News

POST TYPE

INTERVIEW

ပြည့်ဖူးခိုင်နဲ့ တွေ့ဆုံခြင်း
03-Jun-2018 tagged as အနုပညာ



“အသက် ၃၀ အရွယ် မိန်းမတစ်ယောက်က အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ဘယ်လိုမှ မပြိုင်နိုင်ဘူးဆိုတာ အသေအချာပါပဲ”

အနုပညာလောကနဲ့ အတန်ငယ်ကင်းကွာနေခဲ့တဲ့ သရုပ်ဆောင် နဝရတ်ရဲ့ ညီမဖြစ်သူ ပြည့်ဖူးခိုင်နဲ့ တွေ့ဆုံပြီး ဇာတ်ကားတွေ မရိုက်ဖြစ်တဲ့ အကြောင်းရင်း၊ အနုပညာခံယူချက်အပြောင်းအလဲများအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : အနုပညာလောကကနေ ပျောက်နေတာကြာပြီနော်။ ဘာတွေလုပ်ဖြစ်နေလဲ။
PPK : အဲ့ဒါကတော့ ညီမကိုယ်တိုင် ဆုံးဖြတ်ပြီးတော့ နားလိုက်တာပါ။ အနုပညာအလုပ်ထက် ပညာရေးကိုပဲ ဦးစားပေးပြီး လုပ်တော့မယ်ဆိုပြီး နားလိုက်တာပါ။ ကိုယ်က အနုပညာ အလုပ်မလုပ်တော့ပေမယ့် ဖေ့စ်ဘွတ်ခ်မှာ သိနေတဲ့ ပရိသတ်တွေကတော့ ညီမပါတဲ့ ဇာတ်ကားလေးတွေ ရုပ်သံလိုင်းတွေကနေပြတဲ့အချိန်မှာ သရုပ်ဆောင်ပြန်လုပ်ဖို့ တိုက်တွန်းကြတယ်။ ကိုယ့်ဇာတ်ကားလေးတွေကို ပြန်ကြည့်ချင်တယ်၊ အရင်လို ပြန်ရိုက်ပါလို့ ပြောကြတယ်။ အဲ့ဒီလိုမျိုးတွေ ပြောလာတဲ့အချိန်မှာ ညီမအနေနဲ့ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ပရိသတ်ကကိုယ့်ကိုချစ်ပြီး အားပေးနေပေမယ့်၊ ကိုယ်က အနုပညာ အလုပ်တွေ ရပ်နားလိုက်တော့ အပြစ်ရှိသလိုလည်း ခံစားရပါတယ်။ အဲ့ဒါကြောင့် ညီမနဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းလေးတွေ ကမ်းလှမ်းလာရင် ပြန်ရိုက်ဖို့ စဉ်းစားထားပါတယ်။

Voice : ဇာတ်ကားတွေ မရိုက်ဖြစ်တော့တဲ့ အချိန်မှာရော ခံစားမှုအပြောင်းအလဲက ဘယ်လိုရှိလဲ။ ကိုယ်က အနုပညာလောကထဲမှာပဲ တောက်လျှောက်ကျင်လည်ခဲ့တာဆိုတော့လေ။
PPK : အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ လူတစ်ယောက်ရဲ့ တွေးခေါ်ပုံတွေကလည်း ပြောင်းလဲလာပါတယ်။ အရင်တုန်းကဆိုရင် ကိုယ်က ကလေးအရွယ်ဆိုတော့ ရှုတင်မှာ ဒါရိုက်တာက ဒါလုပ်ဆိုလုပ်တယ်။ ကိုယ့်ရဲ့ စီနီယာအစ်မတွေက ဒီလိုလုပ်မယ်ဆို သူတို့စကား နားထောင်ပြီး လုပ်လိုက်တာပဲရှိတယ်။ အခုကျတော့ ကိုယ်ရောက်ရှိနေတဲ့ အရွယ်တစ်ခုမှာ အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် အရင်တုန်းကလို ပေါ့ပေါ့တန်တန်တော့ လုပ်ဖြစ်တော့မှာ မဟုတ်ဘူး။ ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေအတွက် အချိန်ပေးပြီး ကြည့်ရကျိုးနပ်တဲ့ ဇာတ်ကားမျိုးတွေပဲ ပိုရိုက်ဖြစ်တော့မှာပါ။

