News

POST TYPE

INTERVIEW

အလင်းရောင်နဲ့ တွေ့ဆုံခြင်း
15-May-2018


“ကျွန်တော်က လူတစ်ရာမှာ တစ်ယောက်ဖြစ်ခဲတဲ့ အိပ်ပျော်တတ်တဲ့ ရောဂါရှိတဲ့ လူတစ်ယောက်နေရာက သရုပ်ဆောင်ရမှာပါ”

လူငယ်ပရိသတ်ကြိုက် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အလင်းရောင်နဲ့ တွေ့ဆုံပြီး ပရိသတ်တွေက မေလ ၁၃ ရက်နေ့က အမှတ်တရမွေးနေ့ပွဲလေး စီစဉ်ပေးတဲ့အပေါ် ခံစားမှု၊ ရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကားများအကြောင်းနဲ့ သီချင်းသစ်တစ်ပုဒ် ထွက်ဖို့ရှိတဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ပရိသတ်တွေက ကိုယ့်အတွက် အမှတ်တရ မွေးနေ့ပွဲလေး ကျင်းပပေးတဲ့အပေါ် ဘယ်လို ခံစားရလဲ။
ALY : ကျွန်တော့် မွေးနေ့က ဧပြီလ ၂၂ ရက်နေ့ပါ။ အဲ့ဒီအချိန်တုန်းက ကျွန်တော် မြောက်ဦးမှာ ရောက်နေတယ်။ မနှစ်ကတုန်းကလည်း ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင် ရိုက်နေတဲ့အတွက် မေမြို့မှာ ရောက်နေတယ်။ အဲ့ဒီတော့ မွေးနေ့မလုပ်လိုက်ရဘူး။ ကျွန်တော့်မွေးနေ့ကို ပရိသတ်တွေနဲ့အတူတူ မဖြတ်သန်းဖြစ်တာ နှစ်နှစ်လောက် ရှိသွားပြီ။ အဲ့ဒါကြောင့် We  Love Group က ပရိသတ်တွေကလည်း မွေးနေ့ပွဲလေးလုပ်ပေးချင်တယ်လို့ တောင်းဆိုတာကြောင့် လက်ခံပေးခဲ့တာပါ။ ဒီနှစ်က ကျွန်တော့်ရဲ့ အသက် ၂၆ နှစ်ပြည့်မွေးနေ့ပါ။ 

Voice : အသက် တစ်နှစ်ကြီးလာတိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ရော ဘာတွေပိုပြီး ပြောင်းလဲလာတယ်လို့ ထင်လဲ။
ALY : အသက် တစ်နှစ်ကြီးလာတိုင်း သိသာတဲ့ အပြောင်း အလဲကတော့ ကိုယ့်ကိုယ်ကိုယ် အိုလာတယ်လို့ ခံစားရတယ်။ ဒါက ရယ်စရာပြောတာပါ။ ကိုယ့်ကိုယ်ကိုယ် အရင်ကထက်စာရင်တော့ ရင့်ကျက်လာတယ်လို့ ခံစားမိတယ်။ အရင်တုန်းကလို တစ်ဇွတ်ထိုး မလုပ်တတ်တော့ဘူး။ အလုပ်တစ်ခုကို သေချာစဉ်းစားပြီးမှ လုပ်တတ်လာတယ်၊ တွေးတတ်လာတယ်။ အနုပညာအလုပ်မှာလည်း ဒီ့ထက်ပိုပြီး ကိုယ်အများကြီး ကြိုးစားရဦးမယ်ဆိုတာကို သိလာပါတယ်။

Voice : လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ကရော အလင်းရောင် ဘာတွေလုပ်ဖြစ်နေလဲ။
ALY : လတ်တလောအနေနဲ့ကတော့ မြောက်ဦးနဲ့ ငပလီမှာ Documentary သွားရိုက်ထားတယ်။ ဒီလ ၂၆ ရက်နေ့မှာ ဒါရိုက်တာ ကိုစတီးလ်နဲ့ ရိုက်မယ့် “သစ္စာတရား၏ အမိန့်ပေးသံ” ဆိုတဲ့ ရုပ်ရှင်ကားအတွက်လည်း ကျွန်တော်ပြင်ဆင်နေတယ်။ ကျွန်တော် သရုပ်ဆောင်ရမယ့် ကာရိုက်တာအတွက် အဝတ်အစားပိုင်းတွေ ပြင်ဆင်နေတယ်။ ဇာတ်ညွှန်းကို သေချာဖတ်နေတယ်။ ဇွန်လထဲမှာတော့ ဒါရိုက်တာ ကိုဝိုင်းနဲ့ ရိုက်ထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ကား ရုံတင်ဖို့ရှိပါတယ်။

