News

POST TYPE

INTERVIEW

ကလေးဆရာဝန် ဒေါက်တာသူရဇော်နှင့် တွေ့ဆုံခြင်း
09-May-2018


သွေးလွန်တုပ်ကွေးရောဂါ

“... နေ့ခင်းဘက်ကိုက်တဲ့ ခြင်ကျားကြောင့် အဖြစ်များတာမို့လို့ ကျောင်းနေကလေးတွေနဲ့ ခြင်ထောင်နဲ့ မသိပ်တဲ့ကလေးတွေမှာ အဖြစ်များပါတယ်။”

သွေးလွန်တုပ်ကွေးရောဂါသည် ယခင်ကမိုးဦးကျရာသီတွင်သာအဖြစ်များသည်ဟု သိရှိထားသော်လည်း ယခုအခါ ရာသီစက်ဝန်းအားလုံးတွင် ဖြစ်လာသည်ကို တွေ့ရပါသည်။ ထိုကဲ့သို့ ဖြစ်ပေါ်လာမှုများအပေါ် ကလေးမိဘများ ဂရုပြုနိုင်စေရေးအတွက် ကလေးဆရာဝန် ဒေါက်တာသူရဇော်နှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : သွေးလွန်တုပ်ကွေးက မိုးဦးကျကာလတင်မဟုတ်ဘဲ ရာသီမရွေးဖြစ်တယ်ဆိုတော့ လက်ရှိမှာရော သွေးလွန်တုပ်ကွေးဖြစ်ပွားတဲ့ ကလေးတွေရှိနေပြီလားဆရာ။
Dr.TYZ : ဟုတ်ပါတယ်။ အခုဆို သွေးလွန်တုပ်ကွေးကြောင့် သွေးလန့်တဲ့အထိဖြစ်ပြီး ဆေးရုံရောက်လာကြတဲ့ကလေးတွေ ရှိနေပြီမို့ မိဘတိုင်း သတိထားစေချင်ပါတယ်။ ဒါကြောင့်လည်း “ရာသီတိုင်းမှာ ဖျားနာလျှင် သွေးလွန်တုပ်ကွေးမှတ်၊ အဖျားကျ၍မလန်းလျှင် အစဉ်သတိချပ်” လို့ဆိုပြီး ဆရာတို့ရဲ့ဆရာကြီး ပါမောက္ခဒေါက်တာစောဝင်းက အမြဲမှာလေ့ရှိတာပေါ့။

Voice : ဟုတ်ကဲ့။ ဒီရောဂါကို သတိပြုသင့်တဲ့ အသက်အရွယ်တွေကို ပြောပြပေးပါဦး။
Dr.TYZ : သူက ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်ရတာ။ ရေကြည်ရေသန့်မှာ ပေါက်တတ်တဲ့ခြင်ကျား အကိုက်ခံရလို့ ဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး ဖြစ်နိုင်ပေမယ့် အသက် ၁၀ နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ သူက နေ့ခင်းဘက်ကိုက်တဲ့ ခြင်ကျားကြောင့် အဖြစ်များတာမို့လို့ ကျောင်းနေကလေးတွေနဲ့ ခြင်ထောင်နဲ့မသိပ်တဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။ ဒီ့အပြင် ခြင်ကိုက်ခံရတာချင်းအတူတူ ကိုယ်ခံအားအပြောင်းအလဲပေါ်မူတည်ပြီး ရောဂါပြင်းထန်မှု ကွာခြားတတ်ပါတယ်။

Voice : မိဘတွေအနေနဲ့ သွေးလွန်တုပ်ကွေးဖြစ်တယ်ဆိုတာကို ဘယ်လိုအချက်တွေနဲ့ သိရှိနိုင်မလဲဆရာ။
Dr.TYZ : သွေးလွန်တုပ်ကွေးရောဂါပိုးဝင်ရင် ကနဦးခုနစ်ရက်၊ တစ်ပတ်လောက်အထိ ဖျားနိုင်တယ်။ အဖျားကြီးနိုင်တယ်။ အဖျားက ဆေးတိုက်တုန်းခဏပဲကျပြီးတော့ ပြန်တက်တတ်တယ်။ ရံဖန်ရံခါမှာတော့ အန်တတ်ပါတယ်။ နောက်ပြီး နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ဝမ်းပျော့တာတွေနဲ့လည်း တွဲဖြစ်တာရှိတယ်။ ဆရာဝန်စမ်းလို့ပဲဖြစ်ဖြစ်၊ သူ့အလိုလိုပဲဖြစ်ဖြစ် ကိုယ်ခန္ဓာပေါ်မှာ အနီစက်သေးသေးလေးတွေ ပေါ်လာတတ်တယ်။ ဒီနေရာမှာ မိဘအများစုက စိတ်ပူပြီးလာလာပြလေ့ရှိတဲ့ မိတ်လိုအနီဖုကြီးကြီးတွေ၊ အင်ပျဉ်တွေနဲ့ မတူပါဘူးဆိုတာ ပြောချင်ပါတယ်။ သွေးလွန်တုပ်ကွေးမှာ ထွက်လေ့ရှိတာအများစုက မင်နီဘောလ်ပင်နဲ့ အစက်ချဆွဲထားသလို အနီစက်လေးတွေပါ။ နောက် သတိထားရမှာက မကျဘဲ အမြဲတက်နေတဲ့အဖျားက သွေးလန့်ပြီဆို ရုတ်တရက် ကျတတ်ပါတယ်။ သွေးလန့်တာစဖြစ်လေ့ရှိတဲ့ကာလက စဖျားစဉ်မှ သုံးရက်မှ ငါးရက်အတွင်းဖြစ်တတ်တာမို့လို့ ဘယ်နေ့၊ ဘယ်အချိန်က စဖျားတယ်၊ ဒီနေ့ ဘယ်နှရက်မြောက်နေ့ဆိုတာ မိဘတိုင်းသိထားမှတ်ထားစေလိုပါတယ်။

