News

POST TYPE

INTERVIEW

နိုင်းနိုင်းနဲ့ တွေ့ဆုံခြင်း
03-May-2018
“ဒုဋ္ဌဝတီကို လွန်၍” ဇာတ်ကားက ပရိသတ်တွေရဲ့ အမြင်ကို ပြောင်းလဲစေချင်လို့ ကျွန်တော်တို့အားလုံးကြိုးစားထားတဲ့ ဇာတ်ကားပါ” 

နာမည်ကျော် သရုပ်ဆောင် နိုင်းနိုင်းနဲ့တွေ့ဆုံပြီး မေလ ၄ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “ဒုဋ္ဌဝတီကို လွန်၍” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကွင်းအတွေ့အကြုံများနဲ့ ဇာတ်ကားအပေါ် မျှော်လင့်ချက်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ဒုဋ္ဌဝတီကို လွန်၍ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်းကနေစပြီး ပြောပြပေးပါဦး။
NN : ဒီဇာတ်ကားကတော့ ရတနာပစ္စည်းတစ်ခုကိုရှာတဲ့ အကြောင်းလေးကို အခြေခံပြီး ရိုက်ပြထားတာပါ။ ကျွန်တော့်ရဲ့ ကာရိုက်တာကတော့ ပြင်သစ်မှာနေတဲ့ မြန်မာလူငယ်တစ်ယောက်ပေါ့။ အကြောင်းကြောင်းကြောင့် မြန်မာပြည်ကို ပြန်ရောက်လာတဲ့အချိန်မှာ ကိုယ့်အဖေရဲ့ ပြဿနာထဲမှာ ဝင်ပါသွားတဲ့အကြောင်းလေးပါပဲ။ ဇာတ်လမ်းက တကယ်ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာထက် ပရိသတ်တွေအတွက် ဖျော်ဖြေရေးတစ်ခုအနေနဲ့ ရုပ်ရှင်ဆန်ဆန် ဖန်တီးထားတဲ့ ဇာတ်ကားလေးပါပဲ။ ဇာတ်ကားကို ကြည့်ပြီးတော့ လိုအပ်တာတွေကို ဝေဖန်အကြံပေးလို့လည်း ရပါတယ်။ 

Voice : ဇာတ်ကားကို ပြန်ကြည့်ရတဲ့အချိန်မှာရော ဘယ်လောက်အထိ ကျေနပ်အားရမှုရှိလဲ။
NN : ဒီဇာတ်ကားကို အထူးပွဲပြတော့မှ ကျွန်တော်လည်း သေချာပြန်ကြည့်ရတာပါ။ ဇာတ်ကားကို ဒါရိုက်တာနဲ့ ထုတ်လုပ်သူပိုင်းက တစ်ဆင့်ပြီးတစ်ဆင့် ကောင်းအောင် လုပ်နေကြတဲ့အချိန်မှာတော့ ကျွန်တော်မကြည့်ရဘူး။ ကျွန်တော်တို့ ရိုက်တုန်းက တချို့ဇာတ်ဝင်ခန်းတွေမှာဆို ကွန်ပျူတာ အထူးပြုလုပ်ချက်တွေ မပါသေးဘူး။ အခု ပြန်ကြည့်ရတဲ့အခါမှာတော့ အမြင်ဆန်းနေတယ်။ ပရိသတ်တွေလည်း သဘောကျမယ်လို့ ထင်ပါတယ်။ 

Voice : ဒီဇာတ်ကားမှာ အက်ရှင်ဇာတ်ဝင်ခန်းတွေကို ကိုယ်တိုင်ကြိုးစားပြီး လုပ်ဆောင်ခဲ့တယ်နော်။ ဘယ်လို အခက်အခဲတွေရောရှိခဲ့လဲ။
NN : ဒီဇာတ်ကားအတွက် Pre Production လုပ်တုန်းက ကျွန်တော့် ခြေထောက်ခေါက်သွားတယ်။ အဲ့ဒီတော့ ဇာတ်ကားတစ်ကားလုံးက ခြေထောက်အနာကြီးနဲ့ ကျွန်တော် တောက်လျှောက် ရိုက်ထားတာပါ။ ဒါပေမဲ့ ကြည့်လိုက်ရင်တော့ သိပ်မသိသာဘူး။ ဇာတ်ဝင်ခန်းတစ်ခန်း ရိုက်ပြီးရင် ကျွန်တော့်ခြေထောက်တွေက ညိုမည်းစွဲနေရော။ မနက်ဆိုရင် ခြေထောက် ထောက်လို့မရဘူး။ ခြေထောက် သိပ်မနာအောင်လို့ ထုံဆေးတွေဖျန်းပြီး ရိုက်ခဲ့တာပါ။

