News

POST TYPE

INTERVIEW

ဒါရိုက်တာ ဗန်းကြီးနဲ့ တွေ့ဆုံခြင်း
07-May-2018
“ကျွန်တော်က “ဥပါဒါန်” ရုပ်ရှင်ကားကို လူတွေအပြင် ဘုန်းကြီးတွေကိုပါ ကြည့်စေချင်ပါတယ်။ ကျွန်တော်တို့ သာသနာကို စောင့်ရှောက်ဖို့က သံဃာတွေလက်ထဲမှာပဲ ရှိတော့တယ်”

မေလ ၁၈ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “ဥပါဒါန်” ရုပ်ရှင်ကားကို ဒါရိုက်တာဗန်းကြီးက သရုပ်ဆောင် ခိုင်ထူးသာ၊ ဇာတိ၊ နန်းဆုဦး၊ မေသဉ္ဇာဦး၊ ခင်ဇာခြည်ကျော်၊ ချိုပြုံး စတဲ့ သရုပ်ဆောင်ပေါင်းများစွာတို့နဲ့ ရိုက်ကူးထားပါတယ်။ ယင်းကားအကြောင်း အပြည့်အစုံကို ဒါရိုက်တာဗန်းကြီးနဲ့တွေ့ဆုံပြီး The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : “ဥပါဒါန်” ရုပ်ရှင်ကားက ရုံတင်ပြသခွင့်ရပြီဆိုတော့ ဒါရိုက်တာတစ်ယောက်ရဲ့ ဝမ်းသာပီတိက ဘယ်လိုရှိနေလဲ။ 
BG : ဒီကားကို ကျွန်တော်က ပြည့်ပြည့်စုံစုံရိုက်ခဲ့ရတာမဟုတ်ပါဘူး။ ဥပါဒါန်ရုပ်ရှင်ဇာတ်ကားကို ကျွန်တော့်မှာရှိတဲ့ စည်းစိမ်ဥစ္စာ၊ နောက်ဆုံးနေတဲ့ အိမ်ကအစ ထုခွဲရောင်းချပြီး ရိုက်ခဲ့ရတာပါ။ လမ်းဘေးမှာ ဘတ်စ်ကားစီးပြီးတော့ ဒီကားကို ပြီးအောင်ရိုက်ခဲ့ရတယ်။ ဒီကားက တကယ်ကို ခက်ခက်ခဲခဲနဲ့ ပြီးသွားခဲ့တာပါ။ ဒါပေမဲ့ ကိုယ့်မှာက ရိုက်ဖို့အတွက် ငွေကြေးမပြည့့်စုံလို့သာ ရုန်းခဲ့ရတာပါ၊ လက်ရှိမှာတော့ ဘာသာရေးကားဖြစ်လို့လားမသိဘူး၊ အားလုံးက ဝိုင်းဝန်းကြတော့ ရုံတင်ပြသဖို့က အခက်အခဲတော့မရှိဘူး။ ဒီကားကို ပရိသတ်ရှေ့ကိုချပြရတော့မယ်ဆိုတော့ ဝမ်းသာပါတယ်။ ဒီကားကို ရုံတင်ပြသခွင့်ပေးတဲ့ ရုပ်ရှင်ရုံတွေနဲ့ ရှေ့ကနေ ထိုးဖောက်သွားကြတဲ့ မျိုးဆက်သစ်အနုပညာရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ 