Voice : ဟုတ်ကဲ့ပါ။ ဒါဆိုရင် ကလေးတစ်ယောက်ဖျားပြီဆိုတာနဲ့ ဘယ်လိုမျိုးပြုစုကုသမှုပေးသင့်ပါသလဲ။
Dr.TYZ : ကလေးတစ်ယောက် ဖျားပြီဆိုတာနဲ့ သွေးလွန်တုပ်ကွေးဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပါရာစီတမောတိုက်ပါ။ တစ်ကိုယ်လုံးကို ရေပတ်တိုက်ပေးပါ။ ရာသီဥတုနဲ့မျှတတဲ့ အဝတ်အစား ဝတ်ပေးရပါမယ်။ အရည်များများ တိုက်ပေးရမယ်။ အစာအိမ်နဲ့ သွေးယိုစီးမှုကိုဖြစ်လေ့ရှိတဲ့ ဆေးပြင်းတွေ (ဥပမာ-စပ်ထားတဲ့ဆေး၊ အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးနဲ့ တချို့အခိုးထုတ်ငန်းဖြေဆေး) လုံးဝမတိုက်မိပါစေနဲ့။ အထူးသဖြင့်မှာချင်တာက အဖျားချက်ချင်းကျစေတယ်ဆိုပြီး တင်ပါးကို ဆေးထိုးတာတွေ မလုပ်ဖို့ပါပဲ။ နယ်တွေမှာ ကလေးတွေကို အကိုက်အခဲပျောက်ဆေးတွေထိုးတဲ့ အလေ့အထရှိနေတုန်းမို့ပါ။
နောက်ထပ်မှာချင်တာကတော့ မက်ကလောင် မဖောက်ဖို့ပါပဲ။ သွေးလွန်တုပ်ကွေးကြောင့် သွေးလန့်တာဟာ အသက်ကိုအန္တရာယ်ပေးနိုင်တဲ့ အခြေအနေမှာ ဆေးပြင်းတွေ၊ ထိုးဆေးတွေကြောင့် သွေးယိုစီးမှုတွေနဲ့ မက်ကလောင်ဖောက်တာကြောင့် ပိုးဆိပ်ပြန်တာတွေက ကလေးတွေရဲ့အသက်ကို ချက်ချင်းနုတ်ယူသွားနိုင်လို့ပါ။

Voice : ဘယ်လိုအချိန်မှာ ကလေးကိုဆေးရုံပို့ဖို့ လိုအပ်ပါသလဲဆရာ။
Dr.TYZ : ကလေးတွေဆိုတာ အဖျားတက်နေချိန်မှာ မလန်းပေမယ့် အဖျားကျရင် လန်းရပါမယ်။ အဖျားကျပြီး မလန်းတဲ့အခါ၊ ဂနာမငြိမ်ဖြစ်တဲ့အခါမှာ ဆေးရုံပြသင့်ပါတယ်။ နောက်ပြီး အဖျားတက်နေစဉ်မှာ ခြေဖျား၊ လက်ဖျားထိပ်တွေကအေး၊ ကိုယ်ကပူ ဖြစ်တတ်ပေမယ့် အဖျားကျကိုယ်အေးတဲ့အချိန်မှာ ခြေဖျားလက်ဖျားတင်မကဘဲ လက်ဖျံ၊ လက်မောင်း၊ ခြေသလုံးနဲ့ ပေါင်တွေကိုကိုင်ကြည့်လို့ အေးတယ်ထင်ရင် ဆေးရုံကိုအမြန်ခေါ်လာပါ။ နောက်ပြီးရင် တစ်နေကုန်ကို ဆီးသုံး၊ လေးကြိမ်တောင်မသွားဘူး၊ ဗိုက်ကအောင့်လို့ အစားမဝင်၊ အရည်မဝင်တာတို့၊ ဆက်တိုက်အန်တာတွေအပြင် လူအများသိနေပြီးဖြစ်တဲ့ သွေးယိုစီးမှုတွေ (ဥပမာ - နှာခေါင်းသွေးလျှံတာ၊ ကော်ဖီနှစ်ရောင်အန်တာ၊ ကတ္တရာစေးလို ဝမ်းမည်းမည်း စေးစေးကပ်ကပ်တွေသွားတာ) ဖြစ်ရင် ဆေးရုံကို အမြန်လာသင့်ပါတယ်။

