POST TYPE

INTERVIEW

The Voice Myanmar Winner ဆုရှင်ငွေစိုးနဲ့ တွေ့ဆုံခြင်း
05-Jun-2018



“ကျွန်တော်က သူများတွေထက်စာရင် ကံပိုကောင်းလို့ ဆုရတယ်လို့ မြင်ပါတယ်”

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲ Season 1 မှာ Winner ဆုရခဲ့တဲ့ ငွေစိုးနဲ့တွေ့ဆုံပြီး ပြိုင်ပွဲကာလအမှတ်တရများအကြောင်း၊ Winner Song အဖြစ် “ရာဇဝင်များရဲ့ သတို့သမီး” သီချင်းကို ရွေးဖြစ်တဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Season 1 မှာ Winner ဖြစ်ခဲ့တဲ့အတွက် ပရိသတ်တွေကို ဘာများပြောချင်လဲ။
NS : ကျွန်တော့်ကို ပြိုင်ပွဲကာလတစ်လျှောက်လုံး အစဉ်တစိုက် အားပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်။ ကျွန်တော် ဂီတလမ်းကြောင်းကို ဆက်လျှောက်တဲ့အချိန်မှာလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ကျွန်တော့်ရဲ့ ဇာတိဖြစ်တဲ့ မန္တလေးမြို့က ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော် ဆုရတဲ့အတွက် သူတို့လည်း ကျွန်တော်နဲ့ ထပ်တူပျော်နေကြမှာပါ။ 

Voice : ဒီပြိုင်ပွဲရဲ့ Grand Final အတွက် သီချင်းတွေကိုကျတော့ ဘယ်လိုစဉ်းစားပြီး ရွေးဖြစ်တာလဲ။
NS : Final မှာ ပြိုင်ဖို့ကျတော့ အချစ်သီချင်းရွေးလို့မရဘူး။ နည်းနည်းထူးခြားတဲ့သီချင်းကို စဉ်းစားလိုက်တော့ ဆရာထူးအိမ်သင်ရဲ့ “ရာဇဝင်များရဲ့သတို့သမီး” သီချင်းတို့ “မဟာ” တို့ကို စဉ်းစားမိတယ်။ ကျွန်တော့်ရဲ့ Coach ဖြစ်တဲ့ ကိုလင်းနဲ့လည်း တိုင်ပင်တယ်။ ကိုလင်းရယ်၊ ကျွန်တော်ရယ်၊ အတီးသမားတွေအားလုံး အကောင်းဆုံးကြိုးစားပြီးတော့ “ရာဇဝင်များရဲ့ သတို့သမီး” သီချင်းကို တင်ဆက်ခဲ့တာပါ။

Voice : ဒီသီချင်းက ကိုထူးအိမ်သင်ရဲ့ အကျော်ကြားဆုံး သီချင်းတစ်ပုဒ်ဖြစ်နေတော့ ကိုယ်ဆိုရတဲ့အခါမှာရော ဘာအခက်အခဲတွေရှိလဲ။
NS : ဒီသီချင်းက ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ်ဆိုဖူးတဲ့ သီချင်းပါ။ ဦးငှက်ရဲ့ အအောင်မြင်ဆုံးသီချင်းဖြစ်တဲ့အတွက် ကျွန်တော်ဆိုရတာ အများကြီးလည်း တာဝန်ကြီးပါတယ်။ ဖိုင်နယ်မရောက်ခင်မှာ နေ့တိုင်း ကျွန်တော် လေ့ကျင့်သီဆိုခဲ့ရပါတယ်။ ကိုယ်ဆိုလိုက်တော့မှ အမှားအယွင်းပါမှာ ကြောက်ရတယ်။ စိုးရိမ်မှုတွေလည်း အများကြီးရှိခဲ့ပါတယ်။ ကိုလင်းကလည်း ကျွန်တော် အကောင်းဆုံးဆိုနိုင်အောင် ပြောပြပေးပါတယ်။

