News

POST TYPE

INTERVIEW

ထက်ထက်မိုးဦးနဲ့ တွေ့ဆုံခြင်း
10-May-2018


“ထက်ထက်အတွက်ကတော့ ဒီနှစ်က အရင်နှစ်တွေနဲ့ မတူဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာတယ်”

ပြည်သူချစ်မင်းသမီး ထက်ထက်မိုးဦးရဲ့ မေလ ၈ ရက်နေ့မှာ ကျရောက်တဲ့မွေးနေ့မှာ We Love တွေကနေ ပျော်ရွှင်စရာ မွေးနေ့ပွဲအဖြစ် Mercure Hotel မှာ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ ယင်းမွေးနေ့မှာ လူငယ်တစ်ယောက်လို လန်းဆန်းတက်ကြွနေဆဲဖြစ်တဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးနဲ့ တွေ့ဆုံပြီး မွေးနေ့ပွဲအကြောင်းနဲ့အတူ ရှေ့ဆက်လှုပ်ရှားသွားမယ့် အနုပညာများအကြောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : မွေးနေ့မှာ ထူးထူးခြားခြား Surprise လုပ်ခံခဲ့ရတာကနေ စပြောပေးပါဦး။ 
HHMO : မွေးနေ့ညတုန်းက Surprise လာလုပ်တော့ ထက်ထက်လည်း အံ့ဩမိတယ်။ ညဆယ့်နှာရီထိုးပြီဆိုတော့ ထက်ထက်ကလည်း အိပ်နေပြီလေ။ ရှုတင်လည်းရှိတော့ ကိုယ်က ပင်ပန်းပြီးတော့ အစောကြီး အိပ်သွားတာပေါ့နော်။ ဆယ့်နှစ်နာရီထိုးတော့ ညီမလေးက အိမ်အောက်ဆင်းလာခဲ့ဦးဆိုတာနဲ့ ထက်ထက်လည်း ဆင်းလာတယ်။ အဲ့ဒီတော့မှ ထက်ထက်ကို သူငယ်ချင်းက Surprise လာလုပ်ပေးမှန်းသိတယ်။ ထက်ထက်အနေနဲ့ ပျော်ပါတယ်။ ဒါပေမဲ့ ၂၀၀၁ ခုနှစ် မွေးနေ့တုန်းကတော့ အပျော်ဆုံးပဲ၊ ထက်ထက်မွေးနေ့မှာ ရုပ်ရှင်အဖွဲ့သားတွေအားလုံး ပါကြတယ်လေ။ 

Voice : ဒီနှစ်မွေးနေ့က အမှတ်တရအဖြစ်ဆုံးမွေးနေ့လား၊ မွေးနေ့တိုင်းမှာ မှတ်မှတ်ရရဖြစ်ခဲ့တာမျိုးတွေရှိလား။ 
HHMO : ထက်ထက်အတွက်ကတော့ ဒီနှစ်က အရင်နှစ်တွေနဲ့ မတူဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာတယ်။ ရှေ့မှာ ကျော်ဖြတ်လာခဲ့တဲ့ သက်တမ်းတွေထက်ကို ပိုပြီးတော့မှ အလုပ်ကို အားသွန်ခွန်စိုက်လုပ်ချင်တဲ့ စိတ်တွေဖြစ်လာတယ်၊ ပိုအားရှိလာတာပေါ့နော်။ အမှတ်တရကတော့ ကိုယ့်ရဲ့မွေးနေ့တိုင်းမှာ ထက်ထက်ကို မွေးပေးတဲ့အမေကို ကျေးဇူးအများကြီးတင်တယ်။ အမေရောက်နေတဲ့ဘဝမှာ အေးအေးချမ်းချမ်းရှိပါစေဆိုပြီး မေတ္တာပို့ပေးပါတယ်။ 