Voice : လက်ရှိ ရုပ်ရှင်ရေစီးကြောင်းထဲကနေ ခွဲထွက်ပြီး ဘာသာရေးကားကို ရိုက်ဖြစ်တဲ့ စိတ်ကူးကိုလည်း သိချင်ပါတယ်။ 
BG : ဒီကားကို ကျွန်တော် ရိုက်ထားတာ တစ်နှစ်ကျော်လောက်ပဲ ရှိပါသေးတယ်။ ဒီကားကို ရိုက်ဖြစ်တာကတော့ ကျွန်တော်တို့က အနုပညာအလုပ်နဲ့ လုပ်စားခဲ့တာကြာပါပြီ။ ကျွန်တော်တို့ အသက်အရွယ်ကလည်း ငါးဆယ်ကျော်ပါပြီ၊ ခြောက်ဆယ်နား ကပ်ပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ ဘယ်လောက် ကြာအောင်လုပ်နိုင်မလဲဆိုတာလည်း မပြောနိုင်တော့ဘူးလေ။ မနက်ဖြန်ဆိုတာ ကျွန်တော်တို့အတွက် မသေချာပါဘူး။ နောက်တစ်ခုက ကျွန်တော်က ဘာသာရေးကားဆို အရမ်းကြိုက်တယ်။ ဘာသာ၊ သာသနာကိုလည်း တကယ်ကို ယုံယုံကြည်ကြည်နဲ့ လုပ်ခဲ့ပါတယ်။ အနုပညာလောကမှာ ဇာတ်ညွှန်းစရေးတဲ့အချိန်ကတည်းက သာသနာပြုခွင့်ရပါရစေ ဘုရားဆိုပြီး ဆုပန်ခဲ့တယ်။ အဲ့ဒီအတိုင်းလည်း အနုပညာကရတဲ့ငွေနဲ့ ဘုရားတွေတည်၊ ကျောင်းတွေ ဆောက်ခဲ့ရတယ်၊ အလှူအတန်းတွေအများကြီး လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော့်စိတ်ထဲမှာလည်း အနုပညာနဲ့ သာသနာတော်အတွက် အဓိပ္ပာယ်ရှိတဲ့ ကားတစ်ကားလောက် ရိုက်ချင်ခဲ့တာကြာပါပြီ။ ဒါပေမဲ့ ဒီလိုကားမျိုးနဲ့ ထိုးဖောက်ဖို့ဆိုတာမလွယ်ဘူး၊ ဒီလိုကားမျိုးကို ထုတ်ရိုက်ချင်တဲ့ ပရိုဂျူဆာဆိုတာလည်း ရှားပါတယ်။ အဲ့ဒါကြောင့် ကိုယ်လုပ်ချင်တာတစ်ခုကို ကိုယ့်ဘဝနဲ့ရင်းပြီးတော့ စွန့်စားလုပ်ခဲ့တာပါ။ တကယ်လည်း အထမြောက်ခဲ့ပါတယ်။ ဒီကားကိုပြန်ကြည့်တဲ့အချိန်မှာ ကျွန်တော် မျက်ရည်ကျပါတယ်။

Voice : ခေါင်းဆောင်မင်းသားနေရာမှာ မျက်နှာသစ် သရုပ်ဆောင်သစ်တစ်ယောက်ကို ရဲ့ရဲ့ဝံ့ဝံ့သုံးထားတာ တွေ့ရတယ်နော်။ 
BG : အဓိက ဇာတ်ကောင်စရိုက်နဲ့ ဆိုင်ပါတယ်။ ဒီကားမရိုက်ခင်မှာလည်း ကျွန်တော့်ကို သာသနာရေးရာက ခေါ်ပြောပါတယ်၊ ဒီကားမှာပါတဲ့ ဘုန်းကြီးက သာသနာတစ်ခုလုံးကို ကိုယ်စားပြုတဲ့ ဘုန်းကြီးဖြစ်နေတယ်နော်တဲ့၊ ဘာသာရေးကားမှာ အရမ်းအရေးကြီးတယ်၊ အဲ့ဒီဘုန်းကြီး တစ်ချက်မှားလို့မရဘူးလို့ပြောတယ်။ ဒီဘုန်းကြီးရဲ့ အနေအထိုင်၊ အသွားအလာဆင်ခြင်ပုံတွေ၊ အမှတ်တွေ အကုန်လုံးက တစ်ခုမှလွဲလို့မရဘူး။ အဲ့ဒါကြောင့် လူကို သေချာရွေးပါ၊ သာသနာအတွက် ထိခိုက်မှာစိုးလို့ပါဆိုပြီး ကျွန်တော့်ကို ခေါ်သတိပေးတယ်။ သူတို့က ဘုန်းကြီးရဲ့ မျက်နှာတော်ကိုလည်း မြန်မာဆန်စေချင်တယ်။ နောက်တစ်ခုက သရုပ်ဆောင်တွေဆိုရင်လည်း ရိုက်ခါနီးမှပဲ ဘုန်းကြီးဝတ်နိုင်မှာလေ။ ဒီဇာတ်ကောင်ဝင်ဖို့အတွက်ကို လနဲ့ချီပြီး ဘယ်သူ့မှလည်း မဝတ်နိုင်ပါဘူး။ ဒီကားမှာ တရားဟောရတာတွေလည်းပါတော့ ဟောဖို့သင်ရမယ်။ ကျွန်တော်ဆို ဇာတ်ညွှန်းတွေကို ဘုန်းကြီးကျောင်း သွားရေးရတယ်၊ ဇာတ်ညွှန်းတွေကိုလည်း သာသနာရေးရာကို တင်ပေးရတယ်၊ သရုပ်ဆောင်တွေအကုန်လုံးကိုလည်း တစ်လကျော် ကြိုပေးပြီး Pre Production လုပ်ခဲ့ရတယ်။ ဒီကားမှာပါတဲ့ ဘုန်းကြီးတွေက အသစ်တွေချည်းပါပဲ၊ ဒီကားကို ကြည့်မိတဲ့လူက တကယ်ဖြစ်သလို အပြင်မှာ ခံစားရအောင်လို့ပါ။ သရုပ်ဆောင်တစ်ယောက် ပါနေမယ်ဆိုရင် ရုပ်ရှင်ရိုက်နေမှန်း သိသာတယ်လေ။ 

