News

POST TYPE

INTERVIEW

မီးနိုနဲ့ တွေ့ဆုံခြင်း
27-May-2018 tagged as အနုပညာ



“ဒီခွေလေးကို အရမ်းကြီးပေါက်သွားဖို့တော့ မမျှော်လင့်ပါဘူး။ ကိုယ်အကောင်းဆုံး လုပ်ထားတဲ့အတွက် ထိုက်တန်တဲ့ ရလဒ်တစ်ခုတော့ ပြန်ရမယ်လို့ ယုံကြည်ပါတယ်”

တေးသံရှင် မီးနိုနဲ့ တွေ့ဆုံပြီး မေလ ၂၇ ရက်နေ့မှာ ထွက်ရှိမယ့် “ပြိုင်ပွဲ” စီးရီးမှာ ပါဝင်တဲ့ သီချင်းတွေအကြောင်း၊ ယှဉ်ပြိုင်ခဲ့တဲ့ သီချင်းဆို ပြိုင်ပွဲတွေနဲ့ ပတ်သက်တဲ့ အမှတ်တရ ဖြစ်ရပ်တွေအကြောင်းနဲ့ စီးရီးအပေါ် မျှော်လင့်ချက်တို့ကို The Voice က မေးမြန်း ဖော်ပြထားပါတယ်။ 

Voice : ဒီစီးရီးအတွက် Samsung Myanmar စပွန်ဆာပေးထားတာဆိုတော့ သူတို့နဲ့ စာချုပ်ရှိလား။
MN : Samsung Myanmar က Galaxy Star သီချင်းဆိုပြိုင်ပွဲပြီးကတည်းက မီးနိုတို့ နောက်ဆုံးဆန်ခါတင် ဆယ်ယောက်လုံးကို စာချုပ်ချုပ်ခဲ့တာပါ။ ပြိုင်ပွဲပြီးတော့လည်း မီးနိုတို့ကို အစစအရာရာ ပံ့ပိုးပေးခဲ့တယ်။ တစ်ကိုယ်တော်စီးရီး ထွက်မယ်ဆိုတော့လည်း မီးနိုတို့ ဖြစ်ချင်တာတွေကို သူတို့ဘက်က အကောင်းဆုံးပံ့ပိုးပေးခဲ့ပါတယ်။ သူတို့ရဲ့ ကူညီမှုကြောင့် ဒီစီးရီးလေးကို အဆင်ပြေပြေနဲ့ ထွက်နိုင်ခဲ့တာပါ။ 

Voice : မိးနိုက သီချင်းဆိုပြိုင်ပွဲနှစ်ခုလောက် ပြိုင်ခဲ့ဖူးတယ်နော်။ ဒုတိယတစ်ကိုယ်တော်စီးရီး ခေါင်းစဉ်ကို “ပြိုင်ပွဲ” လို့ ပေးဖြစ်တာက ဘာကြောင့် ဖြစ်မလဲ။
MN : မီးနိုက သီချင်းဆိုပြိုင်ပွဲတွေ ပြိုင်ခဲ့ပေမယ့် သူများတွေနဲ့ ပြိုင်မယ်ဆိုတဲ့ စိတ်လည်း မရှိခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ့်ပြိုင်ရကောင်းမှန်းလည်း မသိခဲ့ဘူး။ ဒါကတော့ ငယ်တဲ့ အရွယ်မှာပေါ့နော်။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက မယ်လိုဒီဝေါလ် ပြိုင်တုန်းကပေါ့။ နောက်ထပ် ကိုးနှစ်လောက်အကြာမှာတော့ Galaxy Star ကို ထပ်ပြိုင်ခဲ့တယ်။ ပြိုင်ခဲ့တဲ့ အကြောင်းရင်းကလည်း Winner ဖြစ်ချင်တာထက် ပရိသတ်တွေနဲ့ ပြန်ပြီးတော့ ထိတွေ့ချင်တာပါ။ ပြိုင်ပွဲတွေ ဝင်ပြိုင်ရင်းနဲ့မှ သူများတွေကို ပြိုင်ရတာထက်၊ ကိုယ့်ကိုယ်ကိုယ် ပြိုင်ရတာက ပိုကောင်းတယ်ဆိုတာကို သိလာပါတယ်။ စီးရီး Title သီချင်းကိုလည်း မီးနိုကြိုက်တဲ့ “ပြိုင်ပွဲ” ဆိုတဲ့ နာမည်လေးကို ရွေးလိုက်တာပါ။