Voice : ဖိုင်နယ်မှာ ကိုယ့်လိုပဲ ကောင်းတဲ့သူတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့အပေါ်ကိုရော ဘယ်လိုခံစားမှုရှိလဲ။
NS : သူတို့အားလုံးက ကျွန်တော့်အတွက် ပြိုင်ဘက်ကောင်းတွေပါပဲ။ အားလုံးကလည်း ကျွန်တော့်ရဲ့ ညီတွေ၊ ညီမတွေလို ဖြစ်နေတယ်။ သူတို့လည်း ကောင်းပါတယ်။ ကျွန်တော်ကတော့ သီချင်းရွေးမှန်သွားတာကြောင့်လည်း ပါပါတယ်။ Voting စနစ်နဲ့ ရွေးတာဆိုတော့လည်း ကံပဲပေါ့နော်။ ကျွန်တော်က သူများတွေထက်စာရင် ကံပိုကောင်းလို့ ဆုရတယ်လို့ မြင်ပါတယ်။ အားလုံးကတော့ ကောင်းတဲ့သူချည်းပါပဲ။ 

Voice : အရင်တုန်းကရော သီချင်းဆိုပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ဖူးလား။ 
NS : The Voice Myanmar ကတော့ ကျွန်တော့်အတွက် ပထမဆုံးပြိုင်ပွဲပါပဲ။ ဒီပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တာကတော့ ကျွန်တော့် အသက်အရွယ်နဲ့မီလို့ပါ။ ကျွန်တော့်အသက်က အခုဆို ၃၇ နှစ်ရှိပြီ။ တခြားပြိုင်ပွဲတွေကျတော့ ကျွန်တော့် အသက်အရွယ်နဲ့ ဝင်ပြိုင်လို့မရဘူး။ ဒီပြိုင်ပွဲလေးကတော့ အသက်ကန့်သတ်ချက်မရှိဘူး၊ အနုပညာကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်တဲ့အတွက် ဝင်ပြိုင်ခဲ့တာပါ။

Voice : ပြိုင်ပွဲကာလတစ်လျှောက်မှာရော ကိုယ့်အတွက် ဘယ်လိုအခက်အခဲတွေ၊ အမှတ်တရတွေရှိခဲ့လဲ။ ဂီတလမ်းကြောင်းကိုရော ဘယ်လိုပုံစံမျိုး ဆက်လျှောက်သွားမလဲ။
NS : ကျွန်တော်က မန္တလေးကနေ လာပြိုင်ရတာဖြစ်တဲ့အတွက် မန္တလေးနဲ့ ရန်ကုန်ကို သွားလိုက်ပြန်လိုက်တော့ လုပ်ရတယ်။ ကျန်တာကတော့ အားလုံးအဆင်ပြေချောမွေ့ပါတယ်။ ဂီတလမ်းကြောင်းကို ဆက်လျှောက်ဖို့ကတော့ ကျွန်တော်က ရော့ခ်အပြင်းစားနဲ့မလိုက်ဘူး။ Slow Rock သီချင်းလေးတွေပဲ ဆိုဖြစ်မှာပါ။ သီချင်းနားထောင်သူတိုင်းရဲ့ ရင်ထဲကို ရောက်မယ့်သီချင်းလေးတွေ ဆိုဖြစ်မှာပါ။

Voice : ကိုငွေစိုးက သက်လတ်ပိုင်းအရွယ်ရောက်တော့မှ ဂီတသမားတစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက် ပြည့်ခဲ့တယ်လို့ ပြောရမှာပေါ့။ အရင်တုန်းကရော အဆိုတော်ဖြစ်ဖို့ ကြိုးစားခဲ့ဖူးလား။
NS : ကျွန်တော်က ဒီပြိုင်ပွဲမပြိုင်ခင် Unplugged တွေမှာ သီချင်းတွေ ဆိုဖူးတာလောက်ပဲရှိပါတယ်။ အဆိုတော်ဖြစ်ဖို့ကတော့ ကြိုးစားခဲ့ဖူးတာပေါ့နော်။ အကြောင်းကြောင်းကြောင့် မအောင်မြင်ခဲ့ဘူးပေါ့။ အခုကတော့ ပြိုင်ပွဲမှာ ဆုရသွားတဲ့အတွက် ကိုယ်လျှောက်ချင်တဲ့ ဂီတလမ်းကြောင်းကို စလျှောက်လို့ရပြီပေါ့နော်။ ရှေ့ဆက်ကြိုးစားဖို့တော့ အများကြီးလိုပါသေးတယ်။ ကျွန်တော့်ကိုလည်း ဆက်လက်အားပေးကြဖို့ ပြောချင်ပါတယ်။

သန့်ဇင်ဦး