News

POST TYPE

INTERVIEW

ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ကျော်ဇင်ဝေနှင့် တွေ့ဆုံခြင်း
16-May-2018 tagged as ကျန်းမာရေး



ကလေးချွဲကျပ်ခြင်း

“ချွဲပျော်ဆေးတွေ တိုက်တဲ့အခါကျတော့ ချွဲတွေက မတရားပျော်လာပြီး လေအိတ်ထဲရောက်လာနိုင်တယ်”

ကလေးငယ်များတွင် ချွဲကျပ်ခြင်းနှင့်ပတ်သက်၍ သတိပြုဖွယ်ရာအချက်များရှိပြီး ချွဲသံဖြင့်ချောင်းဆိုးတိုင်း ချွဲကျပ်ခြင်းမဟုတ်ပေ။ ချောင်းဆိုးသည့် အခြေအနေပေါ်မူတည်၍ ရောဂါဖြစ်ပွားမှုကွဲပြားမှုများနှင့် ကလေးမိဘများသိသင့်သည့်အချက်အချို့ကို ရန်ကင်းကလေးဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခကျော်ဇင်ဝေနှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ကလေးတွေမှာဖြစ်နိုင်တဲ့ ချွဲကျပ်တယ်ဆိုတာကို ရှင်းပြပေးပါဦး ဆရာကြီး။
Dr.KZW : ကလေးက ချွဲကျပ်တယ်ဆိုတဲ့စကားက နည်းနည်းနားလည်ဖို့လိုလိမ့်မယ်။ ချွဲကျပ်တယ်လို့ ပြောတိုင်းဟာ တကယ်ချွဲကျပ်တာ ဟုတ်ချင်မှဟုတ်မယ်။ ချွဲသံပါတဲ့ချောင်းကို ပြောတာလား။ မဟုတ်ရင် ချွဲကျပ်တယ်ဆိုတာက ချောင်းတော်တော်ဆိုးလာရမယ်။ အသက်အရွယ်နဲ့လိုက်ပြီးတော့ အသက်ရှူနှုန်းတွေက မြန်လာရမယ်။ ဒီထက်ပိုဆိုးလာရင် နံရိုးတစ်ခုနဲ့ တစ်ခုကြားမှာရှိတဲ့ ကြွက်သားတွေ၊ နံရိုးအောက်မှာရှိတဲ့ ကြွက်သားတွေဆောင့်ဆောင့်ရှူလို့ အထဲကိုချိုင့်ဝင်သွားအောင် ရှိုက်ရှူရတယ်ဆိုရင် တကယ်ကိုချွဲကျပ်၊ ရင်ကျပ်တယ်လို့ခေါ်တယ်။ ချောင်းဆိုးတယ်၊ အသံရှူမြန်တယ်၊ ရှိုက်ရှူလာတာကမှ တကယ်ချွဲကျပ်တာ။ ချွဲသံပါတဲ့ချောင်းက ပထမတစ်ဆင့်ပဲရှိတယ်။ ဘာမှအရေးမကြီးဘူး။ လည်ချောင်းကလာတဲ့ အသံတွေဖြစ်တယ်။ 

Voice : လည်ချောင်းကလာတဲ့ ချွဲသံပါတဲ့ချောင်းဆိုးတာကို ပြောပြပေးပါဦး။
Dr.KZW : လည်ချောင်းကလာတဲ့ အသံတွေဆိုတာက ဘာဖြစ်တတ်လဲဆိုတော့ ကလေးတွေမှာ လည်ချောင်းကတိုတိုလေး၊ လေပြွန်အဝနဲ့ အစာပြွန် အဝနဲ့က လည်ပင်းထဲမှာကပ်ပြီးရှိတယ်။ လေထွက်တဲ့အသံရှိမယ်။ တံတွေးမျိုချတဲ့အသံရှိမယ်။ တစ်ခါတလေ ကလေးကိုလှဲလိုက်ရင် နို့ပြန်လျှံထွက်တာရှိတယ်။ လေနဲ့ ရေနဲ့တွေ့တဲ့အခါ ဂလူး၊ ဂလူးဆိုတဲ့ အသံထွက်လာလိမ့်မယ်။ ဒါက ချွဲသံမဟုတ်ဘူး။ လေနဲ့ရေနဲ့တွေ့လို့ ထွက်တဲ့အသံပဲ။ အဲဒါကိုချွဲဆိုပြီး ချွဲပျော်ဆေးတွေ၊ ချောင်းဆိုးပျောက်ဆေးတွေ မတိုက်စေချင်ဘူး။ မြန်မာချွဲပျော်ဆေးရော၊ အင်္ဂလိပ်ချွဲပျော်ဆေးရောကို မလိုအပ်ဘဲ မတိုက်ရဘူး။ မလိုအပ်ဘဲနဲ့တိုက်ရင် တကယ်ချွဲတွေ ထွက်လာလိမ့်မယ်။ ကလေးကငယ်လို့ ချွဲကိုဟပ်မထုတ်နိုင်ရင် ကိုယ့်ချွဲနဲ့ ကိုယ်မွန်းကျပ်လာတာမျိုးတွေအထိ ဖြစ်နိုင်တယ်။ ဒါကြောင့် ချွဲသံပါတဲ့ ချောင်းအဆင့်ကို ဆေးမသောက်ကြပါနဲ့လို့ အကြံဉာဏ်ပေးချင်ပါတယ်။

