News

POST TYPE

INTERVIEW

ကုန်းတွင်းမုန်တိုင်းငယ် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့၊ ဒေသအချို့ မိုးကြီးနိုင်
30-May-2018


ရန်ကုန်၊ မေ ၃၀

ရခိုင်ပြည်နယ်ကိုဖြတ်ကျော်ကာ မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဝင်ရောက်လျက်ရှိသည့် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီးနောက် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ အားလျော့သွားပြီးဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းသို့အားလျော့သွားသော်လည်း လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် နောက် ၂၄ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သေးကြောင်း အဆိုပါဌာနက သတိပေးထားသည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း ယင်းဌာနက ခန့်မှန်းထားသည်။

ယမန်နေ့ညပိုင်းက မုန်တိုင်းငယ်သည် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့အကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မိုးသက်လေပြင်းကျရောက်ခဲ့ရာ နေအိမ်များလေပြင်းဒဏ်ကြောင့် ပျက်စီးမှုရှိခဲ့သည်။

လက်ရှိ အဆိုပါလေဖိအာနည်းရပ်ဝန်းအရှိန်ကြောင့် ဒေသအလိုက် မိုးကြီးခြင်းနှင့် ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သည်ကိုလည်း သတိပြုနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားသည်။

ဓာတ်ပုံ - မိုး/ဇလ

E-03


  • VIA