News

POST TYPE

INTERVIEW

Horizon International School တာဝန်ရှိသူ Mr.Shahriyor Turgunov နှင့်တွေ့ဆုံခြင်း
24-Jul-2016

တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှုများအပြီးတူရကီအစိုးရက နောက်ကွယ်မှ ကြိုးကိုင်သူများကို ဖော်ထုတ်ရာတွင် FETO – Felhullah Gulen Terrorist Organization ဖသူလ္လာဂူလန် အကြမ်းဖက် အဖွဲ့အစည်းက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း တူရကီအစိုးရက ကြေညာခဲ့သည်။ အစွပ်စွဲခံ ထိုအဖွဲ့၏ စီးပွားရေး ကွန်ရက်များ ချိတ်ဆက်ထားရာတွင် မြန်မာနိုင်ငံရှိ Horizon International School အပါအဝင် ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ Horizon International School ၏ Director of Studies ဖြစ်သူ ဥဇဘက်ကစ္စတန်နိုင်ငံသား Mr.Shahriyor Turgunov နှင့် The Voice တို့ တွေ့ဆုံမေးမြန်း ထားသည်များကို ကောက်နုတ် ဖော်ပြ လိုက်ပါသည်။


Voiceး Horizon School ဟာ တူရကီနိုင်ငံ စစ်အာဏာသိမ်းမှု နောက်ကွယ်က ပါဝင်တယ်ဆိုတဲ့ အစွပ်စွဲခံ FETO အကြမ်းဖက် အဖွဲ့ရဲ့ စီးပွားရေး ကွန်ရက် ဖြန့်ကြက် ချိတ်ဆက်မှုတွေထဲက တစ်ခုဖြစ်တယ်ဆိုတာ ဟုတ်ပါသလား။

Mr.STး ဒါ မဟုတ်ပါဘူး။ အဖြေကတော့ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဘယ်အဖွဲ့အစည်း၊ ဘယ် ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းနဲ့မှ သက်ဆိုင်ခြင်း မရှိဘူး။ တချို့တွေ ပြောနေသလို အဖွဲ့အစည်းပေါင်း များစွာ ရှိတယ်။ အဲဒီလို အဖွဲ့အစည်းပေါင်း များစွာ ရှိတာနဲ့လည်း တစ်ခုမှ သက်ဆိုင်ခြင်း မရှိဘဲနဲ့ သီးသီးသန့်သန့် မြန်မာနိုင်ငံအတွက်ကို ကောင်းမွန်တဲ့ ပညာရေးပေးနေတဲ့ နိုင်ငံတကာကျောင်း တစ်ခု ဖြစ်ပါတယ်။

Voiceး သတင်းတွေအရ အစွပ်စွဲခံရတဲ့ ဒီအကြမ်းဖက်အဖွဲ့အစည်းကနေ ချိတ်ဆက်ထားတဲ့ အဖွဲ့အစည်းလို့ သိထားရတာဆိုတော့ ဒီကျောင်းဘက်ကနေ စတင် ချိတ်ဆက်တာ မဟုတ်တာလား။ ဒါမှမဟုတ် သူတို့ဘက်ကနေ ချိတ်ဆက်တာ မဟုတ်တာလား။

