News

POST TYPE

INTERVIEW

လှယဉ်ကျေးနဲ့ တွေ့ဆုံခြင်း
24-May-2018 tagged as အနုပညာ

“အစကတော့ မင်းသမီး ရုပ်ဆိုးလိုက်တာလို့  ပြောကြပေမယ့် နောက်ပိုင်းမှာ ကြည့်ရင်း ကြည့်ရင်းနဲ့မှ ချစ်လာတယ်လို့  ပြောထားတာတွေလည်း ရှိပါတယ်” 

“မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားနဲ့  ပရိသတ်အားပေးမှုရလာခဲ့တဲ့ သရုပ်ဆောင်လှယဉ်ကျေးနဲ့ တွေ့ဆုံပြီး ရုပ်ရည်နဲ့ပတ်သက်တဲ့ ဝေဖန်မှုတွေအပေါ် ခံစားမှု၊ လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း၊ အချစ်ရေးအကြောင်းနဲ့  ရုပ်ရှင်ဇာတ်ညွှန်းတစ်ခု ရေးနေတဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : “မုဒြာရဲ့ ခေါ်သံ” ရုပ်ရှင်ဇာတ်ကား ရုံတင်တုန်းက ကိုယ့်ရဲ့ သရုပ်ဆောင်မှုထက် ရုပ်ရည်ကို ဝေဖန်ကြတဲ့အပေါ် ဘယ်လိုခံစားရလဲ။
HYK : မုဒြာခေါ်သံ ရုပ်ရှင်ဇာတ်ကား ရုံတင်တုန်းက ပရိသတ်တွေက ညီမကို အမြင်စိမ်းနေတာကြောင့် ကြည့်ရတာ အဆင်မပြေဘူးပေါ့နော်။ ရုပ်ရှင်ဇာတ်လမ်းလေးကို ချစ်တဲ့အတွက်ကြောင့် သွားကြည့်ရင်းနဲ့မှ ညီမကို သံယောဇဉ်ဖြစ်သွားကြတယ်။ ဇာတ်ကားမှာ ကာရိုက်တာ မိမိနဲ့သရုပ်ဆောင်ခဲ့တာကိုလည်း လက်ခံပေးကြတယ်။ အစကတော့ မင်းသမီး ရုပ်ဆိုးလိုက်တာလို့  ပြောကြပေမယ့် နောက်ပိုင်းမှာ ကြည့်ရင်းကြည့်ရင်းနဲ့မှ ချစ်လာတယ်လို့ ပြောထားတာတွေလည်း ရှိပါတယ်။ အဲ့ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ 

Voice : လှယဉ်ကျေးက အနေအေးတာဆိုတော့ မင်းသမီးတစ်ယောက် အနေနဲ့ဆို ကိုယ့်ကိုယ်ကိုယ် ဘာတွေ ပြုပြင်ပြောင်းလဲရမယ်လို့ထင်လဲ။
HYK : ညီမကတော့ သူများတွေအတိုင်း လိုက်ပြင်ဖို့ဆိုတာထက်၊ ကိုယ့်ရဲ့ ရှိရင်းစွဲ ရုပ်ရည်အတိုင်းပဲ အဆင်ပြေအောင်နေသွားမှာပါ။ အခုကလည်း မိတ်ကပ်ပညာတွေကလည်း ကောင်းနေပြီဆိုတော့လေ၊ အရမ်းကြီး ပြောင်းလဲစရာတော့ မလိုပါဘူး။ ဒါပေမဲ့ ဘာမှမပြင်မဆင်ဘဲ အပြင်ထွက်သွားရင်တော့ ဘယ်လိုမှမလှဘူးပေါ့နော်။ ပြင်ရင်တော့ မိတ်ကပ်နဲ ဆံပင်ကြောင့် ရုပ်ပြောင်းသွားတာမျိုးတော့ ရှိပါတယ်၊ မျက်နှာခွဲစိတ် ပြုပြင်တာမျိုး ဆိုရင်တော့ နှာခေါင်းပြင်ချင်တယ်။ ဒါပေမဲ့ မလုပ်ရဲပါဘူး။ ပြင်ချင်တယ်လို့ ပြောတာတော့ ခဏခဏ ရှိနေပေမယ့် သတ္တိက မရှိပါဘူး။

