News

POST TYPE

INTERVIEW

အာဟာရပညာရှင် ဒေါက်တာညီညီကျော်နှင့် တွေ့ဆုံခြင်း
30-May-2018 tagged as ကျန်းမာရေး

မိုးရာသီနှင့် အာဟာရဓာတ် 

“မိုးရာသီမှာတော့ ဗီတာမင်-စီက လိုအပ်တယ်”



မိုးရာသီတွင် အာဟာရဖြစ်စေမည့် အစားအသောက်များကို သင့်တင့်လျောက်ပတ်စွာ စားသုံးပေးရန်လိုအပ်ပါသည်။ မိုးရာသီသည် ရာသီပေါ်သီးနှံများ အလွန်ပေါလွန်းသည့်ကာလ ဖြစ်သည့်အလျောက် ယင်းတို့ကို အလွန်အကျွံစားသုံးမိပါက အာဟာရဓာတ်ရရှိမှုထက် ကျန်းမာရေးအရ ဆိုးကျိုးများကိုသာ ဖြစ်စေနိုင်သဖြင့် မိုးတွင်းကာလ အာဟာရဓာတ်ပြည့်စုံစွာစားရမည့်အချက်များကို အာဟာရပညာရှင် ဒေါက်တာညီညီကျော်နှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။ 

Voice : မိုးရာသီမှာ အစားအသောက်တွေကို ဘယ်လိုပုံစံမျိုးနဲ့ စားပေးရမလဲ။ ဒါ့အပြင် အာဟာရဓာတ် ပြည့်ဝဖို့အတွက်ကရော။
Dr.NNK : အစာစားခါနီးမှာ စားမယ့်အစားအစာတွေကို နွှေးပေးရပါမယ်။ မီးအပူရှိန်များများနဲ့ နွှေးပေးလိုက်မှသာ ဟင်းတွေထဲရောက်ရှိနေနိုင်တဲ့ ပိုးမွှားတွေက သေသွားမှာပါ။ မီးရှိန်ပြင်းမှ ပိုးသေတာဆိုတော့ နည်းနည်းလေးနွေးရုံမဟုတ်ဘဲနဲ့ ပြန်ချက်သလို နွှေးမှပဲ ဟင်းထဲမှာရှိနိုင်မယ့် ဗက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေက သေသွားမှာဖြစ်ပါတယ်။ အာဟာရဓာတ်ပြည့်ဝအောင်ကတော့ စားနေကျပုံစံအတိုင်းပဲ စားရုံပါပဲ။ ထမင်း၊ ဟင်း၊ အရွက်ရယ်ပေါ့။ ထမင်းက လေးပုံတစ်ပုံ၊ အသားက လေးပုံတစ်ပုံ၊ အသီးအရွက်ကတော့ ထမင်းပန်းကန် တစ်ဝက်စာပေါ့။ ဒီလိုပုံစံခွက်နဲ့ စားမယ်ဆိုရင်တော့ အာဟာရပြည့်ဝပါတယ်။