Voice : “ဥပါဒါန်” ရုပ်ရှင်ကားကိုကြည့်တဲ့ပရိသတ်အနေနဲ့ ဘယ်လိုအသိပညာတွေ၊ ဘယ်လိုဗဟုသုတတွေ ရသွားစေနိုင်မလဲ။ 
BG : ကျွန်တော်က “ဥပါဒါန်” ရုပ်ရှင်ကားကို လူတွေအပြင် ဘုန်းကြီးတွေကိုပါ ကြည့်စေချင်ပါတယ်။ ကျွန်တော်တို့ သာသနာကို စောင့်ရှောက်ဖို့က သံဃာတွေလက်ထဲမှာပဲ ရှိတော့တယ်။ ကျွန်တော်တို့မှာက ဘုရားမှမရှိတော့တာလေ။ အဲ့ဒါကြောင့် သံဃာတွေအနေနဲ့ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ သံဃာတွေကို ဒါယကာ၊ ဒါယိကာမတွေကလည်း ကြည်ညိုမယ်ဆိုရင် နှစ်ဦးနှစ်ဖက်အကျိုးရှိမယ်။ ဒါယကာ၊ ဒါယကာမတွေကလည်း သံဃာတွေအပေါ်မှာ ထားရမယ့်စိတ်ကို ကျွန်တော်ကရိုက်ပြထားတယ်။ နောက်ဆုံးအစွဲအလမ်းတစ်ခုက ဘယ်လောက်ထိ ဒုက္ခပေးလဲဆိုတာကို ပညာပေးထားတာပါ။ ဒီကားကို ကြည့်တဲ့လူအနေနဲ့ အရမ်းတန်ပါလိမ့်မယ်။ 

Voice : ဇာတ်လမ်းပုံစံအကျဉ်းက ဘယ်လိုမျိုးလဲ၊ အဓိကရိုက်ပြထားတဲ့အကြောင်းအရာက ဘာဖြစ်မလဲ။ 
BG : ဇာတ်လမ်းပုံစံကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာက ရဟန်းဒါယကာ၊ ဒါယိကာမရှိမှ ရဟန်းက ရပ်တည်လို့ရတာပါ။ အဲ့ဒီမှာ ရဟန်းဒါယိကာမတစ်ယောက်ကနေ ရဟန်းတစ်ပါးကို သာသနာပြုခွင့်ရသွားတယ်၊ ရဟန်းအမဖြစ်ခွင့် ရသွားတယ်ပေါ့နော်။ ဒါပေမဲ့ သူ့အသက်အရွယ်က ငယ်တော့ သူက ကြည်ညိုတာပဲသိတယ်၊ ကျန်တာဘာမှမသိဘူး။ အဲ့ဒါကြောင့် ပတ်ဝန်းကျင်အမြင်မှာ မတင့်တယ်တာတွေဖြစ်တယ်၊ နောက်ဆုံး စိတ်သောကတွေ ဖြစ်တယ်။ တကယ်တမ်းကျတော့ ဘာသာ၊ သာသနာအတွက်ကို ရဟန်းအမတွေအနေနဲ့ ဘယ်လိုနေရထိုင်ရမယ်ဆိုတာကို ပြထားတဲ့ကားပါ။

Voice : “ဥပါဒါန်” ရုပ်ရှင်ကားနဲ့ပတ်သက်ပြီး ပရိသတ်ကို ဘာများကြိုပြီးပြောပြထားချင်သေးလဲ။ 
BG : ကျွန်တော်တို့ကားက ရုံတင်ခွင့်ရပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ကားက နာမည်ကြီးမင်းသားပါတဲ့ ကားတစ်ကားနဲ့ ထိပ်တိုက်တွေ့နေပါတယ်။ ရုံရှင်တွေကလည်း ပရိသတ်တွေဝန်းဝိုင်းမှ ပိုက်ဆံရှာလို့ ရမှာဆိုတော့ ပရိသတ်တွေကနေ တကယ်ကြည့်ချင်တဲ့ ဆန္ဒရှိရင် ကျွန်တော့်ကားကို ဝိုင်းဝန်းကြပါ။ ဒီကားမျိုးကို ထပ်ရိုက်ဖို့လည်း သိပ်မလွယ်ပါဘူး။ အဓိက ဒီကားကို ပရိသတ်တစ်ယောက်ကြည့်လည်း ကျွန်တော် ကျေနပ်ပါတယ်၊ နှစ်ယောက်ကြည့်လည်း ကျွန်တော်ကျေနပ်ပါတယ်။ ဒီကားကိုကြည့်တဲ့ ပရိသတ်တွေ အကုန်လုံးအတွက်လည်း အကျိုးဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒီကားကို အားပေးတာထက်စာရင် သာသနာဝိုင်းပြုကြပါလို့ ပြောချင်ပါတယ်။ 

သန့်ဇင်ဦး