News

POST TYPE

INTERVIEW

ဒေါက်တာကျော်နိုင်ဦးနှင့် တွေ့ဆုံခြင်း
23-May-2018



ဒေါင့်သန်းရောဂါ

“ရောဂါက အရမ်းပူတဲ့နေရာတွေမှာ ဖြစ်တတ်တယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အဖြစ်များတယ်”

ပြီးခဲ့သည့်ရက်ပိုင်းက ဒေါင့်သန်းရောဂါဖြစ်ပွားသည်ဟု ယူဆဖွယ်ရှိသူများကိုတွေ့ရှိရပြီး ၎င်းတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးကာ အခြေအနေကို စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယင်းရောဂါနှင့် ပတ်သက်သည့် အချက်အလက်များကို စာဖတ်သူများသိရှိနိုင်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်နိုင်ဦးနှင့် The Voice က မေးမြန်းဖြစ်သည်များကို ဖော်ပြလိုက်ပါသည်။

Voice : ဒေါင့်သန်းရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ ဆရာ။
Dr.KNO : ဒေါင့်သန်းရောဂါဆိုတာ ဗက်တီးရီးယားပိုးကြောင့်။ အခုဖြစ်တာက ဗက်တီးရီးယားပိုးကြောင့် ဖြစ်တာ။ တစ်ခုဖြစ်ပါတယ်။ သူက လူကိုကူးစက်နိုင်တဲ့ ရောဂါတစ်ခုဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဒေါင့်သန်း ရောဂါဖြစ်ခဲ့တာ ရာစုနှစ်တစ်ခုနီးပါးကြာပါပြီ။ ဒါနဲ့ ပတ်သက်တဲ့ ကာကွယ်ဆေးကို ၁၉၂၈ ခုနှစ်လောက် ကတည်းက ထုတ်ခဲ့တာဆိုတော့ အခုဆို နှစ်တစ်ရာလောက်ပေါ့။ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနအနေနဲ့ အရေးကြီးရောဂါတစ်ခုအဖြစ် သတ်မှတ်ထားပြီးတော့ နှစ်စဉ်ကာကွယ်ဆေးကို ရောဂါဖြစ်တတ်တဲ့နေရာတွေမှာ ထိုးနှံပေးနေပါတယ်။

Voice : ရောဂါရဲ့ကူးစက်မှုကရော။ ဘယ်လိုအရာတွေကနေတစ်ဆင့် ကူးစက်နိုင်တာပါလဲ။
Dr.KNO : ကူးစက်တာက တိရစ္ဆာန်အချင်းချင်းလည်း ကူးစက်တယ်။ တိရစ္ဆာန်ကနေလူကိုလည်း ကူးစက်တယ်။ လေကနေတစ်ဆင့်လည်း ကူးစက်တတ်ပေမယ့် ကူးစက်မှုကတော့ သိပ်မရှိဘူး။ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံမှာက ရောဂါပိုးပါတဲ့ အစားအသောက်စားတာ၊ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်အချင်းချင်း ထိတွေ့တာတွေကြောင့်ကူးတယ်။ ရောဂါဖြစ်ပွားဖူးတဲ့နေရာမှာရှိတဲ့ တိရစ္ဆာန်တွေမှာလည်း ကူးနိုင်တယ်။ ဥပမာ - မိတ္ထီလာမှာ ရောဂါဖြစ်ခဲ့ပြီဆိုရင် အဲဒီနေရာမှာ အဲဒီရောဂါပိုး နောက်ထပ် အနှစ်ခြောက်ဆယ်ကနေ ကိုးဆယ်အထိ ဆက်ရှိနေနိုင်တယ်။ သူက တခြား ရောဂါ နဲ့မတူဘူး။ နောက်ပြီး ရောဂါပိုးရှိတဲ့တိရစ္ဆာန်ရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့အသား၊ အရိုးတွေကနေ ဗက်တီးရီးယားပိုးက မြေကြီးပေါ်ကျမယ်။ မြေကြီးပေါ်ကျရင် ရာသီဥတုဒဏ်၊ သဘာဝဒဏ်ကို ခံနိုင်ရည်ရှိတဲ့အဆင့်အထိပြောင်းသွားတယ်။ ပိုးတုံးလုံးလိုပုံစံပဲ။ အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်လောက် ရောက်တဲ့အခါကျတော့ ပြန်ပေါက်လာတာ။ အရမ်းပူနေတဲ့အချိန် မြေကြီးပေါ်ရှိတဲ့ရောဂါပိုးတွေက ဒီအတိုင်း မပေါက်နိုင်သေးဘဲနဲ့ မိုးလေးတဖျောက်လောက်ကျလာပြီဆိုရင် နည်းနည်းလေးအစိုဓာတ် ရလာတဲ့အခါမှာ ရောဂါပိုးတွေက မြေကြီးပေါ်မှာ ပေါက်လာတယ်။ အဲဒီနေရာမှာ တိရစ္ဆာန်တွေကို လွှတ်ပြီးကျောင်းလိုက်တဲ့အခါမှာ ရောဂါပြန်ကူးစက်နိုင်တယ်။ ဒီတော့ ရောဂါက အရမ်းပူတဲ့နေရာတွေမှာ ဖြစ်တတ်တယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အဖြစ်များတယ်။

