News

POST TYPE

INTERVIEW

လင်းလင်းနဲ့ တွေ့ဆုံခြင်း
08-Jun-2018 tagged as အနုပညာ



“ကိုယ်က ကျော်ကြားမှုကို လိုချင်တာလား၊ အောင်မြင်မှုကို လိုချင်တာလား ပြန်မေးရတယ်။ အဲ့ဒီနှစ်ခုကိုတော့ ကွဲကွဲပြားပြား သိစေချင်တယ်” 

နာမည်ကျော် တေးသံရှင်လင်းလင်းနဲ့တွေ့ဆုံပြီး ကျင်းပပြီးစီးသွားခဲ့တဲ့ The Voice Myanmar အဆိုပြိုင်ပွဲမှာ Team Lin Lin အဖွဲ့က ပြိုင်ပွဲဝင် ငွေစိုး Winner ဆုရရှိသွားတဲ့အပေါ် ခံစားမှု၊ Coach တစ်ယောက်အနေနဲ့ ပံ့ပိုးပေးရတဲ့အပိုင်းများနဲ့ ဂီတဝါသနာရှင်များအတွက် အကြံပြုစကားတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ကိုယ့်ရဲ့ Team က ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ကိုငွေစိုးက Winner ဆုရသွားတဲ့အပေါ် ဘယ်လိုခံစားမှုရှိလဲ။
LL : ကျွန်တော့်အမြင်ကတော့ ပြိုင်ပွဲရဲ့ သဘောတရားအရ Team တွေ သတ်မှတ်ရတာမျိုးတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်ကတော့ ငွေစိုးပဲရရ၊ ဘယ်သူပဲရရ ပျော်ပါတယ်။ ကျွန်တော်သူတို့ကိုလည်း သေချာမှာထားတယ်။ ကျွန်တော်တို့ ဂီတအနုပညာဆိုတာက ပြိုင်ကောင်းတဲ့အရာမဟုတ်ဘူးလေ။ ဂီတ အနုပညာမှာ ပထမဆုဆိုတာလည်း မရှိဘူး၊ ပန်းတိုင်ဆိုတာလည်း မရှိဘူး။ ပြိုင်ပွဲဆိုတာက အတွေ့အကြုံတွေ လာယူကြတာပါ။ ဒါက ဘဝမဟုတ်ဘူး။ ကျွန်တော့် Team ဆုရသွားတယ်ဆိုတာထက် The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ဆုရသွားတဲ့ ငွေစိုးအတွက် ဝမ်းသာတယ်၊ ပျော်တယ်လို့ပဲ ပြောချင်ပါတယ်။

Voice : ငွေစိုးက Winner Song အဖြစ် ထူးအိမ်သင်ရဲ့ “ရာဇဝင်များရဲ့ သတို့သမီး” သီချင်းကို ရွေးခဲ့တဲ့အပေါ် ဘယ်လိုမြင်မိလဲ။
LL : အမှန်အတိုင်း ဝန်ခံရရင် Final မတိုင်ခင် သုံးလေးရက်လောက်အထိ ကျွန်တော် အိပ်မရခဲ့ဘူး။ ကိုယ့်ရဲ့ One Man Show လုပ်တုန်းကတောင် ဒီလောက်စိတ်မပူခဲ့ဘူး။ ဒီသီချင်းကို ငွေစိုးရဲ့ Winner Song အဖြစ် ပြင်ဆင်ပေးတဲ့နေရာမှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ်။ ဒီပြိုင်ပွဲအတွက် မဟုတ်ဘူး။ ကျွန်တော်တို့သီချင်းတွေ၊ ဂီတအနုပညာတွေဆိုတာက ၂၄ နာရီလုံး တဏှာရူးနေလို့မရဘူး၊ ဖွန်ကြောင်နေလို့မရဘူး။ ကျွန်တော်တို့ နေထိုင်နေတဲ့ ဝန်းကျင်၊ ကျွန်တော်တို့အသိုင်းအဝိုင်း၊ လူမှုနိုင်ငံ၊ ကိုယ်လုပ်နေတဲ့ ဂီတအနုပညာလောကအတွက် ဘယ်လိုမျိုးလုပ်ပေးခွင့်ရမလဲဆိုတာ စဉ်းစားသင့်တယ်။ တစ်ရက် ၂၄ နာရီမှာ နည်းနည်းလောက်တော့ ဒီအိပ်မက်တွေကို အကောင်အထည်ဖော်သင့်ပါတယ်။ အဲ့ဒီရည်ရွယ်ချက်တစ်ခုနဲ့ပဲ ကျွန်တော်တို့ လုပ်ခဲ့တာပါ။

