News

POST TYPE

INTERVIEW

မေသန်းနုနဲ့ တွေ့ဆုံခြင်း
23-May-2018



“မဆင့်ဆိုရင် အိမ်ထောင်ရေးအဆင်မပြေတုန်းကလည်း တော်တော့်ကို အဆင်မပြေခဲ့ပေမယ့် အကောင်းဆုံး ဖြတ်ကျော်ခဲ့တယ်” 

မကြာသေးခင်က မြန်မာပြည်ကိုပြန်လာပြီး “Look At Me” ဇာတ်လမ်းတိုကို လာရောက်ရိုက်ကူးခဲ့တဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်အကြောင်း အပြည့်အစုံကို မိခင်ဖြစ်သူ သရုပ်ဆောင်မေသန်းနုနဲ့ တွေ့ဆုံပြီး The Voice က မေးမြန်း ဖော်ပြလိုက်ပါတယ်။ 

Voice : “Look At Me” ဇာတ်လမ်းတိုက မဆင့်တို့ရဲ့ Broken Family အကြောင်းကို အတိအကျ ရိုက်ပြထားတာလား။ 
MTN : သားက သူ့ရဲ့ကျောင်းမှာ စာမေးပွဲဖြေဖို့အတွက် မိသားစု ဇာတ်လမ်းတိုလေး ရိုက်ချင်တယ်ဆိုတော့ မဆင့်က သားသားက ဘာလို့ရိုက်ချင်တာလဲမေးတယ်။ သူက မဆင့်ကို အဲဒီဇာတ်လမ်းက သူ့အနားမှာရှိနေတာလို့ ပြောတယ်၊ တကယ်တော့ သူ့ရဲ့ဇာတ်လို့ပြောချင်တာပါ။ ဇာတ်လမ်းက လက်ရှိအချိန်ကို ရိုက်တာတော့ မဟုတ်ဘူး၊ သူအသက်ခုနစ်နှစ်၊ ရှစ်နှစ်လောက်က ဖီလင်ကိုပြတာပေါ့နော်။ မိဘတွေက တစ်ဦးနဲ့တစ်ဦး အဆင်မပြေတဲ့အခါကျတော့ သားသမီးရဲ့ စိတ်ခံစားမှုကို မမြင်ဘူး။ ကိုယ့်ရဲ့လောဘ၊ ကိုယ့်ရဲ့အတ္တတွေရှိနေတော့ သားသမီးမှာ စိတ်ဒဏ်ရာတွေရရတယ်။ သူက အဲဒါလေးကိုရိုက်ပြတာပါ။ မဆင့်ကလည်း သရုပ်ဆောင်ဖြစ်နေတော့ ဇာတ်လမ်းတိုမှာ မေမေကိုယ်တိုင်ဝင်ပါပေးပါဆိုတာနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ အတိအကျကြီးတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ ဇာတ်လမ်းကျောရိုးလေးကတော့တူပါတယ်။ 

Voice : သားဖြစ်သူက ပထမဆုံးဒါရိုက်တာလုပ်ရိုက်တဲ့ကားဆိုတော့ မိခင်နေရာက ဘယ်လိုကူညီပေးခဲ့ရသေးလဲ။ 
MTN : မဆင့်ကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပဲ သူ့ကားကို ပံ့ပိုးပေးတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူကကိုယ့်ကို သရုပ်ဆောင်အဖြစ်ပဲထားထားတာလေ။ သူက ဒါရိုက်တာဖြစ်နေတော့ သူ့ရဲ့ ညွှန်ကြားမှု၊ စီမံမှုအောက်မှာပဲ မဆင့်အလုပ်လုပ်တယ်။ ကိုယ်က အမေဖြစ်နေလို့၊ သူ့ထက် နှစ်ပေါင်းများစွာ ဒီလောကမှာရှိနေလို့၊ အရမ်းတတ်နေတဲ့ပုံစံ မဆင့်ဘယ်တော့မှမလုပ်ဘူး။ သူကငယ်ပေမယ့် ဒီကားမှာ ဒါရိုက်တာလေ၊ သူလိုချင်တဲ့ပုံစံအတိုင်း မဆင့်တို့ လုပ်ပေးပါတယ်။ 

