News

POST TYPE

INTERVIEW

နီနီခင်ဇော်နဲ့ တွေ့ဆုံခြင်း
11-May-2018 tagged as အနုပညာ



“နီနီကတော့ ကျန်တဲ့ကိစ္စတွေထက် နီနီ့ရဲ့ အနုပညာကိုပဲ ပရိသတ်တွေကို ပိုပြီးတော့ ထိတွေ့ရင်းနှီးစေချင်ပါတယ်”

နာမည်ကျော် တေးသံရှင် နီနီခင်ဇော်နဲ့ တွေ့ဆုံပြီး အောင်မြင်ခဲ့တဲ့ ဒုတိယမြောက် One Lady Show အကြောင်း၊ အချစ်ရေးအကြောင်းနဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ Coach အဖြစ် ဆောင်ရွက်ရတဲ့ အတွေ့အကြုံတွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ဒုတိယကြိမ်လုပ်ခဲ့တဲ့ One Lady Show က နှစ်ရက်တောင် ဖျော်ဖြေခဲ့ရတာဆိုတော့ ဘယ်လို အခက်အခဲတွေရော ရှိခဲ့လဲ။
NNKZ : ဒီနှစ်မှာ လုပ်ရတဲ့ One Lady Show ကတော့ နီနီ့အတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ နှစ်ရက်စလုံးကို အားအင်အပြည့်နဲ့ ဆိုနိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် နီနီ လုပ်နိုင်ခဲ့တယ်။ ပုံမှန်ဆိုရင်တော့ နီနီ မလုပ်နိုင်လောက်ပါဘူး။ အပုဒ် ၂၀ လောက် ဆိုပြီးရင် ဟိုက်သွားတတ်တယ်။ ဒုတိယရက်မှာကျတော့ စင်ပေါ်တက်ခါနီးအထိ နီနီ အမောမပြေနိုင်သေးဘူး။ ဒါပေမဲ့ စင်ပေါ်တက်လိုက်တော့ ပရိသတ်မျက်နှာမြင်တော့မှ ဘယ်က အားတွေထွက်လာလဲမသိဘူး။ အကောင်းဆုံး တင်ဆက်နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာ ပရိသတ်ရဲ့အားက အရမ်းကြီးမားတယ်ဆိုတာကို သိခဲ့ရပါတယ်။ 

Voice : ဒီပွဲမှာ Stand By Me သီချင်းဆိုတော့ စိုင်းစည်တွမ်ခမ်းနဲ့တွဲပြီး Performance လုပ်သွားတာကို ပရိသတ်တွေ သဘောကျခဲ့တယ်နော်။ နီနီတို့ ဘယ်လို စီစဉ်ပြီးလုပ်ခဲ့တာလဲ။
NNKZ : ဒီနှစ်ပွဲက နီနီတို့ ပရိသတ်တွေကို အကောင်းဆုံးတင်ဆက်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အရင်တစ်နှစ်က ပွဲတုန်းကဆိုရင် နီနီတို့ ဖျော်ဖြေမှုအပိုင်းမှာ လိုအပ်ချက်လေးတွေရှိခဲ့ပါတယ်။ ဒီနှစ်ကတော့ Performance တွေလည်း များတဲ့အတွက် နီနီတို့ အချိန်များများယူပြီး စနစ်တကျ ပြင်ဆင်ခဲ့ရပါတယ်။ Stand By Me သီချင်းအတွက်ကတော့ ကိုစိုင်းစည်နဲ့ နီနီ အကလေးတွေ ကြိုတိုက်ရတာပဲ ရှိပါတယ်။ ကျန်တာတော့ ထွေထွေထူးထူးမရှိပါဘူး။ နီနီက သီချင်းဆိုပြီး Performance လုပ်ဖို့ မကြောက်ဘူး။ သီချင်းမပါရင်တော့ ဘာမှ သိပ်မလုပ်တတ်တော့ဘူး။

Voice : ဒီပွဲမှာ နီနီ့ရဲ့ ချစ်သူကိုပါ ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာလားလို့ ပရိသတ်တချို့က မေးကြတာလည်း ရှိတယ်နော်။ နောက်ထပ် Relationship တစ်ခုစဖို့ရော အဆင်သင့်ဖြစ်နေပြီလား။
NNKZ : အဲ့ဒါကတော့ မဟုတ်ပါဘူး။ နီနီတို့က သီချင်းဆိုပြီး Performance ပဲ လုပ်ခဲ့တာပါ။ လက်ရှိမှာ နီနီက အလုပ်ကိုပဲ အာရုံစိုက်ပြီး ကြိုးစားနေတုန်းပါပဲ။ အနုပညာအလုပ်ကို ပိုပြီးတော့ ကြိုးစားပြီး လုပ်နေတာကို အားလုံးလည်း အမြင်ပါပဲ။ နီနီတို့က အသက် ၃၀ မပြည့်သေးတဲ့အခါကျတော့ အလုပ်နဲ့ အောင်မြင်မှုနဲ့ နီနီချစ်တဲ့ အနုပညာအလုပ်နဲ့ သီချင်းတွေနဲ့ပဲ လုံးလည်ချာလည်လိုက်နေတာပါပဲ။ နီနီကတော့ ကျန်တဲ့ကိစ္စတွေထက် နီနီ့ရဲ့ အနုပညာကိုပဲ ပရိသတ်တွေကို ပိုပြီးတော့ ထိတွေ့ရင်းနှီးစေချင်ပါတယ်။