Voice : ဘယ်တိရစ္ဆာန်မဆို ကူးစက်နိုင်တာလား ဆရာ။
Dr.KNO : ဟုတ်တယ်။ မြန်မာနိုင်ငံမှာဆိုရင် ဒေါင့်သန်းရောဂါဖြစ်ခဲ့တဲ့ တိရစ္ဆာန်တွေက နွား၊ ကျွဲ၊ သိုး၊ ဆိတ်ပေါ့။ စာပေအထောက်အထားတွေအရဆိုရင် ကြက်တွေမှာလည်း တွေ့ရတယ်။ ဒီမှာ အထောက်အထားတွေ မရှိပေမယ့်လည်း သံသယဖြစ်ဖွယ်တွေရှိခဲ့တယ်လို့ ကြားထားပါတယ်။ တိရစ္ဆာန်ကနေ လူကိုကူးစက်တာက နှစ်နဲ့ချီပြီးကြာခဲ့ပါပြီ။ မကြာခဏဆိုသလို တွေ့ရပါတယ်။

Voice : ရောဂါကူးစက်တဲ့အခါ ဘယ်လိုလက္ခဏာတွေကို တွေ့ရပါသလဲ။
Dr.KNO : တိရစ္ဆာန်တွေမှာတော့ ရုတ်တရက်မှိုင်ပြီး အဖျားတက်တယ်။ ပြီးတော့ သေတယ်။ သေတဲ့အခါ နှာခေါင်း၊ ပါးစပ်၊ စအိုတွေကနေပြီး သွေးတွေထွက်လာမယ်။ အဲ့ဒီတော့ ပိုင်ရှင်တွေထင်တာက အပူလျှပ်ပြီး သေသွားသလိုလို ထင်တယ်။ ရုတ်တရက် သေတာက အများဆုံးဆိုတော့လေ။ သူ့မှာက နာတာရှည် ရောဂါပုံစံမရှိဘူး။ အမြန်ဆုံးက ရောဂါပိုးနဲ့ထိတွေ့ပြီး လေးနာရီအတွင်းသေတယ်။ လူတွေမှာဖြစ်ရင် အနာတွေပေါ်လာတာပေါ့။ လူမှာ ဖြစ်နိုင်တဲ့ပုံစံကလည်း နှစ်မျိုးရှိတယ်။ အရေပြားမှာ ဖြစ်တာနဲ့ အဆုတ်မှာ ဖြစ်တာပါ။ အဆုတ်မှာဖြစ်တဲ့ပုံစံကတော့ ဒီနိုင်ငံမှာ ဖြစ်တယ်လို့ တစ်ခါမှမကြားမိဘူး။ ဖြစ်ရင်တော့ အသက်ရှူကျပ်တယ်။ အသက်ရှူလမ်းကြောင်း နဲ့ပတ်သက်တဲ့ လက္ခဏာတွေပြပြီး သေနိုင်တယ်။ အရေပြားပေါ်မှာ ဖြစ်တဲ့အနာကိုတော့ အမဲနာလို့လည်း ခေါ်တယ်။ အနာပဆုပ်လို့လည်း ခေါ်တယ်။ ဖက်ခွက်နာလို့လည်း ခေါ်ပါတယ်။ အနာကြီးတွေက တဖြည်းဖြည်းနဲ့ ကြီးကြီးလာပြီးတော့ သေတဲ့အထိ ဖြစ်နိုင်တယ်။ ဖြစ်စမှာ အနာကသေးသေးလေး။ အလယ်မှာ အဆန်လေးနဲ့ကို တဖြည်းဖြည်းကြီး လာတယ်။ အနာကို ကိုင်လို့၊ ဆွလို့ရှိရင် နာတဲ့ပုံစံမပေါ်တော့ဘဲနဲ့ အနာကပိုကျယ်လာပြီး အသားတွေက ပုပ်ပြီးဆွေးလာတယ်။ အသားဟောင်းလောင်းကြီးတွေ ဖြစ်သွားတာပေါ့။