Voice : ကိုယ်က သရုပ်ဆောင်တစ်ယောက်ဆိုတော့ တခြားဒါရိုက်တာတွေ ရိုက်တာနဲ့ သားဖြစ်သူ ရိုက်တာ ဘာတွေကွားခြားတယ်ထင်လဲ။ 
MTN : မဆင့်ကတော့ ပြန်လာကတည်းက သူက ကလေးဆိုတော့ ရိုက်တတ်ပါမလားဆိုပြီး စိတ်ပူခဲ့တယ်။ ဒါပေမဲ့ သူရိုက်ပုံ၊ ရိုက်နည်းလေးက မဆိုးပါဘူး။ သူတို့ရဲ့ မူကတော့ ဒိုင်ယာလော့ခ်တွေအများကြီး ပြောတာ မကြိုက်ဘူး။ သူ့အဖေကကျတော့ ကားတွေမှာဆိုရင် ဒိုင်ယာလော့ခ်တွေ အများကြီးပြောတယ်လေ။ သားက ဖေဖေ အဲဒါကြီးက အောက်နေပြီ၊ မပြောရဘူးဆိုပြီး အဖေနဲ့ သားက စကားတွေများ နေတာပေါ့နော်။ အဓိက သားက ခံစားချက်ကို အမူအရာနဲ့ပဲ ပြချင်တယ်၊ ဒိုင်ယာလော့ခ်ကို လိုအပ်မှပြောတယ်။ နောက် သူတို့ရိုက်ကွင်းမှာ ကာလာတွေကို အရမ်းသတိထားတယ်။ ဥပမာ - စိတ်ရှုပ်တယ်ဆိုရင် ပတ်ဝန်းကျင်ကအစ ပြောင်းခိုင်းတယ်၊ မဆင့်တို့ကိုလည်း ဘယ်နှခန်းပါမယ်၊ ဘယ်အခန်းမှာ ဘယ်အရောင်လေးဝတ်ပါဆိုပြီးပြောတယ်။ မဆင့်တို့ဆီမှာ နှစ်ပေါင်းများစွာရိုက်နေတာပဲ၊ ကာလာတွေ တစ်ယောက်မှ မပြောကြဘူးလေ၊ ကိုယ်အဆင်ပြေသလို ဝတ်နေကြတယ်။ သူကတော့ မဟုတ်ဘူး၊ ဒီကာလာဝတ်ပေးပါ၊ ဟိုကာလာဝတ်ပေးပါ ပြောတယ်။ မဆင့်တို့က မရှိဘူးဆိုရင် ရအောင်ရှာဆိုပြီး ပြောတာပေါ့နော်။ အဲဒါကြောင့် ဖြစ်အောင် လုပ်ပေးရတာပဲ။ 

Voice : မိခင်တစ်ယောက်အနေနဲ့ ရှေ့လျှောက် သားအပေါ်မှာ ဘယ်လို ပံ့ပိုးမှုမျိုးတွေ လုပ်ပေးသွားမှာလဲ။ 
MTN : အဓိကတော့ သူ့အဖေ ပံ့ပိုးပေးမှာပေါ့နော်။ သားက သူ့အဖေရဲ့ တွဲဖက်ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် သူ့ဘာသာသူ ဦးဆောင်ပြီးတော့ သူ့အဖေကနေ နောက်ကနေ ပံ့ပိုးချင်ပံ့ပိုးမယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်လမ်းရှာရမယ်၊ ငွေရေးကြေးရေးရှာရမယ်ဆိုတော့ ဒါက သူ့အဖေကဏ္ဍဖြစ်သွားပြီ။ မဆင့်ကတော့ လိုအပ်တဲ့၊ ကိုယ်နဲ့ လိုက်တဲ့ဇာတ်ရုပ်ဆိုရင် သူက ခေါ်မှာပေါ့၊ တကယ်လို့ ကိုယ်နဲ့မလိုက်ဘူးဆိုရင်လည်း ကိုယ်က မိခင်တစ်ယောက်အနေနဲ့ တတ်နိုင်သလောက်ပံ့ပိုးပေးသွားမယ်။ 