Voice : ဒီဇာတ်ကား ရိုက်ကွင်းပေါ်မှာရော ထိခိုက်ဒဏ်ရာရတာမျိုး ရှိခဲ့လား။
NN : ကျွန်တော်တို့က အတတ်နိုင်ဆုံးတော့ အန္တရာယ်ကင်းအောင် သတိထားပြီး ရိုက်ရတာပေါ့နော်။ ဆိုင်ကယ်စီးတဲ့ အခန်းမှာတော့ ပြေးရင်းလွှားရင်း ရိုက်ရတဲ့အခန်း ဖြစ်တဲ့အတွက် ဆိုင်ကယ်စီးတဲ့ ဦးထုပ်မဝတ်လိုက်မိဘူး။ ရိုက်တဲ့အခါမှာတော့ နည်းနည်း ဂရုစိုက်ရတာပေါ့။ အဲဒီအခန်းရိုက်တုန်းက မန္တလေးက ဆိုင်ကယ်စတန့်သမားတွေကလည်း ဝိုင်းကူပေးကြပါတယ်။ သူတို့ကြောင့် ဇာတ်ကားလည်း ရုပ်လုံးပိုကြွသွားတာပေါ့နော်။ ဒါရိုက်တာလိုချင်တဲ့အတိုင်း ရအောင်လည်း ဆိုင်ကယ်ကို ခဏခဏ မှောက်ပေးကြတယ်။ သူတို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

Voice : ကိုနိုင်းနိုင်းအတွက် အမှတ်တရအရှိဆုံး ဇာတ်ဝင်ခန်းဆိုရင်ရော ဘယ်အခန်းဖြစ်မလဲ။
NN : ကျွန်တော့်အတွက် အမှတ်တရအရှိဆုံးကတော့ ဆန်းထွဋ်နဲ့ ကားချင်းတိုက်တဲ့အခန်းပေါ့။ ကျွန်တော်တို့က ကားမောင်းရင် မတိုက်အောင်ဘဲ မောင်းခဲ့တာလေ။ ဇာတ်ကားထဲမှာ ကားချင်းတိုက်ရတဲ့အခန်း ရိုက်တော့လည်း ကားနှစ်စီးတိုက်ခါနီးမှာ ချက်ချင်းပြန်ပြန်ရှောင်လို့ ဒါရိုက်တာအာကာက တိုက်မှရတော့မယ် ကိုနိုင်းလို့ သတိပေးရတယ်။ သူပြောတော့မှပဲ နှစ်ယောက်လုံးက ကားချင်းစတိုက်ကြတော့တာပါ။ အဲ့ဒီအခန်းကို ရွှေတိဂုံဘုရားနားက လမ်းမပေါ်မှာ ရိုက်ခဲ့တယ်။ လသာ ၁၉ လမ်းဘက်မှာလည်း ညဘက်ကြီး ရိုက်ခဲ့တယ်။ အဲ့ဒီအခန်း ရိုက်တုန်းက ယာဉ်ထိန်းရဲ အဖွဲ့ဝင်တွေကလည်း အများကြီးကူညီပေးခဲ့ကြပါတယ်။

Voice : ကိုယ့်ရုပ်ရှင်ဇာတ်ကားတွေလည်း ရုံမတင်တာ ကြာပြီဆိုတော့ “ဒုဋ္ဌဝတီကို လွန်၍” ဇာတ်ကားအပေါ်ရော ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
NN : ဒုဋ္ဌဝတီကို လွန်၍ ဇာတ်ကားက ပရိသတ်တွေရဲ့အမြင်ကို ပြောင်းလဲစေချင်လို့ ကျွန်တော်တို့အားလုံး ကြိုးစားထားတဲ့ ဇာတ်ကားပါ။ ပရိသတ်တွေ ကြည့်ရတဲ့အခါမှာ ဇာတ်ကားလေးက ကြည့်ရတာတန်တယ်လို့ ခံစားရတယ်ဆိုရင် ကျွန်တော်တို့အားလုံး ကြိုးစားရကျိုး အရမ်းနပ်သွားပါပြီ။ ကျွန်တော့်ဇာတ်ကားတွေလည်း ရုံမတင်တာကြာပြီဆိုတော့ရင်လည်း ရင်ခုန်ပါတယ်။ အက်ရှင်ကားကောင်းကောင်း ကြည့်ချင်တဲ့ ပရိသတ်တွေကတော့ ဒီကားလေးကို ကြိုက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

သန့်ဇင်ဦး


  • VIA