News

POST TYPE

INTERVIEW

မြတ်ကေသီအောင်နဲ့ တွေ့ဆုံခြင်း
29-May-2018


“သေချင်တိုင်းသေလို့မရတဲ့ အနေအထားမှာ ကိုယ့်ဟာကိုယ် ဘဝကို ရှေ့ဆက်ဖို့ပဲ ကြိုးစားရတာပါပဲ”

သရုပ်ဆောင် မြတ်ကေသီအောင်နဲ့ တွေ့ဆုံပြီး၊ ငါ့ကိုနမ်းတဲ့မုန်တိုင်း ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ စားသောက်ဆိုင် ဖွင့်လိုက်တဲ့အကြောင်းနဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားတဲ့ ခံစားမှုစာစုလေးတွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : လွှမ်းပိုင်၊ ရဲရင့်အောင်၊ ဖွေးဖွေးတို့ပါဝင်တဲ့ “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်မှာ မကေရဲ့ ကာရိုက်တာက ဘယ်လိုပုံစံမျိုးလဲ။
MKTA : ဒီကားမှာ ကေက ဖွေးဖွေးရဲ့ အမေနေရာက သရုပ်ဆောင်ထားတာပါ။ ကေပါဝင်ရတဲ့ အခန်းကလည်း အရမ်းနည်းပါတယ်။ အထူးပွဲတောင်မှပဲ မတက်တော့ဘူးလို့ စဉ်းစားထားတာပါ။ ထုတ်လုပ်သူဖြစ်တဲ့ ကိုဘိုစန်းက ဖုန်းဆက်ပြီးတော့ ခဏခဏ ပြောနေတာနဲ့ တက်ခဲ့တာပါ။ ဒီကားမှာပါတဲ့ လွှမ်းပိုင်တို့ ရဲရင့်အောင်တို့က အဆိုတော်တွေဆိုပေမယ့် သရုပ်ဆောင်ကောင်းကြပါတယ်။ မကေတို့ သင်ပေးစရာတောင် မလိုပါဘူး။

Voice : မကေက မြောက်ဒဂုံမှာ စားသောက်ဆိုင်ဖွင့်ထားတာဆိုတော့ စီးပွားရေးလုပ်ငန်းရှင်ပဲလုပ်တော့မှာလား။
MKTA : သရုပ်ဆောင်အနေနဲ့ကတော့ ကိုယ့်ကိုလာငှားမှ ရိုက်လို့ရမှာပေါ့နော်။ လာငှားတဲ့ကားတွေကလည်း နယ်တွေများနေတော့ ရိုက်လို့မရဘူး။ ကိုယ်က ဆိုင်တစ်ဖက်လည်း ရှိနေတော့ နယ်ဆိုရင် သိပ်မရိုက်ချင်ဘူး။ ရန်ကုန်မှာဆိုရင်တော့ ညှိပြီး ရိုက်လို့ရတာပေါ့နော်။ ရန်ကုန်မှာ ရိုက်တဲ့ကားဆိုရင်တော့ လက်ခံဖြစ်ပါတယ်။ 

Voice : မကေတို့ ဖွင့်ထားတဲ့ ဆိုင်လေးကလည်း အချိန်တိုအတွင်းမှာပဲ အောင်မြင်ခဲ့တယ်နော်။
MKTA : ကေတို့ ဖွင့်တဲ့ ဆိုင်လေးက အဲ့ဒီလောက် အောင်မြင်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဆိုင်က ဖွင့်ဖွင့်ချင်းမှာပဲ မီဒီယာတွေက သတင်းတွေလာယူပြီး တင်ပေးကြတဲ့အတွက် ဆိုင်ဖွင့်ပွဲတောင် မလုပ်လိုက်ရဘဲ နေ့တိုင်း ဆိုင်က လူအရမ်းများတယ်။ လူများလို့ နေ့တိုင်း ပြန်ပြန်လွှတ်နေရတယ်။ နောက်လူလာရင် တစ်နာရီလောက် စောင့်ရမယ်ဆိုတာကို အမြဲပြောနေရတော့ အားနာရတယ်။ တချို့ဆိုအဝေးကြီးကနေ လာပြီးတော့ နေရာ မရလို့ ပြန်သွားရတဲ့အတွက် အရမ်းကို အားနာရပါတယ်။ 