Mr.STး ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်ဖြစ်တဲ့ ကျောင်းဘက်ကရော သူတို့ဘက်ကရော ဘာမှ ချိတ်ဆက်ဖို့ဆိုတာ နည်းလမ်းလည်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ကိုယ့်ဘာသာ ရပ်တည်နေတဲ့ လူတွေ ဖြစ်တယ်။ ကျောင်းကလည်း ကိုယ့်ဘာသာ ပြည်တွင်းမှာပဲ နိုင်ငံတကာ ကျောင်းအဖြစ် ဖွင့်ထားတာ ဖြစ်တယ်။ ကျွန်တော်တို့က နိုင်ငံတကာမှာ လုပ်တဲ့ ဘယ်အစည်းအဝေး၊ ဘယ်ညီလာခံမှ တခြား အစည်းအရုံးတွေက လုပ်တဲ့ဟာတွေမှာ ကျွန်တော်တို့ ဝင်ရောက် စွက်ဖက်ခြင်းလည်း မရှိဘူး။ သွားပြီး တက်ရောက်တာလည်း မရှိဘူး။ ကျွန်တော်တို့က ကိုယ်ပိုင် သီးသန့် မြန်မာနိုင်ငံမှာရှိတဲ့ ပညာရေးကို ပေးနေတဲ့ မှတ်ပုံတင်ထားတဲ့ ပြည်တွင်းကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ ပြည်တွင်းက ကျောင်းသား၊ ကျောင်းသူတွေကို စာသင်ပေးနေတဲ့ နိုင်ငံတကာနဲ့လည်း သွားပြီး ချိတ်ဆက်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ဒါကြောင့် ဘယ်ဘက် ဘယ်ဘက်ကမှ ချိတ်ဆက်တာ မရှိပါဘူး။

Voiceး စီးပွားရေးအရ ဘဏ္ဍာရေးအရ ထောက်ပံ့ပေးမှုရော ရှိသလား။ ဒီကျောင်းအနေနဲ့ တိုက်ရိုက် မဟုတ်ရင်တောင် သွယ်ဝိုက်ပေးနေတာရော ရှိပါသလား။

Mr.STး လုံးဝ ကျိန်းသေပါတယ်။ လုံးဝ မရှိပါဘူး။ ကျွန်တော်တို့ ကျောင်းအနေနဲ့ ခုနပြောသလို ပြည်တွင်းမှာ လုပ်နေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တယ်။ ကျောင်း တစ်ခုဖြစ်တယ်။ အဲဒါကြောင့် သွယ်ဝိုက်သော နည်းလမ်းနဲ့ဖြစ်စေ၊ တခြားသော တိုက်ရိုက် နည်းလမ်းနဲ့ဖြစ်စေ၊ ကျွန်တော်တို့က ဘယ်အဖွဲ့အစည်းကိုမှ ဘယ်လူ့ကိုမှ ပြည်တွင်းမှာဖြစ်ဖြစ်၊ ပြည်ပမှာဖြစ်ဖြစ် ကူညီပြီး ထောက်ပံ့ပေးတာ မရှိပါဘူး။ အခုနပြောသလို တူရကီက အစိုးရအနေနဲ့ သတင်းတွေ လွှင့်တယ်။ သူတို့ နိုင်ငံအတွင်းမှာ ဘယ်အဖွဲ့အစည်းတွေက ထောက်ပံ့နေတယ်ဆိုတာ၊ သူတို့မှာ တကယ် သက်သေတွေလည်း မရှိဘူး။ ဒီလိုပဲ ပြောနေကြတဲ့ အထဲမှာမှ ကျွန်တော်တို့ကျောင်း အနေနဲ့ ပြောချင်တာက ဘယ်သူ့ ဘယ်သူနဲ့မှ ပတ်သက်ခြင်း မရှိပါဘူး။ သွယ်ဝိုက်ဖြစ်ဖြစ်၊ တည့်တည့်ဖြစ်ဖြစ် ဒီအဖွဲ့အစည်းတွေနဲ့ ဘယ်တုန်းကမှ မရှိခဲ့ဘူး။

Voiceး ဒီကျောင်းက လူစုဆောင်းတဲ့နေရာ ဆိုတာမျိုး အဓိပ္ပာယ်ရှိတဲ့၊ ယူဆရတဲ့ စကားတွေ တစ်ဖက်က ကြားရတဲ့အခါ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ကျောင်းဘက်ကနေ ရှင်းရှင်းလင်းလင်း သတင်းစကား တစ်ခု ပါးစေချင်တယ်။ အဲဒီတော့ ဘာများ ပြောဖို့ ရှိမလဲ။