Voice : ဇာတ်ကားတွေ ပြန်ရိုက်ဖို့အတွက် ကိုယ့်ဘက်က ဘာတွေ ပြင်ဆင်သွားဦးမလဲ။
PPK : ဇာတ်ကား ပြန်ရိုက်ဖို့အတွက်က ဝိတ်အရင်ချရမယ်။ ကိုယ်လိုချင်တဲ့ အနေအထားတစ်ခုလည်း မရောက်သေးတော့ ဇာတ်ကားပြန်ရိုက်ဖို့က ယုံကြည်ချက်ရှိလိုက်၊ မရှိလိုက် ဖြစ်နေတယ်။ ဒါကလည်း အရိုးသားဆုံးဝန်ခံတာပါ။ ဒါပေမဲ့လည်း ပရိသတ်တွေက ပေးတဲ့အားတွေနဲ့တော့ ယုံကြည်မှုတွေ ရှိလာပါတယ်။ ကိုယ်က နည်းနည်းလေးလည်း ပြည့်နေတော့ အရင်ကဆို အပြင်တွေ ဘာတွေတောင် သိပ်မသွားဖြစ်ဘူး။ အဝတ်အစားဝတ်ရတာလည်း အဆင်မပြေသလို ခံစားရတယ်။ အဲ့ဒါကြောင့် ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်မျိုးရအောင် ဝိတ်ကိုအရင်ချဖို့ ကြိုးစားပါဦးမယ်။

Voice : ပြည့်ဖူးခိုင်ကိုကြည့်ရတာ အရင်ကထက်ပိုပြီးတော့ ရင့်ကျက်လာသလိုပဲ။ အဲ့ဒါက အသက်အရွယ်နဲ့ဆိုင်မလား။
PPK : အဲ့ဒါကတော့ လူတွေအကြောင်းကို ပိုသိလာလို့ပါ။ အခုခေတ်မှာ အပြိုင်အဆိုင်တွေကလည်း အရမ်းများတယ်။ အသက်ကြီးလာတာနဲ့အမျှ လူတွေအကြောင်းကို သိလာရတယ်။ တစ်ခါတလေကျရင် လူတွေက အရမ်းကြောက်စရာကောင်းတယ်။ ကိုယ်ကတော့ ကိုယ့်ရဲ့ ခံယူချက်နဲ့ ကိုယ်နေတယ်။ ဘယ်သူ့ကိုမှလည်း မပြိုင်ဘူး။ ကိုယ့်ဘဝကို ကိုယ်သွားချင်တဲ့ လမ်းကြောင်းအတိုင်း လျှောက်နိုင်အောင်ကြိုးစားပါတယ်။ ညီမ ရင့်ကျက်သွားတယ်ဆိုတာကလည်း အရွယ်ကြောင့်ပါသလို၊ လူတွေအကြောင်းကိုလည်း ပိုသိလာလို့ပါ။

Voice : အနုပညာလောကမှာက အရင်ခေတ်ထက် ပြိုင်ဆိုင်မှု ပိုများလာတယ်။ ကိုယ်က အလုပ်တွေ ပြန်လုပ်မယ်ဆို အရင်လိုနေရာတစ်ခုပြန်ရအောင် ဘယ်လို ကြိုးစားသွားမလဲ။
PPK : ပြိုင်ဆိုင်မှုကတော့ အနုပညာလောကမှ မဟုတ်ပါဘူး။ ပညာရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်အသီးသီးမှာ ပြိုင်ဘက်ဆိုတာ ရှိကြပါတယ်။ ဒီအပေါ်မှာ ကိုယ်လုပ်မယ့် အလုပ်တစ်ခုကို ဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်မလဲ ဆိုတာကိုပဲ စဉ်းစားတယ်။ ငါဟိုလူနဲ့ ပြိုင်မယ်၊ ဘယ်သူ့ထက်သာအောင်လုပ်မယ်ဆိုပြီး ပြိုင်နေရင် ဘယ်တော့မှ ဆုံးတော့မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ကိုယ်လုပ်မယ့်အလုပ်တစ်ခုအပေါ်မှာပဲ အာရုံစိုက်ထားတယ်။ လူတိုင်းမှာ သူ့ပင်ကိုပါရမီနဲ့သူ ရှိကြတာပါပဲ။ ကိုယ်လုပ်နိုင်တဲ့ အနေအထားတစ်ခုမှာ ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားမယ်။ ဒါပေမဲ့ အသက် ၃၀ အရွယ် မိန်းမတစ်ယောက်က အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ဘယ်လိုမှ မပြိုင်နိုင်ဘူးဆိုတာ အသေအချာပါပဲ။

သန့်ဇင်ဦး