Voice : လူတစ်ယောက်မှာ ဘယ်လိုအာဟာရဓာတ်တွေ လိုအပ်ပါသလဲ။
Dr.NNK : မိုးရာသီမှာတော့ ဗီတာမင်-စီက လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ ရာသီအကူးအပြောင်း ဖြစ်တဲ့အချိန်မှာ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုး ရောဂါတွေက အများကြီးဖြစ်ကြတယ်။ ဒါတွေကို ကာကွယ် ပေးဖို့အတွက် လိုအပ်တာပါ။ ဗီတာမင်-စီရဖို့ကို အထူးတလည် ဆေးသောက်စရာမလိုဘူး။ အဓိကက ဗီတာမင်-စီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ချဉ်တဲ့အသီးမှန်သမျှ စားလို့ရတယ်။ မာလကာသီးတို့၊ ငရုတ်ပွအနီတွေကလည်း ဒီဓာတ်ပါတယ်။ ဒါတွေ စားပေးရင်တော့ နှာစေးချောင်းဆိုးရောဂါတွေနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေကို ကာကွယ်ပေးပါတယ်။ ဗီတာမင်-စီအပြင်ကို မိုးရာသီမှာ အာဟာရ ပြည့်ပြည့်ဝဝလေးနဲ့ အိမ်မှာချက်တဲ့ဟင်းကိုပဲ စားမယ်ဆိုရင်တော့ ဒီရောဂါတွေကို ကာကွယ်ပြီးသားဖြစ်တယ်။ ဗီတာမင်-စီအပြင် အာဟာရဓာတ်ကြီး သုံးမျိုးဖြစ်တဲ့ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်တွေကို ပြည့်ပြည့်ဝဝဖြစ်အောင် စားပေးဖို့လိုအပ်တယ်။ တခြားဗီတာမင်အနေနဲ့ဆိုရင် ဗီတာမင်-အေ ရော၊ အီးရောလိုအပ်ပါတယ်။ ဗီတာမင်-အေကိုတော့ မုန်လာဥနီ၊ ရွှေဖရုံသီးတို့ကရတယ်။ ဒါပေမဲ့ အလွန်အကျွံ စားပေးစရာမလိုဘူး။ နေ့တိုင်းလည်း စားစရာမလိုပါဘူး။ ဗီတာမင်-အီး ဆိုရင်တော့ အစေ့အဆန်တွေ စားပေးသင့်ပါတယ်။ ရောဂါကာကွယ်ပေးနိုင်တဲ့ ကျန်တဲ့ဓာတ်တစ်မျိုးကတော့ ဇင့်ဓာတ်ပေါ့။ ဝမ်းပျက် ဝမ်းလျှောတာကို ကာကွယ်ပေးနိုင်တဲ့ ဇင့်ဓာတ်ပါတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါတယ်။ အသီးအရွက်တွေနဲ့အသား၊ ငါး တော်တော်များများမှာ ရပါတယ်။ 

Voice : ဒီအချိန်မှာ ရာသီစာတွေက တအားပေါတဲ့အတွက် ဘေးဥပဒ်မဖြစ်အောင် ဘယ်လို စားသုံးပေးသင့်ပါသလဲ။
Dr.NNK : အခုချိန်က သရက်သီးတို့၊ ဒူးရင်းသီးတို့ ပေါတယ်။ တချို့မေးတာရှိတယ်။ ဒါတွေစားလို့ ဝမ်းလျှောမလားဆိုတာမျိုးပေါ့။ စားမယ်ဆိုရင်တော့ ဘယ်အရာမဆို အတိုင်းအတာတစ်ခုတော့ ရှိတယ်လေ။ တစ်နေ့တည်းနဲ့ သရက်သီးငါးလုံးလောက် ထိုင်စားတာမျိုးကျတော့လည်း အမျှင်ဓာတ်တော့ ရပေမယ့် အချိုဓာတ်တွေ အရမ်းများသွားတော့ ရေရှည်မှာဆိုရင် ဆီးချိုရောဂါတွေ ဖြစ်နိုင်တယ်။ ဒီတော့ တစ်နေ့လုံးစားမယ်ဆိုရင်လည်း နှစ်လုံးထက်တော့ ပိုမစားသင့်ဘူး။ ဒူးရင်းသီးဆိုလည်း ဒီလိုပဲ။ တစ်ခါစားရင် သုံး၊ လေးမြွှာထက် ပိုမစားသင့်ဘူး။ ဒူးရင်းသီးမှာဆိုရင် ပိုတက်ဆီယမ်ဆိုတဲ့ဓာတ်က အရမ်းများတယ်။ အဲဒီဓာတ်က အလွန်အကျွံစားမိရင် နှလုံးခုန်နှုန်းတွေ မြန်လာစေတယ်။ ကျန်တဲ့အသီးတွေလည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ ဆီးချိုရောဂါရှိတဲ့သူတွေကျတော့ အခုနက အသီးတွေကို ကျွန်တော်ပြောခဲ့တဲ့ပမာဏရဲ့တစ်ဝက်လောက်သာ စားလို့ရပါတယ်။ ဒူးရင်းသီးကိုတော့ ဆီးချိုရောဂါရှိတဲ့သူတွေအနေနဲ့ လုံးဝမစားသင့်ပါဘူး။