Voice : ဒါရိုက်တာ ကိုစတီးလ်နဲ့ ရိုက်မယ့်ရုပ်ရှင်မှာ အလင်းရောင်ရဲ့ ကာရိုက်တာက ဘယ်လို ပုံစံမျိုးလဲ။
ALY : ကျွန်တော်က လူတစ်ရာမှာ တစ်ယောက်ဖြစ်ခဲတဲ့ အိပ်ပျော်တတ်တဲ့ ရောဂါရှိတဲ့ လူတစ်ယောက်နေရာက သရုပ်ဆောင်ရမှာပါ။ ဒီရောဂါက ဘယ်လိုမျိုးလဲဆိုတော့ ထိတ်လန့်စရာ တစ်ခုခုပေါ့၊ ဥပမာ - ရုတ်တရက် ကားဘီးပေါက်တာမျိုး၊ မိုးကြိုးပစ်တာမျိုးနဲ့ ကြုံရရင် ကျွန်တော်က အိပ်ပျော်သွားတယ်။ ကျွန်တော်က အိပ်ပျော်သွားပေမယ့်၊ အသိစိတ်ကတော့ ရှိနေတုန်းပဲ။ အကုန်လုံးကြားရတယ်၊ သိတယ်။ ကျွန်တော်နိုးလာတဲ့အချိန်မှာလည်း ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ပြန်ပြောပြနိုင်တယ်။ အဲ့ဒီလိုမျိုး ကောင်လေးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာပါ။

Voice : ကိုယ်တစ်ခါမှ မလုပ်ဖူးသေးတဲ့ ဇာတ်ရုပ်မျိုးဖြစ်နေတော့ သရုပ်ဆောင်မှုအပိုင်းမှာရော ဘယ်လို စိန်ခေါ်မှုတွေ ရှိနိုင်လဲ။
ALY : ဒီဇာတ်လမ်းလေးက ဆန်းလည်းဆန်းတယ်။ တစ်ကားလုံးမှာလည်း ဇာတ်အလှည့်အပြောင်းတွေက အရမ်းများတယ်။ ဇာတ်လမ်းအစကတည်းက နောက်ပိုင်းမှာ ဘာဆက်ဖြစ်မလဲဆိုတာကို ခန့်မှန်းလို့ မလွယ်ဘူး။ ကာရိုက်တာကလည်း ကျွန်တော် တစ်ခါမှ မလုပ်ဖူးတဲ့ ပုံစံမျိုးဖြစ်နေတယ်။ နောက်ပြီး ဖိုက်တင်ခန်းတွေလည်း ပါတယ်။ ဖိုက်တင်ကတော့ ကိုစတီးလ်နဲ့ရှေ့မှာ ရိုက်ခဲ့တဲ့ ဇာတ်ကားတုန်းက လုပ်ထားဖူးတယ်။ အခု ရိုက်မယ့်ကားကတော့ ရှေ့ကကားလောက် ဖိုက်တင်သိပ်မများဘူး။ ဒီကားမှာ သရုပ်ဆောင်တွေကတော့ ကိုမင်းမော်ကွန်း၊ ကိုနေမျိုးအောင်၊ ကိုထွန်းကိုကို၊ နန်းခင်ဇေယျာ၊ ရွှေသမီးတို့လည်းပါပါမယ်။

Voice : ဒီနှစ်ထဲမှာရော ရုပ်ရှင်ကားကြီး ဘယ်နှကားလောက် ရိုက်ဖို့လက်ခံထားလဲ။
ALY : ကိုစတီးလ်နဲ့ ကားပြီးရင်တော့ “ခြေဆယ့်တစ်လှမ်း” ဆိုတဲ့ မှော်ဆန်ဆန် ပဉ္စလက်ဆန်ဆန် ရုပ်ရှင်တစ်ကား ရိုက်ဖို့ ရှိပါတယ်။ အဲ့ဒီကားမှာတော့ မျက်လှည့်ပြတဲ့ ကောင်လေးတစ်ယောက်နေရာက သရုပ်ဆောင်ရမှာပါ။ ဒါရိုက်တာကတော့ ကိုသိုးဆောင်းပါ။ သရုပ်ဆောင်တွေကတော့ ဦးကျော်သူနဲ့ ပိုင်ဖြိုးသုလည်း ပါပါတယ်။ အဲ့ဒါပြီးရင်တော့ ဒါရိုက်တာ ကိုဝိုင်းနဲ့ ရုပ်ရှင်နှစ်ကား ရိုက်ဖို့ရှိပါတယ်။ ကံ့ကော်နီနဲ့ ပပဝတီ စီရင်ခန်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်မှာပါ။

Voice : အလင်းရောင်က သီချင်းသစ်တစ်ပုဒ် ထွက်ဖို့ရှိတယ်လို့လည်းကြားတယ်။ အဲ့ဒီသီချင်းအကြောင်းလည်း ပြောပြပေးပါဦး။
ALY : သီချင်းကတော့ Single Song အနေနဲ့ထွက်မှာပါ။ တေးရေးကိုဝေကြီး ရေးပေးထားတဲ့ “ကျွန်တော် အသည်းကွဲဖူးပြီ” ဆိုတဲ့ သီချင်းပါ။ အဲ့ဒီသီချင်းကို MTV ရိုက်ပြီးသွားတာနဲ့ အွန်လိုင်းမှာ မကြာခင်တင်ပေးသွားမှာပါ။ ကိုဝေကြီးရေးပေးထားတာလေးကလည်း အရမ်းကောင်းပါတယ်။ စာသားလေးတွေကလည်း အရမ်းကောင်းပါတယ်။ ဆွေးဆွေးမြည့်မြည့် သီချင်းလေးပါပဲ။ တချို့စာသားတွေက ကျွန်တော်နဲ့ တိုက်ဆိုင်တာလည်း ရှိပါတယ်။ 

သန့်ဇင်ဦး