Voice : အသက်တွေ တစ်နှစ်ပြီးတစ်နှစ် ကြီးလာတာနဲ့အမျှ ဘာတွေပြောင်းလဲလာတယ်ထင်လဲ၊ ဘဝကို ဘယ်လို ဖြတ်သန်းသွားဖို့ စိတ်ကူးထားလဲ။ 
HHMO : ဒီနှစ်မွေးနေ့ကစပြီးတော့ ထက်ထက်ဘဝက အေးအေးချမ်းချမ်းဖြစ်သွားပြီလို့ မှတ်ယူရမယ်။ ထက်ထက်လည်း အသက်ကြီးပြီဆိုတော့ အတွေ့အကြုံတွေလည်း အများကြီးရှိပြီ။ ရှေ့မှာ ကောင်းတာတွေရော မကောင်းတာတွေရော၊ ဝမ်းသာရတာတွေရော ဝမ်းနည်းရတာတွေပါ အားလုံးကြုံတွေ့ခဲ့ရပြီးပြီဆိုတော့ ဘယ်အရာကိုမဆို ထက်ထက်က ဝမ်းအသာကြီးလည်းမဟုတ်ဘူး၊ ဝမ်းအနည်းကြီးလည်းမဟုတ်ပါဘူး။ စိတ်ကို သင့်တင့်အောင်ပဲ ထားတော့တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေကတော့ အကောင်းဆုံးပါပဲ။ ကိုယ့်ကို နွေးထွေးမှုပေးတဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့ We Love အဖွဲ့တွေ၊ ချစ်ခင်ကြတဲ့သူတွေနဲ့ အလုပ်ကို အေးအေးချမ်းချမ်း လုပ်သွားရင်းနဲ့ပဲ ဘဝကို ကျော်ဖြတ်သွားမယ်လို့ စိတ်ကူးထားတယ်။ 

Voice : လက်ရှိမှာ ဇေရဲထက်နဲ့လည်း ဗီဒီယိုကားတစ်ကား ရိုက်နေတာတွေ့ရတယ်၊ ကိုယ်က ဘယ်လိုပုံစံမျိုး သရုပ်ဆောင်ထားတာလဲ။ 
HHMO : လက်ရှိမှာတော့ ထက်ထက်က ဇေရဲထက်နဲ့ “စေညွှန်ရာကကြိုးရုပ်” ဆိုတဲ့ ဗီဒီကားတစ်ကား ရိုက်နေပါတယ်။ ဒါရိုက်တာကတော့ ဇော်မိုးထွေးပါ။ ဇာတ်လမ်းပုံစံကတော့ ကိုယ်က ကုမ္ပဏီလုပ်တာပေါ့နော်။ ငယ်ငယ်တုန်းက ပြေဇင်နဲ့ ထက်ထက်က အဆင်မပြေကြတော့ သူကကြီးလာမှ ထက်ထက်ကို ကလဲ့စားပြန်ချေတယ်။ ကိုယ်က ကုမ္ပဏီထောင်ထားတော့ တင်ဒါတွေခေါ်တဲ့အခါမှာ သူက ရှုံးအောင်လုပ်တယ်။ သူက ကိုယ့်ရဲ့အချစ်ကိုမရတော့ ဇေရဲထက်ကို ငှားပြီးတော့မှ အချစ်ကိုယူခိုင်းတယ်၊ ပြီးမှ ပြန်ပြီးဖျက်ချခိုင်းတာပေါ့။ နောက်ဆုံးမှာ ဇေရဲထက်က သွေးကင်ဆာဖြစ်ပြီး သေသွားတဲ့ပုံစံလေးပါ။ ဇာတ်လမ်းလေးက အရမ်းကောင်းပါတယ်။ ထက်ထက် ဇာတ်ရုပ်က သရုပ်ဆောင်ရတာ အရမ်းလည်းပင်ပန်းတယ်။ ဒါပေမဲ့ ထက်ထက်ကတော့ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဗီဒီယိုပဲဖြစ်ဖြစ် ကိုယ်လုပ်ရမယ့်နေရာမှာ အကောင်းဆုံးပဲ ထက်ထက်လုပ်သွားချင်တယ်။ အဲ့ဒါကြောင့် အပင်ပန်းခံပြီးတော့ အကောင်းဆုံးလုပ်နေပါတယ်။ 