Voice : ဟုတ်ကဲ့။ ချွဲသံပါတဲ့အဆင့်ထက်ပိုပြီး ချောင်းဆိုးခဲ့ရင်ရော ဘာတွေဆက်ပြီး ဖြစ်လာနိုင်ပါသလဲ။
Dr.KZW : ဒီနေရာမှာ အရေးကြီးတာက နမိုးနီးယား (အဆုတ်ရောင်ရောဂါ) လို့ ပြောမယ်ဆို ပြောလို့ရတယ်။ ပိုးပါလာတဲ့ သဘောရှိတယ်။ ငယ်တဲ့ကလေးတွေကတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ဖို့ ပိုများတယ်။ နည်းနည်းကြီးတဲ့ ကလေးတွေကတော့ ဗက်တီးရီးယားကြောင့် ဖြစ်တာများတယ်။ ဗိုင်းရပ်စ်ကြောင့်ပဲဖြစ်ဖြစ်၊ ဗက်တီးရီးယားကြောင့်ပဲဖြစ်ဖြစ် နမိုးနီးယားဖြစ်လာရင်တော့ ဖျားတာပါလာတယ်။ ချောင်းတွေတအားဆိုးလာမယ်။ အသက်ရှူတာက အသက်အရွယ်နဲ့လိုက်ပြီးတော့ ရှိသင့်ရှိထိုက်တာထက် ပိုမြန်လာမယ်။ ချောင်းဆိုးတာနဲ့ အသက်ရှူမြန်တာပါလာတာနဲ့တင် နမိုးနီးယားလို့ အကြမ်းဖျင်းပြောလို့ရတယ်။