Voice : သွေးလွန်တုပ်ကွေးဆိုတာ မဖြစ်စေဖို့ ဘယ်လိုကာကွယ်ရမလဲဆရာ။ သူ့အတွက် ဆေးရောရှိပါသလား။
Dr.TYZ : လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာတော့ ကာကွယ်ဆေးရယ်လို့တော့ မထိုးနှံနိုင်သေးပါဘူး။ ကာကွယ်ဖို့အတွက်ကတော့ ခြင်ကျားမပေါက်အောင် ကာကွယ်ဖို့နဲ့ ခြင်ကိုက်မခံရအောင်တတ်နိုင်သမျှ ထားဖို့ပါပဲ။ ခြင်ကျားက ရေကြည်ရေသန့်မှာ ပေါက်ဖွားတတ်လို့ မိမိရဲ့ပတ်ဝန်းကျင်ကို မိမိတို့ပဲ လိုက်လံကြည့်ရှုပါ။ တစ်ပတ်ထက် ပိုကြာကြာရေတင်နိုင်တဲ့ နေရာမှန်သမျှနဲ့ ခွက်၊ တာယာ၊ အိုး၊ ကန်၊ သစ်ခေါင်း အစရှိတာတွေသာမက ဘုရားပန်းအိုး၊ ပန်းအလှအိုး၊ အင်တုံစတဲ့နေရာတွေမှာပါ ပိုးလောက်လန်းမကျန်အောင် တစ်ပတ်နှစ်ခါလောက် သန့်ရှင်းလဲလှယ်ပေးသင့်ပါတယ်။ ရေအိုး၊ ရေကန်၊ ရေစည်တွေကို ဖုံးအုပ်သင့်တာ ဖုံးအုပ်၊ သွန်သင့်တာသွန်ပေါ့။ ကျန်းမာရေးဌာနက ပေးထားတဲ့ အဘိတ်ဆေးခတ်တာက အစဉ်အမြဲလဲလှယ်ဖို့မလွယ်တဲ့ ရေလှောင်ကန်ကြီးတွေမှာ ပိုးလောက်လန်းပေါက်တာကို ကာကွယ်နိုင်တယ်။

Voice : ခြင်ဆေးဖျန်းတာနဲ့ ပိုးလောက်လန်း နှိမ်နင်းတာမှာ ဘယ်ဟာက ထိရောက်မှုရှိနိုင်ပါသလဲ။
Dr.TYZ : သွေးလွန်တုပ်ကွေး ခြင်ကျားကာကွယ်ရေးဆိုရင် လူတွေပြေးမြင်တာက ခြင်ဆေးမှုတ်တာပါပဲ။ ခြင်ဆေးမှုတ်တာက ပေါက်ပြီးသားခြင်တွေကို သုတ်သင်နိုင်တာမှန်ပေမယ့် နာရီပိုင်းသာ အာနိသင်ရှိတာမို့ တစ်ခါမှုတ်ပြီးရုံနဲ့ ကာကွယ်ခြင်းပြီးပြည့်စုံပြီလို့ အထင်မမှားစေလိုပါဘူး။ ပိုးလောက်လန်းမပေါက်ပွားအောင် အစဉ်တစိုက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်နေမှသာ စိတ်ချရမှာပါ။

Voice : ဆရာ့အနေနဲ့ ကလေးမိဘတွေကို ဘာများ သတင်းစကားပါးလိုပါသေးလဲ။
Dr.TYZ : နေ့ခင်းဘက်ကိုက်တဲ့ခြင်ဟာ သွေးလွန်တုပ်ကွေးဖြစ်စေနိုင်သလို ညနေဘက်၊ ညဘက်တွေမှာကိုက်ရင် ငှက်ဖျားတို့၊ ဂျပန်ဦးနှောက်ရောင်တွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို နေ့ဘက်ရော၊ ညဘက်ပါ ခြင်ထောင်နဲ့သိပ်ကြဖို့ မှာချင်ပါတယ်။

Voice : ဟုတ်ကဲ့၊ အခုလိုပြည့်စုံစွာ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