Voice : ပထမဆုံး တစ်ကိုယ်တော်စီးရီး “ဓားတစ်စင်းနဲ့ ချစ်မိခြင်း” က မီးနိုငယ်တဲ့အရွယ်မှာ ထွက်ခဲ့တာနော်။ လက်ရှိမှာက အတွေ့အကြုံတွေလည်း ရင့်ကျက်လာပြီဆိုတော့ ဘာတွေပြောင်းလဲလာလဲ။
MN : ဓားတစ်စင်းနဲ့ ချစ်မိခြင်းစီးရီးကတော့ ကိုယ့်စိတ်ကြိုက်လုပ်ခဲ့တဲ့ ခွေလို့ ပြောလို့ရပါတယ်။ ဘယ်သူ့မှလည်းမမေးဘဲ ကိုယ့်အကြိုက် သီချင်းတွေပဲထည့်ခဲ့တယ်။ ဒုတိယခွေမှာတော့ အားလုံးရဲ့ ပံ့ပိုးပေးမှုကြောင့် ပရိသတ်တွေရဲ့ ခံစားချက်ကိုလည်း တွေးပေးပြီးတော့ သီချင်းတွေကို မီးနိုအကောင်းဆုံး လုပ်ထားတယ်။ သီချင်းတိုင်းမှာလည်း Mood အပြည့်နဲ့ စိတ်နှစ်ပြီးတော့ဆိုခဲ့တယ်။ အဓိက ကျေးဇူးတင်ရမှာတော့ Galaxy Star ကိုပါ။ ကိုရီးယားမှာ မီးနိုတို့ Training သွားဆင်းခဲ့တုန်းက ကိုယ်မသိခဲ့တဲ့အရာတွေ အများကြီးသိခဲ့ရတယ်။ ဆိုပုံဆိုပေါက်တွေကအစ မီးနိုတို့ တိုးတက်လာခဲ့ပါတယ်။

Voice : စီးရီးနှစ်ခွေမှာ မတူညီတဲ့ အဓိက အပြောင်းအလဲတွေဆိုရင် ဘာတွေဖြစ်မလဲ။
MN : ဒီခွေထဲမှာတော့ Indie Style နဲ့ R&B ပုံစံ သီချင်းတွေပါမယ်။ R&B ဆိုပေမယ့်လည်း Pop  ဘက်သွားတဲ့ ပုံစံမျိုးတော့မဟုတ်ဘူး။ Heavy ဖြစ်မယ့် ပုံစံမျိုး ဆိုထားတယ်။ ဒီခွေ မထွက်ခင် အွန်လိုင်းမှာ အနှောင်အဖွဲ့ဆိုတဲ့ သီချင်းလေးကို တင်ပေးခဲ့တယ်။ အဲ့ဒီသီချင်းကတော့ ပရိသတ်တွေ တော်တော်များများရဲ့ ရင်ထဲကို ရောက်ခဲ့တယ်လို့ ထင်ပါတယ်။ ရှေ့ခွေထက်စာရင် အခုထွက်မယ့် ခွေကိုတော့ မီးနို တော်တော်အားရပါတယ်။ သီချင်းပုံစံတွေနဲ့ ကိုယ့်ရဲ့ ဆိုပုံဆိုပေါက်တွေရော အကုန်အားရပါတယ်။

Voice : ဇွန်လထဲမှာ ပရိသတ်တွေကို သီချင်းသစ်တစ်ပုဒ်ပေးဖို့ရှိတယ်လို့ ကြားတယ်။ အဲ့ဒီအကြောင်းလည်း ပြောပြပေးပါဦး။
MN : Samsung က မီးနိုခွေအတွက် စပွန်ဆာပေးထားတာဆိုတော့ MTV တစ်ပုဒ်ပါ ရိုက်ပေးမယ်လို့ ပြောတယ်။ သူတို့ကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို ရွေးခိုင်းလိုက်တော့ ပရိသတ်တွေ ကြိုက်ကြတဲ့ “ငါ့ကိုချစ်ရင်” သီချင်းကို သူတို့က ရွေးလိုက်တယ်။ ဇွန်လ ဒုတိယပတ်လောက်မှာတော့ ဒီသီချင်းရဲ့ Music Video ကို တင်ပေးပါမယ်။ ဒီခွေထွက်ပြီးပြီးချင်မှာတော့ “အနိုင်အရှုံး” ဆိုတဲ့ သီချင်းလေးကိုလည်း တင်ပေးဖို့ရှိပါတယ်။

Voice : “ပြိုင်ပွဲ” စီးရီးနဲ့ ပတ်သက်ပြီးတော့ရော ပရိသတ်အားပေးမှုကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
MN : ဒီခွေလေးကို မီးနို အကောင်းဆုံးလုပ်ထားပါတယ်။ သီချင်းလေးတချို့ကို အတိုလေးတွေ အွန်လိုင်းမှာ တင်ပေးတော့လည်း ပရိသတ်တွေ အားပေးကြတဲ့အတွက် ဝမ်းသာပါတယ်။ ဒီခွေလေးကို အရမ်းကြီးပေါက်သွားဖို့တော့ မမျှော်လင့်ပါဘူး။ ကိုယ်အကောင်းဆုံးလုပ်ထားတဲ့အတွက် ထိုက်တန်တဲ့ ရလဒ်တစ်ခုတော့ ပြန်ရမယ်လို့ ယုံကြည်ပါတယ်။ စီးရီးအတွက် Promotion ပွဲကိုတော့ မေလ ၂၇ ရက်နေ့၊ ညနေ ၃ နာရီကနေ ၇ အထိ လှည်းတန်းစင်တာမှာ လုပ်ပါမယ်။ အမှတ်တရလက်ဆောင်လေးတွေလည်းပေးပါမယ်။ သီချင်းတွေနဲ့လည်း ဖျော်ဖြေပါမယ်။

သန့်ဇင်ဦး