News

POST TYPE

INTERVIEW

ထွန်းအိန္ဒြာဗိုနဲ့ တွေ့ဆုံခြင်း
28-May-2018



“သူက ကျွန်မကို ထွန်းအိန္ဒြာဗိုလို သရုပ်ဆောင်ခိုင်းတာထက် သူ့ဇာတ်ရုပ်ပီပြင်ဖို့ပဲ သူ စဉ်းစားတယ်ဆိုတော့ ကျွန်မလည်း လုပ်ကြည့်မယ်ဆိုပြီး လက်ခံရိုက်ကူးဖြစ်တာပါ”

ဇွန်လ ၁ ရက်နေ့မှာ ဒါရိုက်တာထူးပိုင်ဇော်ဦးက “သူစိမ်းအိမ်” ရုပ်ရှင်ကားကို သရုပ်ဆောင် လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ ဖွေးဖွေး စတဲ့ သရုပ်ဆောင်ပေါင်းများစွာတို့နဲ့ စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ယင်းကားမှာ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်ထွန်းအိန္ဒြာဗိုနဲ့ တွေ့ဆုံပြီး ဇာတ်ကားအကြောင်း အပြည့်အစုံကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : “သူစိမ်းအိမ်” ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်သွားမယ့် ဇာတ်ရုပ်ပုံစံကို အရင်ဆုံးစပြောပေးပါဦး။ 
TEDB : ဒီကားမှာ ကျွန်မတို့က ကိုယ့်မိသားစုမှာ ဆုံးသွားတဲ့ သားငယ်လေးကို ဆုံးတယ်လို့ကို လက်မခံနိုင်တဲ့ အဖေ၊ အမေနဲ့ အစ်မပေါ့။ သားလေးက သူ့ရဲ့မွေးနေ့မှာပဲ အက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားတာဆိုတော့ ကျွန်မတို့က သားလေးကိုဆုံးတယ်လို့ကို ဘယ်လိုမှလက်ခံလို့မရတဲ့ နည်းနည်းဆိုက်ကိုဖောက်နေတဲ့ မိသားစုပုံစံမျိုးပါ။ ကျွန်မမှာသမီးတစ်ယောက်ရှိတယ်၊ ကျွန်မရဲ့ အမျိုးသားကတော့ ကိုလွင်မိုးပေါ့နော်။ ဒီကားကို ကျွန်မတို့က ဇွန်လ ၁ ရက်နေ့မှာ စရိုက်မှာပါ။ 

Voice : ဇာတ်ရုပ်ပိုင်းနဲ့ပတ်သက်ပြီး ကိုယ့်ဘက်ကနေ ဘာတွေကြိုတင်ပြင်ဆင်ထားပြီးပြီလဲ။ 
TEDB : ဒီကားရဲ့ ဇာတ်ကို ဖတ်လိုက်တဲ့အချိန်မှာ ဇာတ်က အရမ်းကောင်းနေတယ်။ ဒီဇာတ်က ထူးပိုင်တို့ လုပ်ထားတဲ့ ဇာတ်လေးပေါ့နော်၊ ဇာတ်က ဖတ်ရင်းဖတ်ရင်းနဲ့ကို လက်ကမချချင်တဲ့ ဇာတ်မျိုးပါ။ ဒါပေမဲ့ ကြောက်ရတာလည်း အသေအလဲပဲ၊ ဘာဖြစ်မလဲ၊ ဘာဖြစ်မလဲဆိုပြီး စိတ်တအားဝင်စားရတယ်။ ထူးပိုင်တို့ ဇာတ်ဖမ်းထားတာတွေ၊ ဇာတ်ညွှန်းတွေက သိပ်ကောင်းတယ်လေ။ အဲ့ဒါကြောင့် ကျွန်မအနေနဲ့ ဒီဇာတ်ကို အရမ်းသဘောကျတယ်၊ တော်တော်လေးလည်း ရိုက်ချင်တယ်၊ ရိုက်ခွင့်လည်း ရခဲ့တယ်။ အဓိက ကျွန်မက ပြင်ဆင်တာထက် ထူးပိုင်တို့က အရာရာကို အရမ်းပြင်ဆင်တယ်။ သူတို့ဆင်တဲ့ အဝတ်အစားတွေကို ကျွန်မတို့ ဝတ်ရမယ်၊ ငြင်းခွင့်မရှိဘူး၊ မိတ်ကပ်ဆိုလည်း သူတို့လိမ်းပေးတဲ့ မိတ်ကပ်နဲ့ ကျွန်မတို့သွားရမယ်၊ ငြင်းခွင့်မရှိဘူး။ ဒါတွေကအစ စာချုပ်ထဲ ထည့်ချုပ်တာပါ။ သူက ကျွန်မကို ထွန်းအိန္ဒြာဗိုလို့ သရုပ်ဆောင်ခိုင်းတာထက် သူ့ဇာတ်ရုပ် ပီပြင်ဖို့ပဲ သူစဉ်းစားတယ်ဆိုတော့ ကျွန်မလည်း လုပ်ကြည့်မယ်ဆိုပြီး လက်ခံရိုက်ကူးဖြစ်တာပါ။ နောက် ကျွန်မက သူ့ရဲ့ “ည” ရုပ်ရှင်ကားကိုလည်း ကြည့်ဖူးတော့ သူ့ကိုလည်း ယုံကြည်တဲ့အတွက် ရိုက်ကူးဖြစ်တာပေါ့နော်။ 