Voice : ဒီလိုမိုးရာသီမှာ ဘာတွေကို ရှောင်သင့်ပါသလဲ။
Dr.NNK : ရှောင်သင့်တာက အမှည့်လွန်အသီးတွေပေါ့။ ဒီရာသီမှာဆို အသီးတော်တော်များများကလည်း မှည့်သွားပြီ။ အမှည့်လွန်အသီးတွေ မစားမိဖို့လိုအပ်ပါတယ်။ စားလိုက်မိရင်တော့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်တတ်တယ်။ နောက်တစ်ခုက မိုးရာသီမှာ ယင်နားတဲ့အစားအစာတွေ၊ အိမ်မှာမဟုတ်ဘဲ အပြင်ကဝယ်စားတဲ့ လက်သုပ်တွေကတော့ အထူးသဖြင့် ရှောင်ရမယ့်အစားအစာထဲမှာ ပါပါတယ်။ 

Voice : ဆရာ့အနေနဲ့ လူထုကို ဘာများဖြည့်စွက် ပြောလိုပါသလဲ။
Dr.NNK : ကျွန်တော်ပြောလိုတာက ဝိတ်လျှော့တဲ့ပြဿနာပေါ့။ ဝိတ်တွေအရမ်းလျှော့တဲ့အချိန်မှာ အာဟာရတွေက မပြည့်ဝတော့ဘူးဖြစ်တယ်။ အခုလို ရာသီအပြောင်းအလဲမှာဆိုရင် အာဟာရဓာတ် ပြည့်ဝစွာမစားဘဲ ဝိတ်တွေလျှော့ရင် တုပ်ကွေးရောဂါတွေက အလွယ်တကူ ဝင်လာနိုင်တယ်။ နောက်ပြီးတော့ အာဟာရပြည့်ဝအောင် စားရမယ်။ အာဟာရ ပြည့်အောင်ဆိုတဲ့နေရာမှာ အလွန်အကျွံကြီး မဟုတ်ဘဲနဲ့ စားနေကျအတိုင်းကိုပဲ ပုံမှန်အတိုင်း စားသွားပြီးတော့မှ အသီးအရွက်တွေကို ပိုစားပေးပါ။ အထူးသဖြင့် အသီးတွေမှာလိုချင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီးပါပါတယ်။ အရွက်တွေမှာလည်း ပါပါတယ်။ ဒါပေမဲ့ ချက်လိုက်တဲ့အချိန်မှာ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေက ပျက်စီးသွားတတ်တယ်။ ဒီတော့ဒီရာသီမှာ တတ်နိုင်သမျှ အသီးများများ စားပေးပါ။ အရွက်တွေဆိုရင်လည်း အရမ်းနွမ်းအောင် ကြော်တာမျိုးမဟုတ်ဘဲနဲ့ ခပ်စိမ်းစိမ်းလေးကြော်စားပါ။ ဒီလိုဆိုရင်တော့ ရာသီအကူးအပြောင်းမှာဖြစ်နိုင်တဲ့ တုပ်ကွေးရောဂါကို ကာကွယ်နိုင်မှာပါ။ ဒီရာသီမှာကလည်း တုပ်ကွေးအသစ်အဆန်းတွေက ပေါ်လာတတ်ပါတယ်။ အာဟာရဓာတ်ပြည့်အောင်စားခြင်းဖြင့် ဒီရောဂါဖြစ်ပွားတာကို ကာကွယ်ပေးနိုင်ပါတယ်။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