News

POST TYPE

INTERVIEW

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းနှင့် တွေ့ဆုံခြင်း
14-May-2018


“ကားဆို သူ့နဂိုအတိုင်း ရှင်းရှင်းလင်းလင်းလေး ပုံစံလေးကို ပိုပြီးသဘောကျတယ်”

အခုတစ်ပတ်ရဲ့ Celebrities' Choice ကဏ္ဍမှာတော့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် သဉ္ဇာနွယ်ဝင်းနဲ့တွေ့ဆုံပြီး သူစီးနေတဲ့ကားအကြောင်း မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။

Voice : လက်ရှိ ညီမစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
TZNW : လက်ရှိ သဉ္ဇာနှစ်မျိုးစီးတယ်။ Range Rover စီးတယ်။ KIA လည်း စီးတယ်။

Voice : ဒီကားနှစ်စီးရဲ့ အားသာချက်လေးတွေကရော ဘာတွေရှိလဲ။
TZNW : အားသာချက်က ဘယ်လိုပြောရမလဲဆို အရင်တုန်းက သဉ္ဇာ Prado စီးတယ်။ အဲဒီတုန်းကကျတော့ ကားကအမြင့်ကြီး တက်ရတယ်။ အခုစီးနေတဲ့ကားတွေကျ အမြင့်ကြီးတက်စရာမလိုဘူး။ အဲဒီလိုဆိုတော့ အဆင်ပြေတယ်ပေါ့နော်။ သူ့ရဲ့ လယ်သာသားလေးတွေ သဘောကျတယ်။ 

Voice : ကားအလှဆင်ရတာလေးတွေရော သဘောကျလား။
TZNW : သဉ္ဇာ ကားအလှဆင်ရတာတို့၊ ကားမှာ အရုပ်တွေထားရတာတို့တော့ မကြိုက်ဘူး။ အဲဒီလိုထားတာ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် တကယ်တမ်းကျ သေးသေးသေးသေးလေးတွေ လိုက်ထည့်ရတာ အလုပ်ရှုပ်တယ်။ ပြီးတော့ အဲဒီလိုသေးသေးလေးတွေ လိုက်ထည့်လိုက်ရင်လည်း ဘယ်လိုပြောရမလဲ၊ မျက်စိရှုပ်တယ်လို့ ခံစားရတယ်။ ကားဆို သူ့နဂိုအတိုင်း ရှင်းရှင်းလင်းလင်းလေး ပုံစံလေးကို ပိုပြီးသဘောကျတယ်။ 

Voice : ဒီကားမှာ သဉ္ဇာသဘောကျတဲ့ အချက်လေးတွေရော ရှိလား။
TZNW : ဒီကားက ချမ်းလို့ရှိရင်လည်း အနွေးဓာတ်ရအောင်လုပ်လို့ရတယ်။ နောက်ပြီးပူလာရင်လည်း ခုံတွေကို အေးအောင်လုပ်လို့ရတယ်။ အဲဒါလေးတွေတော့ သဘောကျမိတယ်။ 

Voice : ကားအပေါ်မှာရော ခရေဇီဖြစ်တာတို့ ဘာတို့ရှိလား။ 
TZNW : ကားအပေါ်မှာတော့ ခရေဇီဖြစ်တာတို့ ဘာတို့တော့မရှိပါဘူး။ သဉ္ဇာကျ ကားဆိုလို့ရှိရင် အရောင်လေးလှတယ်၊ အထဲမှာ သပ်သပ်ရပ်ရပ်လေးဆို ဘယ်ကားမဆို သဉ္ဇာကတော့ သဘောကျပါတယ်။ 

Voice : ကားနဲ့ပတ်သက်ပြီးတော့ ဘဝမှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးလား။
TZNW : ကားနဲ့ပတ်သက်ပြီးတော့ အမှတ်တရဆိုရင် သဉ္ဇာကားမောင်းသင်ခါစက လွန်ခဲ့တဲ့ ၁၄ နှစ်၊ ၁၅ နှစ်လောက်တုန်းကဆို ဆူဇူကီး R+ လေး။ အဲဒီကားနဲ့သင်တာ ကားတွေတိုက်မိခိုက်မိတာတို့၊ ပလက်ဖောင်းတွေဆိုတိုက်မိပြီး ကားတစ်စီးလုံး အစင်းရာတွေချည်းပဲ။ 

Voice : သဉ္ဇာ့ရဲ့ ပရိသတ်ကိုရော ကားရဲ့ Safety ပိုင်းနဲ့ပတ်သက်ပြီး ဘာတွေမှာချင်သေးလဲ။ 
TZNW : အဓိကမှာချင်တာကတော့ ကားမောင်းတဲ့အခါ ခါးပတ်ပတ်ဖို့။ နောက်ပြီးတော့ ကားမောင်းတဲ့အခါ စိတ်ရှည်ဖို့ လိုပါတယ်။ လမ်းတွေမှာဆို ကျော်တက်တာတို့၊ နောက်ကနေ ဟွန်းအကျယ်ကြီး တီးတာတို့တွေ မလုပ်ဖို့၊ လမ်းတွေကျော်မတက်ဘဲ စည်းကမ်းတကျမောင်းဖို့ မှာချင်ပါတယ်။

ခိုင်ချယ်ရီထွန်း