Voice : အကယ်၍ နမိုးနီးယားပါဖြစ်လာခဲ့ပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ဖြစ်လာနိုင်ပါသလဲ။
Dr.KZW : ဆရာတို့က နမိုးနီးယားဆိုတဲ့နာမည်ကို ဆေးကုတာမဟုတ်ဘူး။ နမိုးနီးယားဘယ်လောက် ပြင်းထန်သလဲဆိုတာ လိုက်ကုရတာ။ ဖျားတယ်၊ နှာစေးချောင်းဆိုးတာလောက်ဆိုရင် ရိုးရိုးအအေးမိတဲ့ သဘောဖြစ်မယ်။ နမိုးနီးယားမဟုတ်ဘူး။ ရိုးရိုး နမိုးနီးယားက အိမ်မှာသောက်ဆေးနဲ့ပြီးတယ်။ နောက် နမိုးနီးယားဖြစ်လာတယ်ဆိုတဲ့အခါကျရင် ဖျားတာ၊ ချောင်းဆိုးတာအပြင် အသက်ရှူတာကပါ အသက်အရွယ်နဲ့လိုက်တဲ့ အသက်ရှူနှုန်းထက် ပိုမြန်လာမယ်ဆိုရင် ဒါက နမိုးနီးယားဝင်လာတာ။ သူကတော့ အိမ်မှာသောက်ဆေးသောက်ထားလို့ရတယ်။ ပိုပြီး ပြင်းထန်တဲ့ နမိုးနီးယားကျတော့ ဖျားတယ်၊ ချောင်းဆိုးတယ်၊ အသက်ရှူ မြန်လာတာတင်မကဘဲနဲ့ နံရိုးနဲ့ နံရိုးကြားက ကြွက်သားတွေ ချိုင့်ဝင်အောင် ရှိုက်ရှူလာရတယ်ဆိုရင် ပြင်းထန်နမိုးနီးယားပေါ့။ ဒါမျိုးက ဆေးရုံတက်ဖို့လိုလာမယ်။ သောက်ဆေးအစား ပိုးသတ်ဆေးကို အကြောကနေသွင်းပေးရမှာ။ ဆရာဝန်က ဆေးရုံတက်ဖို့ပြောလာရင် တကယ်လိုအပ်လို့ ပြောတာဖြစ်လို့ မငြင်းဖို့ တိုက်တွန်းလိုပါတယ်။ ပြင်းထန်တာထက်ပိုဆိုးတာက ပြာတာ၊ တက်တာတွေပါ ဖြစ် နိုင်တယ်။ ဒါက နည်းနည်းပြင်းထန်လာတဲ့ နမိုးနီးယားဖြစ်တယ်။ ဒီထက်ပိုမိုပြင်းထန်လာရင်တော့ ကလေးက အခုနကအဆင့်တွေတင် မကတော့ဘဲနဲ့ ကလေးက ပြာတဲ့အဆင့်တွေပါရောက်လာမယ်။ အသက်ရှူမဝလို့ မှိန်းသွားတာ၊ ယောက်ယက်ခတ်လာတာ၊ တက်လာတွေအထိ ဖြစ်နိုင်တယ်။ ဒါဆို ဆေးရုံတက်ကိုတက်ရတော့မယ်။ ပိုးသတ်ဆေးကို အကြောကနေ သွင်းပေးရုံတင်မကဘူး။ အောက်ဆီဂျင်ပါပေးရမယ့် အနေအထားရှိတယ်။ ပါးစပ်ကနေတောင် အစာတွေကျွေးဖို့ရာ သိပ်အဆင်မပြေဘူး။ ဒါတွေကို သတိပြုသင့်တယ်။

Voice : ဘယ်အချက်တွေကို အဓိကထား သတိပြုသင့်ပါသလဲဆရာ။
Dr.KZW : အဓိကက အသက်ရှူလမ်းကြောင်းမှာ ချောင်းဆိုးလာမယ်။ အဆုတ်ထဲမှာ လေအိတ်ကလေးတွေရှိတယ်။ လေအိတ်တွေက လေဝင်လေထွက် ကောင်းနေတယ်ဆိုရင် ပုံမှန်အသက်ရှူနေမယ်။ ပုံမှန်နမိုးနီးယားဝင်လာတဲ့အခါကျတော့ လေအိတ်တွေရဲ့ နံရံမှာရှိတဲ့ သွေးကြောထဲကနေ အရည်တွေက လေအိတ်ထဲကိုစစ်ချတယ်။ လေရှိရမယ့်နေရာမှာ ရေတွေက ဝင်လာတော့ ခဲသွားပြီး လေဝင်လို့မရတော့ မခဲသေးတဲ့လေအိတ်တွေက အလုပ်ပိုလုပ်လာရတဲ့အခါ အသက်ရှူမြန်လာတယ်။ လေအိတ်တွေက ခဲသွားလေ ပိုဆောင့်ရှူလာရတော့ အောက်ဆီဂျင်ပြည့်ပြည့်ဝဝ မရတော့ ပြာတာ၊ သတိလစ်တာ၊ တက်တာတွေအထိ ဖြစ်နိုင်တယ်။ နောက်ပြီးတော့ အအေးမိလို့ နှာချေတယ်၊ နှာရည်တွေကျတယ်၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲတာတွေက ရိုးရိုးအအေးမိတာ။ အဖျားရှိရင် ပါရာစီတမော သောက်မယ်။ နွေးနွေးထွေးထွေးနေရင် ကောင်းသွားမယ်။ ဒါပေမဲ့ ရိုးရိုး အအေးမိတာရော၊ Virus Infection ဝင်သွားရင် ကိုယ်ခံအားက ကျသွားတတ်တယ်။ အဲဒီလိုအချိန်မှာ Secondary Infection အနေနဲ့ Bacteria Infection ထပ်ဝင်လာတတ်တယ်။ ရိုးရိုးအအေးမိတဲ့ အဆင့်နဲ့တင်ရပ်နေရင် ကိစ္စမရှိဘူး။ နမိုးနီးယားသာ ဝင်လာရင် အပေါ်ကပြောခဲ့သလိုလက္ခဏာတွေ ဝင်လာနိုင်တယ်။ ဒါ့အပြင် ရိုးရိုးအအေးမိတာမဝင်ဘဲနဲ့ နမိုးနီးယား တိုက်ရိုက်ဝင်လာနိုင်တာလည်းရှိတယ်။ ဒါတွေကို သတိထားသင့်တယ်။

