News

POST TYPE

INTERVIEW

ရွှေထူးနှင့် တွေ့ဆုံခြင်း
04-May-2018


“ဖေ့စ်ဘွတ်ခ်မှာ တစ်ခုခုရေးတင်တိုင်း ကျွန်တော် အသည်းကွဲနေတယ်လို့ မထင်ပါနဲ့။ အသည်းမကွဲပါဘူး။ ပျော်လည်း ပျော်တတ်ပါတယ်”

လူငယ်ပရိသတ်ကြိုက် တေးသံရှင်တစ်ဦးဖြစ်တဲ့ ရွှေထူးနဲ့တွေ့ဆုံပြီး လတ်တလော ဂီတလှုပ်ရှားမှုအကြောင်း၊ ဘုန်းကြီးဝတ်ဖြစ်ခဲ့တဲ့အကြောင်း၊ အချစ်ရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ရွှေထူးရဲ့ လတ်တလောဂီတလှုပ်ရှားမှုအကြောင်းကနေစပြီး ပြောပြပေးပါဦး။
SH : လတ်တလော ဂီတလှုပ်ရှားမှုကတော့ သိပ်အများကြီးမရှိပါဘူး။ ဇွန်လထဲမှာ ရုပ်ရှင်တစ်ကားရိုက်ဖို့ရှိတယ်။ နယ်ရှိုးတွေဆိုဖို လက်ခံထားတာလည်းရှိပါတယ်။ သြင်္ကန်တွင်းတုန်းကတော့ သီချင်းဆိုဖြစ်တယ်။ သြင်္ကန်အပြီးမှာတော့ ဘုန်းကြီးဝတ်ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာတော့ သီချင်းသစ်လေးတွေ ဆက်လုပ်ဖို့လည်း ရှိပါတယ်။ နောက်လထဲရိုက်မယ့် ရုပ်ရှင်ကတော့ မင်းသမီးဝတ်မှုံရွှေရည်နဲ့ ရိုက်ရမှာပါ။ မင်းသားကတော့ ကျွန်တော်အပြင် နောက်တစ်ယောက်ပါပါဦးမယ်။

Voice : ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ပက်ပက်စက်စက်ညှို့”မှာတော့ ဂျစ်ကန်ကန် လူငယ်တစ်ယောက်ပုံစံမျိုး လုပ်ပြခဲ့ပြီးပြီ။ နောက်ထပ်ရော ဘယ်လိုကာရိုက်တာမျိုးတွေ လုပ်ပြချင်သေးလဲ။
SH : ကျွန်တော်ရိုက်မယ့် ဇာတ်လမ်းတွေကတော့ ပရိုဂျူဆာတွေနဲ့ တိုင်ပင်ပြီး ရွေးဖြစ်ပါတယ်။ ကျွန်တော်က သရုပ်ဆောင်အနေနဲ့ဆို အသစ်ပဲရှိသေးတော့ အတွေ့အကြုံတွေ အများကြီး နုပါသေးတယ်။ အားလုံးရဲ့ ဖေးမကူညီမှုတွေနဲ့ ရှေ့ဆက်လျှောက်ရမှာပါ။ ဇာတ်ကားတွေ ရိုက်တဲ့အခါမှာတော့ အချိန်ဘယ်လောက်ပေးရပေးရ ဇာတ်ကားကောင်းမယ်ဆိုရင် ကျွန်တော်ပေးပါမယ်။ ကာရိုက်တာအရ လိုအပ်ရင်လည်း ဘယ်လိုပုံစံမျိုးပဲ ပြောင်းရ၊ ပြောင်းရ ပြောင်းမှာပါ။ 

Voice : ဘုန်းကြီးဝတ်ဖြစ်သွားတဲ့ အကြောင်းလည်း ပြောပြပေးပါဦး။ စိတ်ငြိမ်းချမ်းမှုရအောင်လို့ ဝတ်ဖြစ်တာလား။
SH : ဘုန်းကြီး ဝတ်တဲ့အချိန်တုန်းကတော့ စိတ်က အရမ်းကို အေးချမ်းပါတယ်။ ကျွန်တော်နဲ့ သက်ဆိုင်တဲ့ အရာအားလုံးကိုတောင် မေ့သွားပါတယ်။ ကျွန်တော် ဘုန်းကြီးဝတ်ခဲ့တဲ့ ကျောင်းကလည်း မိတ်ဆွေတစ်ယောက်က ခေါ်သွားပေးလို့ ဝတ်ဖြစ်တာပါ။ ပြင်ဦးလွင် ၂၁ မိုင်ကနေ တော်တော်လေး သွားရတယ်။ တောထဲမှာရှိတဲ့ ကျောင်းပေါ့။ အဲ့ဒီကျောင်းမှာက ဆွမ်းကပ်တာကို လက်မခံဘူး။ ဘုန်းကြီးတွေအားလုံးက ဆွမ်းခံထွက်ရတယ်။ 