Voice : ကိုယ့်ရဲ့ တစ်ကျော့ပြန်လှုပ်ရှားမှုမှာ ဇေရဲထက်နဲ့ ပထမဆုံးရိုက်ဖြစ်တာက ဘာကြောင့်လဲ။ 
HHMO : ထက်ထက်ကို ဇေရဲထက်နဲ့ရိုက်ဖို့ We Love တွေက စီစဉ်ပေးတယ်။ မထက်လည်း ရိုက်သင့်တယ်၊ တခြားဇာတ်လမ်းတွေထက်စာရင် ဇာတ်လမ်းက ကောင်းတယ်၊ ပြန်ရိုက်လို့ရနေပြီပဲ၊ ရိုက်ပါလားဆိုပြီး ဝိုင်းပြောကြတယ်၊ ဇေရဲထက်ကလည်း မမရိုက်ရအောင်ဆိုပြီး ပြောတာနဲ့ သုံးကားရိုက်ဖြစ်မှာပေါ့နော်။ လက်ရှိရိုက်နေတဲ့ ကားပြီးရင်တော့ စိန်ဌေးထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ကားတွေ၊ ဗီဒီယိုကားတွေရိုက်သွားဖို့ ရှိပါတယ်။ တခြားကြော်ငြာတွေလည်း ရိုက်ဖို့ရှိတယ်၊ သီချင်းတွေလည်းရိုက်ဖို့ ရှိပါတယ်။ 

Voice : စိန်ဌေးထုတ်လုပ်ရေးကရိုက်မယ့် ရုပ်ရှင်ကားက ဘယ်လိုမျိုးပုံစံလဲ၊ ဇာတ်ရုပ်ရွေးချယ်မှုတွေကို ဘယ်လိုမျိုးလုပ်ဖြစ်နေလဲ။ 
HHMO : ဇာတ်လမ်းကိုတော့ ထက်ထက်ဆုံးအောင် မဖတ်ရသေးပါဘူး၊ ကောင်းတာတော့ ကောင်းတယ်။ ဒါပေမဲ့ စဉ်းစားဦးမယ်။ ဒါရိုက်တာကို သေချာပြန်မေးရဦးမယ်၊ ဇာတ်ကိုဘယ်လိုလုပ်လို့ရမလဲ၊ ဒီ့ထက်ကောင်းအောင် ဘယ်လိုလုပ်သင့်လဲ။ ထက်ထက်က ချက်ချင်းကြီးတော့ ခုဖတ်၊ ခုရိုက်မှာမဟုတ်သေးဘူး။ အဓိက အကုန်လုံးကို ခြုံကြည့်လိုက်လို့ရှိရင် ဒီဇာတ်ကိုပရိသတ်က စိတ်ဝင်စားနိုင်လား၊ ပရိသတ်အတွက်ရော ဘယ်လိုမျိုး Message ချန်ခဲ့လို့ရမလဲ၊ ကိုယ့်ဘဝအတွက် ဒီဇာတ်လမ်းက ဘယ်လောက်ထိ အရေးပါမလဲ၊ ကိုယ်ဘယ်လောက် လုပ်ခွင့်ရမလဲပေါ့နော်။ ပိုက်ဆံရတာ၊ မရတာထက်ကို ကိုယ်အတွက် လုပ်ခွင့်အများကြီးပဲ လိုချင်တယ်။ ဇာတ်ရုပ်ရွေးချယ်မှုကတော့ မမနဲ့မောင်လေးဆိုတော့လည်း မမ၊ မောင်လေးပေါ့၊ မေမေဆိုတော့လည်း မေမေပေါ့နော်။ အနုပညာသမားဆိုတာကတော့ ဘယ်လိုပဲလာလာပါ ကိုယ်နဲ့လိုက်မယ့်ဇာတ်လမ်းမျိုး၊ ကိုယ်လုပ်ခွင့်ရမယ့် ဇာတ်မျိုးဆိုရင်တော့ အကောင်းဆုံး ပေးဆပ်နိုင်ရမယ်လို့ပဲ တွေးထားတယ်။ 

ဝင်းထွန်းနိုင်


  • VIA