Mr.STး ဒီကိစ္စနဲ့ပတ်သက်ပြီး အခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျောင်းတွေ ဖွင့်ထားတယ်။ နိုင်ငံတကာ ကျောင်းတွေ ဖွင့်ထားတဲ့အချိန်မှာ ကျွန်တော်တို့က တံခါးတွေ အားလုံး ဖွင့်ထားတယ်။ အဲဒီကျောင်း တံခါးတွေမှာ ဝင်ရောက်ပြီးတော့ စုံစမ်းစစ်ဆေးလို့ ရတယ်။ မည်သူမဆိုဝင်ရောက်ကြည့်ရှုလို့ရတယ်။ ကျွန်တော်တို့ ကျောင်းက ပညာရေးက လွဲပြီးတော့ ဘယ်အရာကိုမှ လုပ်ဆောင်နေခြင်း မရှိပါဘူး။ ကျွန်တော်တို့က ဘာသာရေးကျောင်းလည်း မဟုတ်ဘူး။ ဒီလို လူစုဆောင်းတယ် ဆိုတဲ့စကားမျိုး ထွက်လာတယ် ဆိုတာလည်း တော်တော်ကို အံ့သြပါတယ်။ ကျောင်းဖြစ်တဲ့အတွက်ကြောင့် စုံစမ်းချင်တဲ့သူတွေ ရှိရင်လည်း ပွင့်ပွင့်လင်းလင်း မေးမြန်းလို့ ရပါတယ်။ ဘာမှ ကွယ်ဝှက်စရာလည်း မရှိဘူး။ မြန်မာနိုင်ငံမှာလည်း ကျွန်တော်တို့ ကျောင်းဖွင့်လာတာ တော်တော်လည်း ကြာပြီ။ အစိုးရ အဆက်ဆက်မှာလည်း ဆက် တိုက် ဖွင့်လာခဲ့တယ်။ အဲဒါကြောင့် ဒီကျောင်းဖွင့်တာနဲ့ ပတ်သက်ပြီးတော့ အဲဒါကလွဲရင် မည်သည့် အဖွဲ့အစည်းနဲ့မှ ဘယ်လူနဲ့မှ ဆက်သွယ်တာ၊ အဲဒီလိုလုပ်တာ မရှိဘူး။

Voiceး ကျောင်း ရည်ရွယ်ချက်က ပညာရေး ပေးဖို့။ ဒါပေမဲ့ အပြင်မှာ သတင်း ထွက်နေတာက မွတ်ဆလင် အသိုင်းအဝိုင်းအတွက် ဆိုတာမျိုး ဖြစ်နေတယ်။ အဲဒီအပေါ်မှာ ကျောင်းဘက်ကနေ ဘာပြောချင်ပါသလဲ။

Mr.STး ကျွန်တော်တို့က ကျောင်းတစ်ကျောင်း ဖွင့်ပြီဆိုတာနဲ့ ကျောင်းသား တစ်ယောက်က ကျောင်း လာအပ်လိုက်တယ်။ အဲဒီတော့ ဒီကျောင်းလာအပ်တဲ့ ကျောင်းသားကို ဘယ်ဘာသာ ကိုးကွယ်လဲ၊ အဲဒီလို ရွေးချယ်ပြီးတော့ ကျောင်းအပ် လက်ခံပိုင်ခွင့် ရှိမလားဆိုတာ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါ။ မြန်မာပြည်မှာ ရှိတယ်။ အများအားဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့လူတွေ ရှိကြတယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့လူက ထားပါတော့ ၉၇ ရာခိုင်နှုန်း၊ ၉၅ ရာခိုင်နှုန်းရှိရင် အများစု ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူတွေ တက်စေချင်တာ။ ဒါပေမဲ့ ဒါက ကျောင်းသားတွေရဲ့ ရွေးချယ်မှုပဲ။ ဒီကျောင်းကို လာတယ်ဆိုတာ သူတို့ ကြိုက်လို့ လာတက်ကြတယ်။ ဘယ်နိုင်ငံသားမဆို၊ ဘယ်ဘာသာ ကိုးကွယ်သူမဆို ကျွန်တော်တို့က ကိုယ့်ကျောင်းသား ဖြစ်လာရင် လက်ခံရမှာပဲ။ ကျွန်တော်တို့မှာ ဘာသာပေါင်းစုံက မွတ်ဆလင် ရှိမယ်၊ ဗုဒ္ဓဘာသာ ရှိမယ်၊ ခရစ်ယာန် ရှိမယ်၊ ဟိန္ဒူ ရှိမယ်၊ အစုံ ရှိတယ်။ တစ်ခု ပြောချင်တာ ဘာသာရေးကျောင်းလည်း မဟုတ်ဘူး။ ဘာသာရေးနဲ့ ဆက်နွှယ်တဲ့ ကျောင်းလည်း မဟုတ်ဘူး။ အဲဒီတော့ လူမျိုး ပေါင်းစုံ၊ ဘာသာ ပေါင်းစုံက လာတက်တဲ့အခါ ကျွန်တော်တို့က ကျောင်းက လက်ခံတာပဲ။ မွတ်ဆလင်ကျောင်း ဆိုတာမျိုးကို လုံးဝ လက် မခံပါဘူး။

