဒီလိုပုံစံမျိုးတွေများတယ်။

Voice : အနုပညာသမားတစ်ယောက်ရဲ့ အောင်မြင်မှုမှတ်တိုင်ဖြစ်တဲ့ အကယ်ဒမီဆုကိုရော မျှော်လင့်ခဲ့တာမျိုးရှိလား။
SMK : အနုပညာသမားတစ်ယောက်အနေနဲ့ကတော့ ကိုယ့်ရဲ့မှတ်တိုင်တစ်ခုအနေနဲ့ အကယ်ဒမီဆုကို လိုချင်တာပေါ့နော်။ အနုပညာသက်တမ်းတစ်လျှောက်မှာ ရချင်ခဲ့ဖူးပါတယ်။ ဒီဆုလေးက အနုပညာသမားတိုင်းလည်း လိုချင်ကြတဲ့ဆုပါ။ ဒီဆုလေးရဖို့ သရုပ်ဆောင်တိုင်းက ကြိုးစားခဲ့ကြတာပါပဲ။ ဒါပေမဲ့ အကယ်ဒမီဆုရဖို့က ကိုယ့်ရဲ့ ကြိုးစားမှုအပြင် ကံတရားနဲ့လည်းဆိုင်တယ်လို့ပြောရမှာပေါ့နော်။ အရင်တုန်းကဇာတ်ပို့ဆုနဲ့ရမယ်လို့ အသံလေးတွေ ထွက်ခဲ့ဖူးပေမယ့် ရတော့မရခဲ့ဘူးပေါ့။ နောက်ပိုင်းကျတော့ အကယ်ဒမီကိုရရင်လည်း ယူလိုက်မယ်၊ မရရင်လည်းမယူတော့ဘူး၊ ပရိသတ်ကိုယ့်ကိုချစ်အောင်၊ ကျေနပ်အောင် အနုပညာအစွမ်းအစကို ထုတ်ပြရမှာကတော့ ကိုယ့်ရဲ့ တာဝန်ပဲလို့ခံယူလိုက်ပါတယ်။

Voice : မစိုးမိုးရဲ့ မိသားစုဘဝအကြောင်းလေးလည်း ပြောပြပေးပါဦး။
SMK : မိသားစုအကြောင်းကတော့ သမီးလေးက လောလောဆယ် အမေရိကမှာ ကျောင်းသွားတက်နေတယ်။ သားကတော့ ဒီနှစ်ဆယ်တန်းကို ဂုဏ်ထူးနှစ်ဘာသာနဲ့အောင်တယ်။ သူကလည်းသူ့အစ်မနောက်ကိုလိုက်ပြီး ပညာသင်မှာပေါ့။ အစ်မသားသမီးနှစ်ယောက်လုံးကတော့ အနုပညာကို အရမ်းဝါသနာမကြီးဘူး။ သမီးကတော့ သီချင်းဆိုတာ နည်းနည်းဝါသနာပါတယ်။ သားသားကတော့ သရုပ်ဆောင်လုပ်ဖို့ ပါတစ်ဝက်၊ မပါတစ်ဝက်ဖြစ်နေတယ်။ အစ်မရဲ့စိတ်ကတော့ သားသားကို မင်းသားဖြစ်စေချင်တယ်။ ဒါပေမဲ့ သူကလည်း ပညာရေးဘက်ကို သွားချင်တယ်ဆိုတော့ ခွင့်ပြုလိုက်ရတာပေါ့။

သန့်ဇင်ဦး