News

POST TYPE

INTERVIEW

မြန်မာ့နိုင်ငံရေး လေ့လာသူများ၏ မဟာသီယာအပေါ် သုံးသပ်ချက်
11-May-2018



ဦးရဲထွန်း (သီပေါ)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း၊ နိုင်ငံရေး လေ့လာသုံးသပ်သူ

“နာဂျစ်က အဲဒီလို Genocide ဆိုပြီး စွပ်စွဲပြောတာ ပြောဖူးသလိုမျိုး မဟာသီယာကလည်း ကျွန်တော်တို့နိုင်ငံကို အာဆီယံကနေ ထုတ်ဖို့အထိ ပြောခဲ့ဖူးတယ်။ ကျွန်တော့်အထင်တော့ သိပ်တော့မထူးဘူးထင်တယ်။ ကျွန်တော်ထင်တာက သူက အဲဒါကြီးကို အာဆီယံအစည်းအဝေးမှာ ထပ်ပြီးတော့များ တင်လာမလားမသိဘူး။ မဟာသီယာက နာဂျစ်ရာဇတ်က မြန်မာကိစ္စကို နိုင်ငံရေးအရ ခုတုံးလုပ်တယ်ဆိုပြီးတော့ ပြောခဲ့ဖူးတာတော့ရှိတယ်။ အဓိကတော့ နာဂျစ်ကလည်း အကျင့်ပျက်ခြစားမှုက သိပ်များနေတော့ သူက နည်းနည်းမကြည်တာလည်းပါမှာပေါ့။ ဒါပေမဲ့ သူ (မဟာသီယာ) ကိုယ်၌ကလည်း မြန်မာပြည်ကို သိပ်မကြည်ဘူးခင်ဗျ။ ရိုဟင်ဂျာကိစ္စ အခုခုနစ်သိန်းလောက် ထွက်ပြေးတာ မဖြစ်ခင်မှာ အရင် ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာအစိုးရက Genocide လုပ်နေတယ်ဆိုပြီး အာဆီယံအသင်းကနေပြီး ထုတ်ပစ်သင့်တယ်လို့ ပြောတာခင်ဗျ။ ဆိုရရင်တော့ မလေးရှားက ကျွန်တော်တို့အပေါ်မှာ ရပ်တည်ချက်ကတော့ သိပ်ပြီးတော့ ပြောင်းလဲမယ်မထင်ဘူး။ ပိုဆိုးရင်တောင် ဆိုးလာမယ်”

ဦးတင်မောင်သန်း (အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်၊ အတွင်းရေးမှူး)

“မလေးရှားနိုင်ငံဝန်ကြီးချုပ်ဖြစ်လာတဲ့ မဟာသီယာ မိုဟာမက်ကိုယ်တိုင်လည်း သဘောထားအမြင် ပြောင်းမှာမဟုတ်ဘူး။ ဘာဖြစ်လို့ ပြောင်းမှာမဟုတ်ဘူးလို့ ထင်လဲဆိုတော့ ရခိုင်အရေးကို ကျွန်တော်တို့နိုင်ငံက တာဝန်ရှိလူတွေ ဖြေရှင်းတာ နိုင်ငံတကာ လက်ခံနိုင်တဲ့ ပုံစံမဟုတ်ဘူးလေ။ နိုင်ငံတကာ လက်ခံနိုင်တဲ့ပုံစံ မဟုတ်တဲ့အတွက် မလေးရှားလောက်မပြောနဲ့ အမေရိကန်နိုင်ငံမျိုးတောင် သဘောထားပြောင်းမှာ မဟုတ်ဘူး။ ကျွန်တော့်အမြင်က မလေးရှားအစိုးရကလည်း နိုင်ငံတကာအစိုးရအဖွဲ့တွေ၊ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်း အသင်းအပင်းတွေနဲ့ တစ်သားတည်း ရပ်တည်မှာပါ။ ဘာမှ သိပ်ပြီးတော့ မူဝါဒပိုင်း ပြောင်းမယ် မထင်ဘူး။ လုပ်ပုံလုပ်နည်းပိုင်းသာ နာဂျစ်လိုမျိုး လူပြိန်းကြိုက်ပုံစံနဲ့ လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ သူ့လုပ်သင့်လုပ်ထိုက်တဲ့ နည်းလမ်းဗျူဟာပြောင်းပြီးတော့ လုပ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ရခိုင့်အရေးအပေါ်မှာ ရပ်တည်ချက် သဘောထားကတော့ ပုံစံသာကွဲမယ် အနှစ်သာရတော့ ကွဲမယ်မထင်ဘူး”



ဦးဦးလှစော မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ရခိုင်အမျိုးသားပါတီ)

“ကျွန်တော်ကတော့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား ပေါ်လစီအပြောင်းအလဲဖြစ်မယ်လို့တော့ မထင်မိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်အရေးအခင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ အစိုးရအပေါ်မှာကော တပ်မတော်အပေါ်မှာကော အဓိက ဖိအားပေးနေတာ UN နဲ့ OIC တို့၊ အမေရိကန်တို့၊ အင်္ဂလန်တို့ဆိုတော့ မလေးရှားက အဲဒီလှိုင်းဂယက်ကနေ ဖောက်ထွက်ပြီးတော့ အပြုသဘောနဲ့ မြင်မယ်လို့တော့ သိပ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နာဂျစ်တို့၊ မဟာသီယာတို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ပြောတယ်ဆိုတာလည်း နိုင်ငံရေးမှာ ဂိမ်းတစ်ခုအနေနဲ့ အမြတ်ထုတ်ပြီးတော့ ပြောကြတာပဲ။ ဘယ်သူပဲတက်တက် အရမ်းထူးခြားမယ်လို့တော့ မမြင်ပါဘူး။ OIC ရဲ့ Agenda ကို ကျော်ပြီးတော့ လုပ်နိုင်မယ်မထင်ဘူး။ OIC ရဲ့ Agenda-setting ထဲမှာပဲ မလေးရှားနိုင်ငံက ကစားသွားမယ်လို့တော့ ထင်ပါတယ်။ OIC တို့ UN လုံခြုံရေးကောင်စီတို့က မြန်မာနဲ့ ပတ်သက်ပြီး Agenda ချထားပြီးသား။ မြန်မာအစိုးရကို အကျပ်ကိုင်မယ်၊ ဖိအားပေးမယ်၊ အဲဒီ Setting အောက်မှာပဲ မွတ်ဆလင်နိုင်ငံတစ်ခုက ဖောက်ထွက်ပြီး အကောင်းမြင်လာမယ်လို့တော့ မထင်ဘူး။ အာဆီယံထဲမှာတော့ မူဝါဒအမျိုးမျိုး ရှိကြတာပေါ့။ စင်ကာပူတို့၊ ဗီယက်နမ်တို့က ပြင်းပြင်းထန်ထန် မပြောဘူး။ အင်ဒိုနီးရှားတောင်မှ OIC ထဲကနိုင်ငံတွေလို မြန်မာအပေါ် သိပ်ပြင်းပြင်းထန်ထန်မပြောဘူး။ မလေးရှားကတော့ OIC နဲ့ သိပ်နီးစပ်တာပေါ့။ အပြောင်းအလဲ သိပ်မရှိနိုင်ပါဘူး”