နောက်တစ်ခု ကျွန်တော်က အရင်နှစ်တွေက မန္တလေးမှာ ကျောင်းအုပ်အနေနဲ့ အလုပ် လုပ်လာတယ်။ အဲဒီမှာ အများအားဖြင့် မန္တလေးမှာ သိတဲ့အတိုင်းက ပြည်တွင်းမှာ နေတဲ့ တရုတ်လူမျိုးတွေ များတယ်။ အဲဒီတော့ အများအားဖြင့် အဲဒီတရုတ်လူမျိုးတွေ များတယ်။ ပြီးရင် အတန်းထဲမှာ ဟိန္ဒူ ရှိတယ်၊ မွတ်ဆလင်ဆိုရင် အဲဒီမှာ နှစ်ယောက်၊ သုံးယောက်ပဲ ရှိတယ်။ ဗုဒ္ဓဘာသာ ကလေးတွေလည်း ရှိတယ်။ အဲဒီတော့ ကျောင်းဆရာ တစ်ယောက်၊ ကျောင်း တစ်ကျောင်းအနေနဲ့ မွတ်ဆလင်ကတော့ ဒီဘက်မှာနေ၊ ဗုဒ္ဓဘာသာကတော့ အဲဒီဘက်မှာနေ အဲဒီလို ပြောလို့ မရဘူး။ အဲဒါက ကျောင်းသားတွေ ရွေးချယ်မှုနဲ့ ကိုယ့်ကျောင်းကို လာအပ်တဲ့ လူမျိုး မရွေး၊ ဘာသာ မရွေး ကိုယ့်ကျောင်း လာအပ်တာကို အမြဲတမ်း ကြိုဆို လက်ခံရမှာပေါ့။ အဲဒါကြောင့် မွတ်ဆလင်ကျောင်း ဆိုတာမျိုးက မှားယွင်းနေတယ်။ အားလုံးကို ပညာရေး ဝန်ဆောင်မှု ပေးတဲ့အခါ ကျွန်တော်တို့က အားလုံးကို တစ်တန်းတစ်စားတည်း လက်ခံရမှာပဲ။

Voiceး ဒီနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ တူရကီသံရုံးက သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်။ ကျောင်းကို တစ်ခုခု လာပြောတာမျိုး ရှိလား။

Mr.STး ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ တူရကီနိုင်ငံ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ဒီကျောင်းနဲ့ ပတ်သက်တယ် ဆိုတာမျိုးကို သံရုံးဘက်က မပြောခဲ့ပါဘူး။ ဒီကျောင်းရဲ့ အကြောင်းကို သတင်းထောက် တစ်ယောက်က မေးခွန်း မေးတာတော့ ရှိတယ်။ သံရုံးဘက်က ဘာမှ မဖြေခဲ့ဘူး။ ထုတ်ဖော်ပြောတာမျိုး မရှိပါဘူး။

Voiceး မြန်မာအစိုးရဘက်က ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ ဖော်ထုတ်မှုတွေ လုပ်ပြီး တစ်ခုခု တွေ့တာ ရှိခဲ့ရင် အရေးယူမှု ရှိလာမယ်ဆိုရင် ကျောင်းအနေနဲ့ ဘာဆက်လုပ်ဖို့ ရှိလဲ။