Voice : ဒီသီချင်းကို ငွေစိုး ပြန်ဆိုဖို့အတွက် ကိုလင်းက ဘယ်လို Arrangement လုပ်ပေးခဲ့ရလဲ။
LL : ဒီသီချင်းက ကျွန်တော်တို့နိုင်ငံမှာ ဘယ်တော့မှ နောက်တစ်ယောက် ထပ်မပေါ်လာနိုင်တော့တဲ့ ဦးငှက် (ထူးအိမ်သင်) ရဲ့သီချင်းပါ။ ငွေစိုး ပြန်ဆိုတဲ့အခါမှာလည်း သူနိုင်သလောက်၊ သူ့ခွန်သူ့အားလေးနဲ့ ဒီသီချင်းက ပေးချင်တဲ့ Message တစ်ပိုင်းတစ်စကို သယ်ဆောင်ပေးတဲ့ သဘောပါပဲ။ အဲ့ဒီ သဘောတစ်ခုနဲ့ ကျွန်တော်တို့ လုပ်တာပေါ့နော်။ ဒီသီချင်းကို ကျွန်တော်တို့ ပြန်လုပ်မယ်ဆိုတော့ ဆရာငှက်ရဲ့ ဇနီးက လိုလိုလားလားနဲ့ ခွင့်ပြုပေးတယ်။ သမီးလေး မိကွန်ထောကလည်း ဝမ်းပန်းတသာ ရှိခဲ့တယ်။ ဒီသီချင်းကို ပိုကြွသွားအောင် အဓိက ပံ့ပိုးပေးခဲ့တာက အတီးသမားတွေပါ။ အမှတ်စဉ်ရေရင် ကျွန်တော်က နောက်ဆုံးကပဲ။ သူတို့က စိတ်ထဲက နှစ်နှစ်ကာကာနဲ့ အကောင်းဆုံးတီးပေးခဲ့ကြပါတယ်။

Voice : The Voice Myanmar သီချင်းဆိုပြိုင်ပွဲ Season 2 မှာရော ကိုလင်းကို Coach တစ်ယောက်အနေနဲ့ ထပ်မြင်ရဦးမလား။
LL : နောက်ထပ် Season မှာ Coach အဖြစ် ပါဝင်ဖို့ကတော့ မသေချာသေးပါဘူး။ ကျွန်တော် စဉ်းစားပါဦးမယ်။ ကိုယ်က တာဝန်ယူပြီး လုပ်ပြီဆိုရင် ပေါ့ပြက်ပြက်လည်း လုပ်လို့မရဘူးလေ။ ပြီးစလွယ်လည်း လုပ်လို့မရဘူး။ ပြိုင်ပွဲအတွက် ပေးရတဲ့အချိန်က ကျွန်တော်အစက ထင်ထားတာထက် တော်တော်များတယ်။ သူတို့က အချိန်ပိုတောင်းတာတော့ မဟုတ်ဘူး။ လုပ်ပြီဆိုရင်တော့ ကိုယ်တိုင်က စိတ်နှစ်ပြီးတော့ လုပ်ခဲ့တာ များတယ်။ ပြိုင်ပွဲအတွက် အချိန်တွေ ပေးလိုက်ရတော့ တစ်ကိုယ်တော်ခွေအတွက် ပေးရမယ့်ရက်တွေကို နောက်ဆုတ်လိုက်ရတာတွေရှိတယ်။ ကျွန်တော်စဉ်းတော့ စဉ်းစားဦးမယ်။

Voice : သီချင်းဆိုပြိုင်ပွဲတွေကို ဝင်ပြိုင်ချင်တဲ့ လူငယ်တွေအတွက် ဘယ်လိုအကြံပြုစကား ဆိုချင်သေးလဲ။
LL : တချို့ကလေးတွေက သီချင်းဆိုပြိုင်ပွဲတစ်ခုကို ရုတ်တရက် ဝင်ပြိုင်လိုက်တယ်။ ပြိုင်ပွဲကနေတစ်ဆင့် ကျော်ကြားမှုရတယ်။ အောင်မြင်တာမဟုတ်ဘူးနော်။ အဲ့ဒီ ကျော်ကြားမှုကို ကလေးတွေက ဘဝလို့ ထင်သွားတာတွေရှိတယ်။ အဲ့ဒါက သူတို့အပြစ်တော့ မဟုတ်ဘူး။ ကျွန်တော်တို့ကိုယ်တိုင်လည်း အဲ့ဒီ အခိုက်အတန့်ကို ခက်ခက်ခဲခဲ ကျော်လွှားခဲ့ရတယ်။ ကိုလေးဖြူ ခွေထဲမှာသီချင်းရေးတဲ့ တေးရေး လင်းလင်းဆိုပြီး ဖြစ်နေတုန်းက ကိုယ့်ဟာကိုယ် ဖင်ခေါင်းကျယ်ပြီး ဆရာကြီးအထာနဲ့လက်ဖက်ရည်ဆိုင်ဘာထိုင်ပေါ့နော်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဖြစ်ခဲ့ပါတယ်။ အဲ့ဒီလိုမျိုးဖြစ်တဲ့အချိန်မှာ ကိုယ့်ဟာကိုယ် ပြန်ဆွဲချရတယ်။ တကယ့်အဖြေက ဘာလဲပေါ့။ ကိုယ်က ကျော်ကြားမှုကို လိုချင်တာလား၊ အောင်မြင်မှုကို လိုချင်တာလား ပြန်မေးရတယ်။ အဲ့ဒီနှစ်ခုကိုတော့ ကွဲကွဲပြားပြား သိစေချင်တယ်။

သန့်ဇင်ဦး