Voice : ဒီရောဂါနဲ့ပတ်သက်ပြီး ဘယ်လိုကြိုတင်ကာကွယ်သတိပြုသင့်ပါသလဲ။
Dr.KNO : လူတွေမှာအဖြစ်များတာကတော့ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်နဲ့ သူ့ရဲ့အသားကို ကိုင်တွယ်မိတာက အဓိကကူးတာပေါ့။ အဲဒီအသားကို သေချာကျက်အောင် ဗက်တီးရီးယားပိုးသေအောင် သေချာချက်စားရင်တော့ မဖြစ်နိုင်ဘူး။ ကြက်ငှက်တုပ်ကွေးလိုပဲလေ။ အဓိကက စားတဲ့သူမှာ သိပ်မဖြစ်ဘူး။ ကိုင်တွယ်တဲ့သူမှာ ပိုဖြစ်တာ။ ဒီတော့ တိရစ္ဆာန်မွေးမြူတဲ့ပိုင်ရှင်တွေကတော့ ကိုယ့်နေရာမှာ ဒီလိုရောဂါတွေ ဖြစ်ဖူးတယ်ဆိုရင် ကြိုတင်ကာကွယ်ဆေးထိုးထားဖို့လိုတယ်။ မှန်မှန်ထိုးထားဖို့လိုတယ်။ ကြိုတင်ကာကွယ်ဆေး ထိုးထားရင် ဒီရောဂါကနေ ကာကွယ်နိုင်တယ်။ တိရစ္ဆာန်သားရေနဲ့လုပ်ထားတဲ့ လယ်သာဖိနပ်တွေ၊ ဗုံတွေမှာ ပါတတ်တယ်။ နွားတစ်ကောင်က ဒေါင့်သန်းကြောင့်သေပြီး သူ့ရဲ့သားရေနဲ့ အသားတွေမှာ ပါတတ်တော့ သားရေကိုဖိနပ်လုပ်ပြီးစီးရင် ဖိနပ်ကို စီးတဲ့သူမှာလည်း ရောဂါဖြစ်နိုင်တယ်။ ဒါမျိုးတွေ ဖြစ်ဖူးလားဆိုတော့ မြန်မာနိုင်ငံမှာ ဖြစ်တဲ့သူတွေကလည်း ဘယ်သူမှမပြောကြဘူး။ ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေတော့ရှိတယ်။ အကောင်းဆုံးကတော့ တိရစ္ဆာန်မှာ ဒေါင့်သန်းရောဂါ သံသယဖြစ်ဖွယ်ရှိပြီဆိုရင် သူနဲ့ပတ်သက်တဲ့ ဘာပစ္စည်းကိုမှမယူဘဲနဲ့ မြေကြီးထဲမှာ တစ်ခါတည်းမြှုပ်ပစ်တာ၊ မီးရှို့ပစ်တာတို့ လုပ်ရမယ်။

Voice : ဆရာ့အနေနဲ့ ဒေါင့်သန်းရောဂါနဲ့ ပတ်သက်ပြီး လူထုကို သတင်းစကားပါးပေးပါဦး။
Dr.KNO : ဒေါင့်သန်းရောဂါဆိုတာ မြန်မာပြည်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတစ်ခုပါ။ တိရစ္ဆာန်ကနေ လူကိုကူးစက်တဲ့ရောဂါလည်း ဖြစ်တယ်။ ဒါကြောင့် ဒီရောဂါနဲ့ပတ်သက်ပြီး သတိရှိဖို့လိုတယ်။ ကျန်းမာတဲ့တိရစ္ဆာန်ရဲ့ အသားကိုပဲစားပြီးတော့ မကျန်းမာဘဲ သေသွားတဲ့တိရစ္ဆာန်၊ ရုတ်တရက်သေဆုံးတဲ့ တိရစ္ဆာန်၊ နှာခေါင်းတွေ၊ ပါးစပ်တွေကနေပြီးတော့ သွေးတွေ ဒါမှမဟုတ် ကတ္တရာအရောင် အရည်တွေကျတဲ့ တိရစ္ဆာန်တွေဆိုရင် ခပ်ဝေးဝေးကနေ ရှောင်သင့်တယ်။ နောက်ပြီး ရောဂါကူးစက်လာလို့ အရေပြားအနာဖြစ်လာပြီဆိုရင်လည်း နီးစပ်ရာကျန်းမာရေး ဌာနမှာ သွားပြီး ဆေးကုသမှုခံယူလို့ရှိရင် ပျောက်ကင်းနိုင်တယ်။ အသက်မသေဆုံးနိုင်ဘူး။ ဆေးကုသလို့ရတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ မြန်မာဆေးတွေ၊ ဆေးမြီးတိုတွေနဲ့ကုတာတော့ မလုပ်သင့်ဘူး။

Voice : ဟုတ်ကဲ့။ အခုလိုပြည့်စုံစွာ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။

သီတာဆွေ