Voice : ရိုက်ကွင်းမှာ မိသားစုသုံးယောက်ဆုံပြီး ရိုက်ထားတဲ့ဓာတ်ပုံလေးတွေလည်း တွေ့ရတယ်၊ မင်းသန့်ကလည်း မိဘတွေကို ပြန်ပေါင်းစည်းစေချင်တယ်လို့ ပြောထားသေးတယ်နော်။ 
MTN : ဘယ်ကလေးမဆို မိသားစုနဲ့ နေချင်ကြမှာပဲလေ၊ မိဘတွေကိုလည်း ပြန်ပေါင်းစည်းစေချင်ကြမှာပဲလေ။ ဒါပေမဲ့ မဆင့်တို့ကတော့ နှစ်တွေကလည်း ကြာပြီဆိုတော့ မောင်နှမလိုဖြစ်နေပြီပေါ့နော်။ အဲဒါကြောင့် အိမ်ထောင်တစ်ခု ပြန်တည်ဆောက်ဖို့ကို မဆင့်တို့ မစဉ်းစားတော့ဘူး။ သူ ရုပ်ရှင်ရိုက်လို့ လိုအပ်ရင် မဆင့်ဝင်ပါမယ်၊ မဆင့်လိုအပ်တဲ့ အကူအညီဆိုရင်လည်း သူကူညီပေးမှာပေါ့နော်၊ ဒီလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘဝတစ်ခုက ကိုယ်ကိုယ်တိုင် တည်ဆောက်ရတဲ့ အခါကျတော့ တချို့အရာတွေက သိပ်မလွယ်ဘူး။ 

Voice : မဆင့်က စိတ်ခံစားချက်နဲ့ အလုပ်ကိုရောထွေတာမျိုး မရှိဘူးနော်၊ ဘယ်လိုပြင်ဆင်ဖြစ်လဲ။ 
MTN : မဆင့်ကတော့ ကိုယ့်ရဲ့ခံစားချက်နဲ့ အလုပ်ကိုခွဲထားတယ်။ မဆင့်အတွေ့အကြုံအရ ကိုယ့်ရင်ထဲက ခံစားချက်ကို မသိစေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဆင့်တို့က စိတ်၊ မျက်နှာနဲ့ အလုပ်လုပ်ရတဲ့အခါကျတော့ တကယ်လို့ စိတ်ညစ်စရာတွေ၊ အဆင်မပြေမှုတွေရှိရင် မျက်နှာမှာ အလိုမကျမှုတွေက အလိုလိုသွားပေါ်တယ်။ ဒါပေမဲ့ မဆင့်ကတော့ အဲ့ဒါတွေကို အိမ်မှာဆိုလည်းအိမ်မှာထားခဲ့တယ်၊ လမ်းမှာဆိုလည်း လမ်းမှာထားခဲ့တယ်။ မဆင့်ဆိုရင် အိမ်ထောင်ရေး အဆင်မပြေတုန်းကလည်း တော်တော်ကို အဆင်မပြေခဲ့ပေမယ့် အကောင်းဆုံး ဖြတ်ကျော်ခဲ့တယ်၊ နောက် စီးပွားရေးလောကထဲမှာလည်း မဆင့်အနေနဲ့ အဆင်မပြေမှုတွေရှိတယ်။ ဒါပေမဲ့ မဆင့်ကတော့ အလုပ်နဲ့ခွဲခြားထားတယ်၊ အလုပ်က အလုပ်ပဲပေါ့နော်။

ဝင်းထွန်းနိုင်