Voice : လှယဉ်ကျေးက အချစ်ရေးနဲ့ပတ်သက်ပြီး ဘာသတင်းမှ မကြားရဘူးနော်။ သိုသိုသိပ်သိပ် နေတတ်လို့လား။
HYK : အချစ်ရေးကတော့ ထူးထူးခြားခြား ပြောပြစရာမရှိသေးပါဘူး။ တကယ်လို့ ကြေညာစရာရှိရင်တော့လည်း ကြေညာမှာပေါ့နော်။ အချစ်ရေးမှာ အားလုံးကတော့ အကောင်းဆုံးကို မျှော်လင့်ကြတာပဲပေါ့နော်။ ဘယ်လိုဖြစ်ရမယ်၊ ဘယ်ဝါဖြစ်ရမယ်ဆိုပြီး သတ်မှတ်ထားပေမယ့် တကယ်တမ်း ကိုယ်ချစ်တဲ့သူနဲ့  တွေ့လာရင်တော့ အဲ့ဒါတွေကို မေ့သွားတာပေါ့နော်။ ညီမကတော့ စိတ်သဘောထားမကောင်းတဲ့သူ၊ သူများအပေါ်မှာလည်း ကျော်ခွပြီးတော့ ကိုယ့်အောင်မြင်မှုတစ်ခုအတွက် ချနင်းတဲ့သူမျိုးမဟုတ်ရင် အဆင်ပြေပါတယ်။ ကိုယ်တိုင်လည်း အဲဒီလို မလုပ်ဘူး။ အဲဒီလို စိတ်ဓာတ်ရှိတဲ့သူမျိုးကိုလည်း မကြိုက်ဘူး။

Voice : မုဒြာခေါ်သံရုံတင်ပြီး နောက်ပိုင်းမှာ ကမ်းလှမ်းလာတဲ့ ဇာတ်ကားတွေ ရှိရင်လည်း ပြောပြပေးပါဦး။
HYK : ညီမက သရုပ်ဆောင်တာကို ဝါသနာအရမ်းပါပါတယ်။ ကျရာနေရာကနေ ပီပြင်အောင်လုပ်ပြနိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်လည်း ဖြစ်ချင်ပါတယ်။ မုဒြာခေါ်သံ နောက်ပိုင်းမှာတော့ ကမ်းလှမ်းလာတဲ့ ဇာတ်ကားတွေ မရှိသေးပါဘူး။ လက်ရှိမှာတော့ လက်ခံထားတဲ့ ရုပ်ရှင်ဇာတ်ညွှန်းတစ်ခုရေးနေပါတယ်။ ညီမက သရုပ်ဆောင်ဘက်မှာ ဝါသနာပိုပါပေမယ့် လောလောဆယ် အခွင့်အရေးမရသေးတဲ့အချိန်မှာ ဒီလောကထဲမှာပဲ ရပ်တည်ချင်တဲ့အတွက် ဇာတ်ညွှန်းဘက်ကိုပါ ခြေလှမ်းစနေတာပါ။

Voice : ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီးတော့ရော လေ့လာခဲ့တာမျိုးရှိလား။ လက်ရှိ ရေးနေတာကရော ဘယ်လိုဇာတ်လမ်းမျိုးဖြစ်မလဲ။
HYK : ညီမ အခု Laurel Production အတွက် ရုပ်ရှင်ဇာတ်ညွှန်း တစ်ခုရေးနေပါတယ်။ ဒါက ညီမအတွက် ပထမဆုံးရတဲ့ အခွင့်အရေးပါ။ ဒီဇာတ်ညွှန်းပုံစံကတော့ ထူးထူးခြားခြား ဒရာမာပုံစံကြီးတော့ မဟုတ်ပါ ဘူး။ လူငယ်အကသမားလေးတွေရဲ့ အကြောင်းကို ရေးထားတာပါ။ ဇာတ်ညွှန်းနဲ့ ပတ်သက်လို့ကတော့ ၂၀၁၂ ခုနှစ်လောက်ကတည်းက Laurel Arts သင်တန်းကျောင်းမှာ တက်ကတည်းက ဝါသနာပါခဲ့တာပါ။ နမူနာ ဇာတ်ညွှန်းစာအုပ်လေးတွေ ကြည့်တယ်။ စာအုပ်တွေဖတ်ပြီး လေ့လာတယ်။ သေသေချာချာ ထဲထဲဝင်ဝင် လုပ်မယ်လို့  ဆုံးဖြတ်ပြီးတဲ့အချိန်မှာ ဇာတ်ညွှန်းရေးဆရာ တစ်ယောက်ဆီသွားပြီး လေ့လာတယ်။ MMDC မှာလည်း ဇာတ်ညွှန်းရေးနည်း သင်တန်းတက်ခဲ့ပါတယ်။