Voice : ထူးပိုင်ဇော်ဦးရဲ့ “ည” ရုပ်ရှင်ကားကိုလည်း ကြည့်ပြီးပြီ၊ သူ့ကိုလည်း သဘောကျတယ်ဆိုတော့ သူ့ရဲ့ အနုပညာအရည်အသွေးပိုင်းကို ဘယ်လိုအကဲခတ်မိလဲ။ 
TEDB : ကျွန်မအမြင်အရ သူက တော်တော်ကို Talent မြင့်တယ်၊ ကျွန်မ ဦးကျော်ဟိန်းနဲ့ အလုပ်တွေ အများကြီး လုပ်ခဲ့တုန်းကလည်း ဦးကျော်ဟိန်းက ကျွန်မကို အမြဲတမ်းဆုံးမတယ်၊ ဇာတ်ကားတစ်ကားမှာ ဇာတ်ညွှန်းနဲ့ တည်းဖြတ်တာက အသက်ပေါ့နော်။ ထူးပိုင်ကကျတော့ ဇာတ်ညွှန်းလည်း ကိုယ်တိုင်ရေးတယ်၊ အဲ့ဒါကြောင့် ဇာတ်ညွှန်းသိပ်ပိုင်တယ်။ နောက် သူက ကားရိုက်ပြီးတော့ အယ်ဒီတာကို ဆက်ခိုင်းတာမျိုး မဟုတ်ဘူး၊ သူကိုယ်တိုင် ထိုင်ဆက်တာဆိုတော့ တည်းဖြတ်လည်း တော်တော်ပိုင်တဲ့အတွက်ကြောင့် သူ့မှာက အားသာချက်တွေက တော်တော်များများရှိတယ်လို့ ကျွန်မ ထင်ပါတယ်။ သူ့ရဲ့ “ည” ရုပ်ရှင်ကားကလည်း တော်တော်ပြည့်စုံတယ်လို့ ကျွန်မ ခံစားရပါတယ်။ 

Voice : ဖွေးဖွေးနဲ့ ရှေ့မှာကားရိုက်ဆုံဖူးလား၊ မိုးကုတ်သူနှစ်ယောက်ရဲ့ ဆုံစည်းမှုက ပရိသတ်တွေအတွက် ဘယ်လိုထူးခြားမှုတွေ ယူဆောင်လာပေးနိုင်မလဲ။ 
TEDB : ကျွန်မက ဖွေးဖွေးနဲ့ ကြော်ငြာလေးတစ်ခုမှာပဲ ဆုံဖူးတယ်၊ ကားရိုက်ဘက်မှာတော့ မဆုံဖူးသေးဘူး။ ဒါပေမဲ့ ဖွေးဖွေးကားတွေကို ကျွန်မကြည့်ြ့ဖစ်တော့ သူ့ကို ကြိုက်တယ်။ နောက် ဒီကားမှာ ကျွန်မနဲ့ဖွေးဖွေးဆုံရတဲ့အခန်းက တအားအများကြီး တော့မဟုတ်ဘူး၊ သီးသန့်ဆီတော့ သွားရတယ်။ သူ့နဲ့တွေ့ရတဲ့ အခန်းလေးတွေလည်း ရှိပါတယ်။ ဘယ်လိုပဲပြောပြော သူလည်း သူ့အနုပညာနဲ့ သူ့ဇာတ်ရုပ်ကိုအပီအပြင်လုပ်မယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်။ 