Voice : နီနီ Coach အဖြစ် ပါဝင်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကလည်း အရှိန်ကောင်းနေပြီနော်။ ကိုယ့်အဖွဲ့ထဲက လူကို ကိုယ်တိုင်ပြန်ဖြုတ်ရတော့ ဘယ်လိုခံစားရလဲ။
NNKZ : ကိုယ့်အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေကို အပတ်စဉ် တစ်ယောက်စီ ဖြုတ်နေရတာကိုတော့ နီနီတော်တော့ကို ဝမ်းနည်းရပါတယ်။ တနင်္ဂနွေနေ့ညတွေဆိုရင် နီနီ အိပ်မရဘူး။ ဒါပေမဲ့ နီနီတို့ သူတို့ကို သင်ပြ၊ ပြောပြပေးလိုက်တဲ့ အရာလေးတွေက ဂီတလမ်းကြောင်းပေါ် ဆက်လျှောက်တဲ့အခါမှာ အကျိုးဖြစ်လိမ့်မယ်လို့တော့ ထင်ပါတယ်။ သူတို့ကို လက်လွတ်စပယ်ထားခဲ့တာတော့ မဟုတ်ပါဘူး။ အကောင်းဆုံးလမ်းညွှန်သင်ပြပေးပြီးတော့မှ ထားခဲ့တာပါ။ ပြိုင်ပွဲရဲ့ Winner ကတော့ ဘယ်သူဖြစ်မလဲတော့ မသိဘူး။ နောက်ဆုံး Final က ပရိသတ် Voting နဲ့ သွားမှာဆိုတော့ နီနီတို့လည်း ရွေးချယ်ခွင့်မရှိဘူး။ ဒါပေမဲ့ ဘယ်သူပဲ Winner ရရပါ။ နီနီတို့ကတော့ ပျော်နေမှာပါ။ 

Voice : တချို့ပရိသတ်တွေက သီချင်းဆိုပြိုင်ပွဲတွေမှာ Voting စနစ်နဲ့ သွားတာကို သိပ်မကြိုက်ကြဘူး။ နီနီရော ဘယ်လိုမြင်လဲ။
NNKZ : ဒီပြိုင်ပွဲအတွက် Voting ပေးဖို့က Website Link ကိုသွားပြီး ပေးရတာဆိုတော့ ပရိသတ်တွေအတွက် နည်းနည်းတော့ အခက်အခဲရှိနိုင်ပါတယ်။ နည်းပညာပိုင်းနဲ့ ပတ်သက်လို့ကတော့ နီတို့က Coach တစ်ယောက်အနေနဲ့ ပြောဆိုခွင့်မရှိပါဘူး။ ဒါပေမဲ့လည်း Final နားကပ်လာရင်တော့ Vote ပေးရတာ ပိုအဆင်ပြေလာမယ်လို့ ထင်ပါတယ်။ ဒီပြိုင်ပွဲမှာ ပရိသတ်တွေရဲ့ Voting က အရေးမပါဘူးလို့လည်း ပြောလို့မရပါဘူး။ သူတို့နဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်တွေမှာ နီနီတို့က ပြိုင်ပွဲဝင်တွေကို ပရိသတ်လက်ထဲအပ်လိုက်ရတာ ဆိုတော့လေ။ 

Voice : ဒီပြိုင်ပွဲရဲ့ Coach တွေထဲမှာ အတက်ကြွဆုံးကတော့ နီနီဖြစ်မယ်ထင်တယ်နော်။ ကိုယ်နှစ်သက်တဲ့ ပြိုင်ပွဲက ကိုယ့်ဆီရောက်လာအောင်ရော ဘယ်လို ဆွဲဆောင်ရလဲ။
NNKZ : Coach လေးယောက်ထဲမှာ နီနီက အငယ်ဆုံးလည်းဖြစ်တယ်။ မိန်းကလေးလည်း ဖြစ်တယ်။ နောက်ပြီး နီနီက လောဘလည်း ကြီးပါတယ်။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ ပုံစံကလည်း ကိုယ်ကြိုက်တဲ့ပြိုင်ပွဲဝင်ကို လုယူရတာဆိုတော့ ပျော်စရာကောင်းပါတယ်။ အစ်ကိုတွေကလည်း နီနီက အငယ်ဆုံးဆိုတော့ အလျှော့ပေးပါတယ်။ ကိုကျားပေါက်နဲ့ နီနီကတော့ စင်ပေါ်မှာ လုဖော်လုဖက်ပါ။ အမြဲတမ်းလိုလို ကိုကျားနဲ့ ထိပ်တိုက်တွေ့ရတာ များပါတယ်။

သန့်ဇင်ဦး