News

POST TYPE

INTERVIEW

ရဲမင်းပိုင်နဲ့ တွေ့ဆုံခြင်း
08-May-2018 tagged as အနုပညာ



“လက်ရှိမှာတော့ အက်ရှင်ကားကို ရိုက်ကူးမယ့် ဒါရိုက်တာတွေ တဖြည်းဖြည်းနဲ့ ပေါ်လာပါပြီ။ နောက်ပိုင်းမှာလည်း ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”

မြန်မာပြည်ကိုပြန်လာပြီး အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလိုလုပ်ဖြစ်နေတဲ့ အက်ရှင်မင်းသားကြီး ရဲမင်းပိုင်နဲ့ တွေ့ဆုံပြီး “Cover” အက်ရှင်ရုပ်ရှင်ကားထဲက ဇာတ်ရုပ်အကြောင်းနဲ့အတူ အက်ရှင်ကားတွေရိုက်ကူးမှု နည်းရခြင်းအကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : လက်ရှိရိုက်ကူးနေတဲ့ Cover အက်ရှင်ရုပ်ရှင်ကားထဲက ဇာတ်ရုပ်ပုံစံကို အရင်ဆုံးပြောပြပေးပါဦး။ 
YMP : ဒီကားမှာ ကျွန်တော်က လူဆိုးတစ်ယောက်ကနေ လူကောင်းဖြစ်နေတဲ့အချိန် သူငယ်ချင်းတစ်ယောက်က ပြဿနာဖြစ်နေတာကြောင့် သူ့ကိုအကာအကွယ်ပေးရတဲ့ပုံစံမျိုး ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဓိက ဒီကားက ကျွန်တော့်ရဲ့ သုံးကားမြောက်ရုပ်ရှင်ကားပါ။ နောက်ထပ်လည်း ရုပ်ရှင်ကားကြီးတွေရိုက်ဖို့ ကမ်းလှမ်းထားတာရှိပါတယ်။ ကျွန်တော့်ဘက်ကနေ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားနေရတာပေါ့နော်။ နောက်တစ်ခုက ကျွန်တော်က အသက်ကလည်း ကြီးလာပြီဆိုတော့ သိပ်ပြီး လုပ်နိုင်တော့မယ်မထင်ဘူး။ အလွန်ဆုံးလုပ်နိုင် နောက်ထပ် ငါးနှစ်ပေါ့နော်။ 

Voice : အက်ရှင်ကားတွေကို နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ ပြန်ရိုက်လာတာတွေ့ရတော့ ဖိုက်တင်မင်းသား တစ်ယောက်ရဲ့ စိတ်ခံစားမှုက ဘယ်လိုရှိနေလဲ။ 
YMP : လက်ရှိမှာတော့ အက်ရှင်ကားကိုရိုက်ကူးမယ့် ဒါရိုက်တာတွေ တဖြည်းဖြည်းနဲ့ပေါ်လာပါပြီ။ နောက်ပိုင်းမှာလည်း ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အက်ရှင်ကားဆိုတာက မရှိရင်လည်းမဖြစ်ဘူးလေ၊ အရင်တုန်းက မြန်မာဗီဒီယိုလောကမှာဆိုရင်တော့ ဖိုက်တင်အက်ရှင်ကားတွေစပေါ်လာတယ်။ ဒါပေမဲ့ ၁၉၉၃ - ၁၉၉၄ ခုနှစ်လောက်ကစပြီးတော့ မြို့လယ်ကောင်မှာ ဖိုက်တင်ထိုးတာတွေ၊ ကြိတ်တာတွေမရတော့ဘူးဆိုပြီး ဆင်ဆာကနေ သတိပေးခြင်းကို ခံရတယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်တော်တို့က တောဘက်၊ နယ်ဘက်တွေကို အမှီပြုပြီးတော့ ဖန်တီးရတဲ့ ဇာတ်လမ်းတွေနဲ့ ဖိုက်တင်ပြန်ရိုက်ရတယ်။ တောဇာတ်လမ်းတွေကို အခြေခံပြီး ဖိုက်တင်ခန်းတွေ ရိုက်ရတော့ ကျွန်တော်တို့ကလည်း နောက်ဆုံးမှာ ဖိုက်တင်သမားဘဝကို ရောက်သွားကြတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ကလည်း တောမင်းသား၊ နယ်မင်းသားတွေ ဖြစ်ကုန်ကြတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ကို တောမှာရှိတဲ့လူတွေကမှ တကယ်အားပေးတာပါ။ သူတို့က ကျွန်တော်တို့ကို ထမင်းကျွေးနေတာပါ။ ရန်ကုန်မြို့လယ်ကောင်မှာရှိတဲ့လူတန်းစားကျတော့ ရုပ်ရှင်ကြည့်ဖို့အတွက် သူတို့မှာ အချိန်မပေးနိုင်ဘူး။ တကယ်လို့ရှိရင်တောင်မှ ရုပ်ရှင်ကားတစ်ကားကို ဖွင့်ထားပြီးတော့ အိပ်ပျော်သွားရင် အိပ်ပျော်သွားတယ်။ ဒါတွေကို ကျွန်တော်တို့က မြင်နေရတယ်။ 