Voice : “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးကနေ တစ်နှစ်ကို ဘယ်နှကားလောက် ရိုက်သွားမှာလဲ၊ အရေအတွက် ကန့်သတ်ထားတာမျိုးရှိလား။ 
TEDB : အစတုန်းကတော့ ကျွန်မတို့ကတစ်နှစ်ကိုနှစ်ကား၊ သုံးကားလောက် ရိုက်ကြမယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ရေး ထောင်လိုက်တာပေါ့နော်။ ဒါပေမဲ့ တကယ်လုပ်ကြည့်တဲ့အချိန်ကျတော့ မအားတဲ့ကြားထဲကနေ လုပ်ရတာဖြစ်တဲ့အတွက် တစ်နှစ်မှာ နှစ်ကားရိုက်နိုင်ဖို့တောင် တော်တော်လေး လုပ်ယူနေရတာကို လက်တွေ့ရင်ဆိုင်နေရတယ်။ နောက်ပိုင်းမှာတော့ မသိသေးဘူးပေါ့နော်၊ ကျွန်မလည်း အလုပ်တွေ ချဲ့လိုက်မယ်ဆိုရင်တော့လည်း အလုပ်တွေပိုလုပ်ဖြစ်မလား မပြောတတ်ဘူး။ လက်ရှိမှာက ကိုခန့်နဲ့ မခိုင်လေးကလည်း အရမ်းအလုပ်တွေ လုပ်နေရတဲ့အချိန်ဆိုတော့ ထင်သလောက် အရေအတွက်က မထွက်နိုင်သေးဘူးဖြစ်နေတယ်။ ဒါပေမဲ့ လာမယ့် ဆယ်လပိုင်းမှာတော့ နောက်ထပ်ရုပ်ရှင်တစ်ကားရိုက်ဖို့ စီစဉ်နေပါတယ်။ 

Voice : လတ်တလောမှာ ဇေရဲထက်ထုတ်လုပ်ရေးကရိုက်တဲ့ “မြင့်မိုရ်ထက်မြင့်သော မာတာ” ဗီဒီယိုကားမှာ ပါဝင်သရုပ်ဆောင်နေတာဆိုတော့ ဇာတ်ကားပုံစံက ဘယ်လိုမျိုးလဲ။ 
TEDB : ဒီကားမှာ ကျွန်မက သားကိုချစ်တဲ့ စိတ်တစ်ခုပဲရှိတယ်။ သားရဲ့ ရှေ့ရေး၊ နောက်ရေးကို သိပ်မတွေးတတ်တဲ့ ခပ်ရိုးရိုး အမေတစ်ယောက်၊ ကိုယ်ကလည်း မလည်ဘူး၊ မာနလည်းကြီးတဲ့ဇာတ်ရုပ်ပုံစံမျိုး ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားကိုကြည့်ပြီး ပရိသတ်တွေအနေနဲ့ ပညာယူမယ်ဆိုလည်း ပညာရနိုင်တာပေါ့နော်။ အဓိက သားသမီးကိုချစ်တာတစ်ခုတည်းနဲ့ မပြီးဘူးတဲ့ သဘောပေါ့လေ။ မိဘဆိုတာ သားသမီးရဲ့ ရှေ့ရေးအတွက် ဉာဏ်ရှိဖို့ လိုအပ်တာလေးတွေကိုတော့ မီးမောင်းထိုးပြနိုင်လိမ့်မယ်လို့တော့ ကျွန်မထင်ပါတယ်။ ဒီကားမှာ ကျွန်မနဲ့အတူ ဇေရဲထက်၊ ကိုနေဆန်း၊ မတင်ဇာဝင်းပြည့်၊ နှိုင်းယှဉ်မြင့်မိုရ် စတဲ့ သရုပ်ဆောင်ပေါင်းများစွာတို့ ပါဝင်ထားကြပါတယ်။ ဒါရိုက်တာကတော့ ဇော်မိုးထွေးပါ။

ဝင်းထွန်းနိုင်