Voice : ဇာတ်ညွှန်းရေးတဲ့အခါမှာရော ဘယ်လိုလိုင်းမျိုးကို ပိုပြီးရေးချင်လဲ။ ဥပမာ ဒရာမာလား၊ အက်ရှင်လား၊ ဟာသလား။
HYK : ညီမကတော့ ရုပ်ရှင်လောကမှာ ဖြစ်နေတဲ့ ရေစီးကြောင်းတစ်ခုကို လိုက်တာထက်၊ ကိုယ်ဖန်တီးချင်တဲ့ ဇာတ်လမ်းတစ်ခုကို ပရိသတ်ခံစားလို့ရအောင် ရေးပြချင်တယ်။ အခုရေးနေတဲ့ ဇာတ်ညွှန်းမှာဆိုလည်း အပြင်မှာ Street Dancer တွေက ဒီလိုတွေ ဖြစ်နေတယ်ဆိုပြီး လိုက်ရေးတာထက် သဘာဝကျအောင်လို့ ကိုယ့်ဘာသာကိုယ် ဖန်တီးရတာကို ကြိုက်တယ်။ အကသမားတွေအကြောင်း ဇာတ်ညွှန်းရေးမှာဖြစ်တဲ့အတွက် အကနဲ့ပတ်သက်ပြီး သိရအောင် အကသင်တန်းသွားတက်တယ်။ အကသမားတွေအချင်းချင်း ဘယ်လိုစကားလုံးတွေ သုံးကြလဲဆိုတာ လေ့လာတယ်။ အကနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေကြည့်ပါတယ်။ 

Voice : ဒီဇာတ်ညွှန်းကို ဘယ်ဒါရိုက်တာက ပုံဖော်ရိုက်ကူးပေးမှာလဲ။ ကိုယ့်ရဲ့ပထမဆုံးဇာတ်ညွှန်းအတွက် ကိုယ်တိုင်ရော ဘယ်လိုရင်ခုန်မှုရှိလဲ။
HYK : ညီမရေးတဲ့ ဇာတ်ညွှန်းကို အစက ဒါရိုက်တာကိုဝိုင်းနဲ့ ရိုက်မယ်လို့ သိထားတယ်။ နောက်တော့လည်း ဒါရိုက်တာပြောင်းသွားတယ်လို့ ကြားပါတယ်။ ကိုယ့်ရဲ့ပထမဆုံး ဇာတ်ညွှန်းကို ရုပ်ရှင်ကားကြီး ရိုက်မှာဖြစ်တဲ့အတွက် ညီမကတော့ ရင်ခုန်ပါတယ်။ ဇာတ်ကားထွက်လာရင် ပရိသတ်တွေ ဘယ်လိုပြောကြမလဲ ဆိုတာကိုတွေးပြီး ကြောက်နေတယ်။ ညီမကတော့ ကိုယ်လုပ်ချင်တာလေးတွေကို လူငယ်တစ်ယောက်ရဲ့  စိတ်ကူးနဲ့တွေးပြီး လုပ်ထားတဲ့အတွက် ကိုယ်ဖြစ်ချင်တာလေးတွေကို ပုံဖော်ပြီးရေးထားတဲ့အတွက် လိုအပ်ချက်တွေလည်း ရှိနိုင်ပါတယ်။ ညီမရဲ့ လိုအပ်ချက်တွေကိုလည်း ဝေဖန်အကြံပြုလို့ ရပါတယ်။

သန့်ဇင်ဦး

  • VIA