Voice : မြန်မာပြည်ကို ပြန်ရောက်နေပြီဆိုတော့ အက်ရှင်နဲ့ပတ်သက်ပြီး ကိုယ့်ဘက်ကနေ ဘယ်လိုပံ့ပိုးမှုမျိုးတွေလုပ်သွားဖို့ရှိလဲ။ 
YMP : ၂၀၀၄ ခုနှစ်မှာ မြန်မာပြည်ကနေ ကျွန်တော် ထွက်သွားတယ်။ လက်ရှိ ကျွန်တော်ပြန်ရောက်လာတဲ့အချိန်မှာ အခြေအနေတွေ တစ်မျိုးပြောင်းလာတဲ့အပေါ် မူတည်ပြီးတော့ ဖိုက်တင်ကားကို ပြန်ရိုက်ချင်တဲ့ စိတ်ပိုင်းဆိုင်ရာအရ လုပ်နိုင်အောင်တော့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ထားရတာပေါ့နော်။ အဲ့ဒါကြောင့် ကိုယ်တတ်နိုင်တဲ့ အနေအထားတစ်ခုကနေ လုပ်ပေးမယ်။ ဒါပေမဲ့ အကုန်လုံးက ဘာတွေလိုအပ်နေလဲဆိုတော့ ကြိုတင်ပြင်ဆင်ထားတာမရှိဘူး။ ဖိုက်တင်ခန်းတွေဆိုရင်လည်း ရိုက်ကွင်းပေါ်ရောက်မှ ထိုးဖို့၊ ကြိတ်ဖို့ ဆင်ရတယ်၊ အချိန်မပေးနိုင်ကြဘူး။ ပရိုဂျူဆာဘက်က ပြန်ကြည့်ပြန်တော့လည်း သူတို့က သိန်းကိုထောင်နဲ့ချီ၊ ရာနဲ့ ချီရင်းထားရတာဆိုတော့ အချိန်မပေးနိုင်ဘူး။ အဲ့ဒီလို ကြိုတင်ပြင်ဆင်ထားခြင်းမရှိတာကြောင့် ကျွန်တော်တို့ ဖိုက်တင်က တိုးတက်ဖို့ နည်းနည်းနှောင့်နှေးမယ်လို့ ထင်တယ်။ 

Voice : အက်ရှင်ကားကောင်းတစ်ကားဖြစ်လာဖို့ အဓိကလိုအပ်ချက်က ဘာများဖြစ်မလဲ။
YMP : ကျွန်တော်တို့ နိုင်ငံမှာက ဖိုက်တင်ကားရိုက်ရင် လူအင်အားများများသုံးပြီး ရိုက်ရတဲ့အနေအထားမရှိဘူး။ ဖိုက်တင်ထိုးပြနိုင်တဲ့လူရှိမှလည်း ဖိုက်တင်ကားကို ပရိသတ်က လက်ခံမှာလေ။ ဒါပေမဲ့ ဖိုက်တင်ထိုးပြနိုင်ဖို့ အစွမ်းအစမရှိတဲ့အခါကျတော့ ဖိုက်တင်ကားက ဖြစ်လာဖို့မလွယ်ဘူး။ အဓိက ဖိုက်တင်မင်းသားတွေ၊ မင်းသမီးတွေရှိဖို့လိုတဲ့အပြင် ဖိုက်တင်ကားကိုရိုက်တတ်တဲ့ ဒါရိုက်တာတွေလည်းလိုတယ်။ နောက်တစ်ခုက ရိုက်ချက်တွေ၊ ကင်မရာအယူအဆတွေနဲ့ ဇာတ်လမ်းပုံစံတွေကလည်း အရေးကြီးတာဆိုတော့ အားလုံးကောင်းမှ ဖိုက်တင်ကားကောင်းကောင်း ဖြစ်လာမှာပါ။ 