Voice : ကုသမှုအနေနဲ့ကရော ဆရာကြီး။
Dr.KZW : ရောဂါရဲ့ ပြင်းထန်တဲ့အပေါ်မှာ မူတည်ပြီးတော့ ကုသမှုကလည်း လိုက်လျောညီထွေရှိရမယ်။ ရိုးရိုးနမိုးနီးယားကို ကုသင့်တာက သောက်ဆေးနဲ့တင်ရတယ်။ ဒါကို အကြောဆေးသွားထိုးရင် အကြောဆေးရဲ့မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရသွားလိမ့်မယ်။ သောက်ဆေးနဲ့ထားပြီးရင်လည်း ပြန်ကြည့်ရတယ်။ သက်သာသွားသလား ဒါမှမဟုတ် ပိုဆိုးသလား။ သက်သာတဲ့ဘက်ဆိုရင် ဒီတိုင်းဆက်ကုရုံပဲ။ တန့်နေခဲ့ရင် နောက်ဆေးတစ်မျိုးကို ပြောင်းပေးရမလား စဉ်းစားရမယ်။ ဒါမှမဟုတ် ပိုဆိုးလာတယ်။ ချောင်းဆိုးတာ၊ အသက်ရှူမြန်တာအပြင် ရှိုက်ရှူလာတယ်ဆိုရင် အကြောဆေးပြောင်းရင် ပြောင်းရမယ်။ ကုထားပြီးရင်တော့ ဒီအတိုင်းလွှတ်ထားတာမဟုတ်ဘူး။ ပြန်ကြည့်ပြီး ဒီအပေါ်မှာ လိုက်လျောညီထွေ ပြောင်းပြီး ကုသမှုပေးရတာပါ။ နောက်တစ်ခုက ဆိုးတဲ့အဆင့်နဲ့ လာတဲ့ကလေးက ထိုးဆေးနဲ့ကုသင့်တာကို သောက်ဆေးနဲ့ ရိုးရိုးနမိုးနီးယား လိုသွားကုရင် ကလေးက အန္တရာယ်ပိုရှိသွားပြီ။ ကလေးတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်။ လန်းလွယ်သလို ညှိုးလွယ်တယ်လေ။

Voice : ကလေးမိခင်တွေအတွက် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သတင်းစကားလေးပါးပေးပါဦး။
Dr.KZW : မိခင်တွေက သူများပြောတိုင်း လိုက်လုပ်တာတွေရှိတယ်။ ဘယ်မြန်မာဆေးကိုတော့ ချွဲသံကြားလို့ ခွံ့ထားတယ်ဆိုတာမျိုးတွေ။ ဒါတွေက မလိုဘဲနဲ့ဘာလို့ခွံ့သလဲပေါ့။ မလိုအပ်ဘဲနဲ့ ဆေးတွေ မတိုက်ကြပါနဲ့လို့ ပြောချင်တာပါ။ ချွဲပျော်ဆေးတွေ တိုက်တဲ့အခါကျတော့ ချွဲတွေက မတရားပျော်လာပြီး လေအိတ်ထဲရောက်လာနိုင်တယ်။ ဒါတွေကို ကလေးဟပ်မထုတ်နိုင်တော့ အရည်တွေရှိလာတော့ မွန်းလာတယ်၊ နမိုးနီးယားဆန်ဆန်ဖြစ်လာတာပေါ့။ အန္တရာယ်ရှိတယ်။ လည်ချောင်းကလာတဲ့ ဂလူး ဂလူး အသံတွေနဲ့ ချောင်းကတစ်ချက်၊ တစ်ချက်လောက်ပဲ ဆိုးတယ်ဆိုရင် နမိုးနီးယားမဖြစ်နိုင်တော့ဘူး။ အဲဒီအခါ ဘာချွဲပျော်ဆေး၊ ချောင်းဆိုးပျောက်ဆေးတွေမှ တိုက်စရာမလိုဘူး ပြောချင်ပါတယ်။

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