Voice : အကယ်ဒမီပေးပွဲတုန်းက မကေကို “ရင်ဘတ်ထဲကဓား” ရုပ်ရှင်နဲ့ ဇာတ်ပို့ဆုရနိုင်တယ်လို့ မှန်းပေးခဲ့ကြသေးတယ်နော်။
MKTA : ရင်ဘတ်ထဲက ဓား ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်တွေကတော့ ကေ့ကို ရစေချင်တယ်ပေါ့နော်။ ကိုယ်တိုင်ကတော့ မရနိုင်ဘူးဆိုတာသိတယ်။ အဲ့ဒါကြောင့် အကယ်ဒမီပွဲတောင် မတက်ခဲ့ဘူးပေါ့နော်။ဒါပေမဲ့ ဇာတ်ပို့ဆုကြေညာတဲ့နေရာမှာ ကိုယ့်နာမည်လေးက Nomination ဝင်တာကို သိရတဲ့အတွက် ပီတိဖြစ်ရပါတယ်။ ငါဒီ အဆင့်အထိ ရောက်ခဲ့တာပဲဆိုပြီးတော့လည်း ဝမ်းသာရပါတယ်။

Voice : မကေရခဲ့တဲ့ အကယ်ဒမီဆုတွေက မမျှော်လင့်ဘဲနဲ့ရခဲ့တာတွေများတယ်နော်။
MKTA : မကေကလေ အကယ်ဒမီဆုတွေကို မမျှော်လင့်ဘဲနဲ့ အမြဲတမ်းရခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ရိုက်ရတဲ့ ဇာတ်ကားတွေက ကိုယ့်စိတ်ထဲမှာ အရမ်းပေါ့ပေါ့ပါးပါး ဖြစ်နေတယ်။ သိပ်ရိုးနေတယ်လို့ ထင်တယ်။ အကယ်ဒမီရနိုင်လောက်တဲ့ ဇာတ်ဝင်ခန်းမျိုးတွေလည်း တစ်ခါမှ မလုပ်ခဲ့ရဖူးဘူးပေါ့နော်။ သာမန်လောက်ပဲလုပ်ရတဲ့ အက်တင်တွေဆိုတော့ မရနိုင်ဘူးလို့ပဲ အမြဲတမ်းတွေးခဲ့တာပါ။ အကယ်ဒမီရခဲတဲ့ နှစ်တိုင်းကလည်း မထင်မှတ်ဘဲရတဲ့နှစ်တွေ ဖြစ်ဖြစ်သွားတယ်။

Voice : မကေ ဘဝမှာ အခက်အခဲတွေ၊ ဝေဖန်ပြောဆိုမှုတွေကြုံခဲ့ရတဲ့ အချိန်တွေကနေ ဘယ်လိုပြန်ပြီး ရုန်းထွက်လာခဲ့လဲ။
MKTA : အဲ့ဒါကတော့ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေရှိလာရင် စိတ်ဓာတ်ကတော့ အရမ်းကျတာပေါ့နော်။ မိဘတွေလည်းမရှိတော့ဘူးဆိုတော့ ပိုဆိုးတာပေါ့။ တစ်ခါတလေ ငါသေသွားရင် ကောင်းမယ်လို့တောင်တွေးမိတယ်။ ဒါပေမဲ့ သေချင်တိုင်း သေလို့မရတဲ့ အနေအထားမှာ ကိုယ့်ဟာကိုယ် ဘဝကို ရှေ့ဆက်ဖို့ပဲ ကြိုးစားရတာပါပဲ။ တစ်ခါတလေကျရင် အဖေနဲ့ အမေကို အရမ်းလွမ်းတယ်။ ဒါပေမဲ့ တစ်ချိန်မှာ သူတို့နောက်ကို လိုက်သွားရမှာဆိုတော့ စိတ်ကိုဖြေရတာပေါ့။

Voice : ဖေ့စ်ဘွတ်ခ်မှာ မကေရဲ့ ရင်တွင်းခံစားမှု စာစုလေးတွေ မမြင်ရတာကြာပြီနော်။ ပြန်ရေးဖို့ စိတ်ကူးရှိသေးလား။
MKTA : ဖေ့စ်ဘွတ်ခ်မှာ ကေ စာလေးတွေရေးလာတာက သုံးလေး၊ ငါးနှစ်ရှိနေပါပြီ။ အခုမှ တွေ့တဲ့သူတွေက အခုချက်ချင်း ကောက်ရေးတယ်လို့ ထင်ကြပြီးတော့ ဒီကောင်မ ဘယ်အကောင်ကို ရေးနေလဲ၊ ကြောင်နေလဲဆိုပြီးတွေးကြတယ်။ အမှန်တော့ အဲ့ဒါမဟုတ်ပါဘူး။ ကေ့ Facebook က Wall ထဲကို ဝင်ကြည့်ပါ။ အစောကြီးကတည်းက ရေးထားတာပါ။ ဘယ်အကောင် အကြောင်းမှ မဟုတ်ပါဘူး။ ကေ့မှာ ကုန်ကြမ်းတွေ အများကြီး ရှိပါတယ်။

သန့်ဇင်ဦး