Voice : အက်ရှင်မင်းသားတစ်ယောက်က လူကြမ်းသရုပ်ဆောင်တွေနဲ့လည်း အဆင်ပြေအောင်နေရတယ်နော်။ 
YMP : ကျွန်တော်တို့ဆီမှာက လူကြမ်းတစ်ယောက်ကို Daily ခေါ်ရင် ဥပမာ - ငွေသုံးသောင်းပေးတယ်။ ဒီငွေ သုံးသောင်းနဲ့ သူ့ရဲ့မိသားစုစားဝတ်နေရေးအတွက် ရပ်တည်ရမှာပါ။ အဲ့ဒါကြောင့် ငွေသုံးသောင်းရဖို့ ဘယ်အချိန် ထိုးမလဲဆိုတာကို သူကစောင့်နေရတယ်။ ဒါက ဖိုက်တင်မင်းသားတိုင်းကြုံရတာပါ။ အချစ်ကားရိုက်တဲ့လူ၊ ဒရာမာကားရိုက်တဲ့လူ၊ အက်တင်နဲ့ လုပ်ရတဲ့လူတွေမှာတော့ ရှိချင်မှရှိမယ်။ ကျွန်တော်က ဖိုက်တင်သမားဖြစ်တော့ ငါမထိုးပေးရင် ဒီကောင် Daily ကြေး ရမှာမဟုတ်ဘူး၊ ငါခေါ်ပြီးထိုးမှ သူက သုံးသောင်းရမယ်၊ သုံးသောင်းရမှ သူ့မိသားစုအဆင်ပြေမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိတယ်။ 

Voice : အက်ရှင်ဈေးကွက် မကျယ်ပြန့်တာက ပြည်ပထိမထိုးဖောက်နိုင်တာကြောင့်လည်းပါလား။ 
YMP : ကျွန်တော်တို့ဆီမှာ ပြည်ပကိုထုတ်ဖို့၊ ဖြန့်ဖို့ အစွမ်းအစသိပ်မရှိသေးဘူး။ ဒါပေမဲ့ ကြိုးစားနေကြတယ်။ တခြားနိုင်ငံအရပ်ရပ်မှာရှိတဲ့ မြန်မာပြည်သားတွေကလည်း အောင်မြင်အောင်လုပ်ဖို့ ကြံစည်နေကြတယ်၊ စိတ်ကူးနေကြတယ်။ ငါတို့မြန်မာပြည်က အက်ရှင်ကားတွေပဲဖြစ်ဖြစ်၊ အချစ်ကားတွေပဲဖြစ်ဖြစ် အိမ်နီးချင်းနိုင်ငံတွေကို ပြသနိုင်ဖို့အတွက် ဘယ်လိုကြိုးစားရင်ကောင်းမလဲ၊ ဘယ်လိုအားထုတ်ရင်ကောင်းလဲဆိုတဲ့စိတ်ကူးတွေ ရှိကြတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအပြင် ကမ္ဘာနိုင်ငံအသီးသီးကိုရောက်နေတဲ့ မြန်မာပြည်သားတွေအားလုံးက ကိုယ့်နိုင်ငံကရုပ်ရှင်ကားတွေကို အိမ်နီးချင်းနိုင်ငံတွေကို ရောက်စေချင်တယ်၊ ပြစေချင်ကြတယ်။

ဝင်းထွန်းနိုင်