Voice : ဘုန်းကြီးဝတ်နဲ့ပုံတွေ ဖေ့စ်ဘွတ်ခ်မှာ တက်လာတော့ ကိုယ်ပေါ်မှာ တက်တူးတွေ ရှိနေတဲ့အပေါ် ပရိသတ်တချို့က ဝေဖန်ကြတာနဲ့ပတ်သက်ပြီးတော့ရော ဘာပြောချင်လဲ။
SH : ကျွန်တော့် ဘုန်းကြီးဝတ်နဲ့ ပုံတွေ အွန်လိုင်းပေါ်ရောက်သွားတော့ တက်တူးနဲ့ ဘုန်းကြီးဆိုပြီး ပြောကြတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်တော်လည်း ကိုယ်ပေါ်မှာ တက်တူးတွေနဲ့ဆိုတော့ စိတ်ထဲမှာ တစ်မျိုးခံစားရတဲ့အကြောင်း ဘုန်းဘုန်းကို လျှောက်ပါသေးတယ်။ ကျောင်းထိုင်ကိုယ်တော်ကိုယ်တိုင်က စိတ်ထဲမထားဖို့နဲ့ လောကမှာ ကိုယ့်စိတ်က အရေးကြီးဆုံးပါပဲတဲ့၊ ကိုယ်ပေါ်က တက်တူးတွေကို မေ့ထားလိုက်ပါလို့ပြောပါတယ်။ ဒီပုံတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ဘက်က ရပ်တည်ရှင်းပြပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

Voice : ဖေ့စ်ဘွတ်ခ်မှာ ခံစားမှုစာစုလေးတွေ ရေးတင်တာတွေလည်း တွေ့ရတယ်။ တချို့ ပရိသတ်တွေကတော့ ရွှေထူးအသည်းကွဲနေပြီလို့ ထင်နေကြတယ်။ 
SH : ကျွန်တော် ဖေ့စ်ဘွတ်ခ်မှာ တင်တာတွေ အကုန်လုံးကို ပရိသတ်တွေအနေနဲ့ အတည်မယူစေချင်ပါဘူး။ တစ်ခါတလေကျရင် ဖေ့စ်ဘွတ်ခ်သုံးရင်းနဲ့ ကောင်မလေးတစ်ယောက်က လက်ကို ဓားတွေနဲ့ခြစ်တာကို ဖတ်လိုက်ရတယ်ဆိုရင် ကျွန်တော့်အမြင်ကို Status လေး တင်မိတာမျိုး ရှိတယ်။ သူဘာကို ခံစားနေရတာလဲဆိုတာကို သူ့နေရာကို ဝင်ခံစားကြည့်လိုက်တယ်။ ကျွန်တော် ရေးချင်တဲ့ စာသားလေးတွေကို ရေးတင်လိုက်တယ်။ ဖေ့စ်ဘွတ်ခ်မှာ တစ်ခုခုရေးတင်တိုင်း ကျွန်တော် အသည်းကွဲနေတယ်လို့ မထင်ပါနဲ့၊ အသည်းမကွဲပါဘူး၊ ပျော်လည်း ပျော်တတ်ပါတယ်။

Voice : လက်ရှိ အချစ်ရေးကရော အဆင်ပြေရဲ့လား။ ချစ်သူက ပြည်ပမှာဆိုတော့ တစ်ခါတလေမှာ Long Distance Relationship ကို စိတ်ကုန်လာတာမျိုးရောရှိလား။
SH : ချစ်သူ နှစ်ယောက်က Long Distance Relationship ဆိုရင်တော့ စိတ်ရှည်ရတယ်၊ သည်းခံရတာတွေ ရှိပါတယ်။ ဒီအပေါ်မှာ စိတ်ကုန်လာတာမျိုး မရှိပေမယ့်၊ တစ်ယောက်နဲ့တစ်ယောက်က သွေးအေးသွားသလို ခံစားရတာမျိုးလေးတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချစ်လို့ပဲ ခုနစ်နှစ်နီးပါးလောက် တွဲလာခဲ့ကြတာလေ။ ဒါပေမဲ့ ကျွန်တော့်မှာလည်း ကျွန်တော့်အလုပ်ရှိတယ်။ သူ့ဘက်မှာလည်း ကျောင်းကိစ္စ၊ အလုပ်ကိစ္စတွေရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောဖြစ်တဲ့အချိန်မှာ သွေးအေးသွားသလို ခံစားရတာမျိုး ရှိပါတယ်။ 

သန့်ဇင်ဦး