Mr.STး တကယ်လို့ အဲ့လိုမျိုးတွေ ဖြစ်ခဲ့တယ်ဆိုရင် မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို လိုက်နာ ဆောင်ရွက် သွားမှာပါ။ ခင်ဗျားတို့ လာမေးတာတောင် နောက်ကျနေသေးတယ်။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက မြန်မာ အစိုးရဘက်က လာစုံစမ်း မေးမြန်းတာတွေ ရှိထားပြီးပါပြီ။ ကျွန်တော်တို့ဘက်ကလည်း သူတို့ လိုအပ်တာ မှန်သမျှကို ပူးပေါင်း ဆောင်ရွက် ခဲ့ပါတယ်။

Voiceး ဘာတွေ မေးတာလဲ။

Mr.STး မြန်မာ အစိုးရအဖွဲ့ကနေ ဘာမေးလဲဆိုတော့ ယေဘုယျဖြစ်တဲ့ ကျောင်းသားဦးရေ ဘယ်လောက်ရှိလဲ။ ကျောင်းလခ ဘယ်လောက်လဲ။ ပြီးရင် ကျောင်းကိုစဖွင့်တာ ဘယ်အချိန်လောက်က စဖွင့်လဲ။ ဘယ်ဘာသာရပ်တွေ သင်ကြားလဲ။ ဆရာ၊ ဆရာမ ဦးရေ ဘယ်လောက်ရှိသလဲ။ ဒါမျိုးတွေကို အကုန်မေးတယ်။ Campus တိုင်းကိုပေါ့။ ကျွန်တော်တို့ အရမ်း အံ့သြတာကတော့ ကျွန်တော်တို့ကျောင်း ဦးဆောင်သူကတော့ တူရကီကပေါ့။ ဘယ်သူက တူရကီကျောင်းဆိုပြီးတော့ အဲဒီလို အရမ်းကြီး ထည့်သွင်း ရေးသားတာရှိလဲ ဆိုတာကတော့ နားမလည်ဘူး။ ကျွန်တော်တို့က နိုင်ငံတကာကျောင်းဆိုတော့ နိုင်ငံတကာက လူတွေနဲ့ ဖွဲ့စည်းထားတာ။ ဥပမာ - ဒီကျောင်းမှာဆိုရင် နိုင်ငံခြားသား ဆရာ၊ ဆရာမ ၂၆ ဦး ရှိတယ်။ အဲဒီထဲကမှ တူရကီ ဆရာ၊ ဆရာမ ငါးဦး ရှိတယ်။ ကျန်တာက အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ တရုတ် အစုံရှိတယ်။ ပြီးတော့ ဒေသတွင်း ဆရာတွေလည်း အများကြီးပဲ။ အဲဒီလို နိုင်ငံတကာက လူတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျောင်း တစ်ကျောင်းကို အများစု သိနေကြတာက တူရကီကျောင်းလို့ သိနေကြတာ။ အမှန်က တူရကီလူမျိုးက ဆရာတွေနဲ့ ဘယ်လောက်မှ မရှိဘူး။ တစ်ခုရှိတာက အုပ်ချုပ်သူအနေနဲ့ တူရကီ လူမျိုးဖြစ်နေတာ တစ်ခုတော့ ရှိတယ်။ နိုင်ငံတကာ လူတွေနဲ့ ဖွဲ့စည်းထားတာ။ အမြဲတမ်း ရေးလိုက်ရင် အဲဒီလို တွေ့နေရတာ ဒါတစ်ခုကိုတော့ ဘဝင် မကျဘူး။

Voiceး အခုလို အဖြေတွေကို မယုံကြည်တဲ့ သူတွေလည်း ရှိနိုင်တယ်။ မယုံကြည်ဘူး ဆိုရင်ရော ဘာပြောချင်လဲ။

Mr.STး ဒီကိစ္စကို မယုံတဲ့သူတွေကို ဘာပြောချင်လဲဆိုတော့ ကျွန်တော်ကျောင်းမှာ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ပြီးရင် ဦးတည်ချက်တွေ ရှိတယ်။ ဆရာ၊ ဆရာမကအစ ကျောင်းသူကျောင်းသားတွေအထိ ဆရာ၊ ဆရာမတွေဆိုရင် အလုပ်ဝင်ကတည်းက ပါတီ နိုင်ငံရေး ကင်းရှင်းရမယ်။ ဘာသာရေး လှုံ့ဆော်မှုတွေ ကင်းရှင်းရမယ်။ မူးယစ်တွေ ကင်းရှင်းရမယ် ဆိုတာတွေ ပါတယ်။ အဲ့သုံးမျိုးကိုေ ရှာင်ရှားနိုင်တဲ့ သူမျိုးတွေကို အလုပ် ခန့်အပ်တယ်။

ကျွန်တော်တို့ရဲ့ ကျောင်းသား ကျောင်းသူတွေ ဆရာ၊ ဆရာမတွေ အုပ်ချုပ်မှုပိုင်းက လူတွေအထိ ပါတီ နိုင်ငံရေးမှာ ပါဝင်ခြင်း မရှိပါဘူး၊ ဘယ်လို အဖွဲ့အစည်းမျိုးနဲ့မှလည်း ပတ်သက်မှု မရှိဘူး၊ ကိုယ့်ဘာသာ ရပ်တည်နေတဲ့ ကျောင်းဖြစ်တဲ့အတွက် ကိုယ့်ကို ၁ဝဝ ရာခိုင်နှုန်းအပြည့် ယုံကြည်မှု ရှိပါတယ်။ ဆရာ၊ ဆရာမတွေက နိုင်ငံတကာက လာကြတယ်။ ဘာသာမျိုးစုံလည်း ပါတယ်။ သူတို့ကျောင်းပြီးလို့ သူတို့နိုင်ငံ ပြန်လို့ ဘယ်လို အဖွဲ့အစည်း ထောက်ပံ့တယ်၊ အဖွဲ့ဝင်ဖြစ်လည်း ဆိုတာတော့ ကျွန်တော်လည်း မသိနိုင်ဘူးလေ။ ဒီကျောင်းထဲ ရှိနေတဲ့အချိန်မှာ ဒါမျိုးတွေ ကင်းရှင်းနေတယ် ဆိုတာကို ကျွန်တော် ပြောနိုင်ပါတယ်။

Voiceး ဒီလိုအသံတွေလည်း ထွက်ပေါ်နေတယ်။ တချို့ ကျောင်းသား မိဘတွေကလည်း စိုးရိမ်နေကြတယ် ဆိုတော့ ဒါနဲ့ပတ်သက်ပြီး နောက်ဆုံးအနေနဲ့ ဘာများ ထပ်ပြောချင်လဲ။

Mr.STး အားလုံးကို ပြောချင်တာ မိဘတွေကိုရော စိုးရိမ်စရာ မရှိပါဘူး။ ဒီသတင်းဟာ လူတိုင်း ပါးစပ်ကနေ ပြောလို့ ရနိုင်တဲ့ သတင်းဖြစ်တယ်။ သတင်းရင်းမြစ်တွေ ပြန်ရှာကြည့်တော့လည်း ရှာလို့ မတွေ့တဲ့ သတင်းမျိုး ဖြစ်နေပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ကျောင်းအနေနဲ့ စိုးရိမ်ပူပန်မှု မရှိဘူး။ ကျောင်းကို မည်သူမဆို ကျောင်းသား မိဘတွေရော အစိုးရဘက်ကရော စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ပါတယ်။ ဘာတစ်ခုမှလည်း အမှား လုပ်ထားတာ မရှိသလို လုပ်ဆောင်ချက် အားလုံး အမှန်တွေချည်းပဲ ဖြစ်တဲ့အတွက် ကျောင်းရဲ့ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ။

Voiceး အချိန်ပေးပြီး ခုလို ပြန်ဖြေပေးတာ ကျေးဇူးတင်ပါတယ်။

နေဇာကျော်၊ အောင်သီဟထွန်း

  • VIA