News

POST TYPE

INTERVIEW

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုနှင့်တွေ့ဆုံခြင်း
02-May-2018
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သွားသော ဒုက္ခသည်များ ပြန်လည် လက်ခံရေးအတွက် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တွေ့ဆုံခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြပါသည်။

Voice : ရခိုင်အရေးနဲ့ပတ်သက်လို့ ကုလလုံခြုံရေး ကောင်စီက ကိုယ်စားလှယ်အဖွဲ့ဝင်တွေ လာတဲ့အချိန်မှာ နားလည်မှုလွဲခဲ့တဲ့ အခြေအနေကို သိရလို့ပါ။ ဒီဘက် ကျွန်တော်တို့ အစိုးရဘက်က အဖွဲ့တွေနဲ့ တွေ့တဲ့အချိန်မှာ ဒီဘက်က ပြောတာကို နားလည်မှု လွဲခဲ့တယ်ဆိုတဲ့ အခြေအနေကို ပြောပြပေးပါခင်ဗျ။
Dr. DKN : သူတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် တွေ့ပြီးပြန်လာတော့ နောက်ကျတယ်။ ကျွန်မတို့လည်း တော်တော်ကြာကြာ စောင့်ရတယ်။ သူတို့ နည်းနည်းလည်း ပင်ပန်းနေတယ် ထင်ပါတယ်။ သူတို့နဲ့တွေ့တော့ ဦးကျော်တင့်ဆွေက ရှင်းပြတယ်။ လက်ရှိ ဘာလုပ်နေတယ်ပေါ့။ UEHRDက ဒေါက်တာအောင်ထွန်းသက် ရှင်းပြတယ်။ ဦးဝင်းမြတ်အေး (လူ/ ကယ်/ ပြန် ဝန်ကြီး) ရှင်းပြတယ်။ ကျွန်မတို့ပြင်ဆင် ပြီးထားတယ်ဆိုတဲ့အကြောင်း၊ လက်ခံမယ့်ဖောင်တွေအကြောင်း၊ ခုထိ မလာသေးတဲ့အကြောင်း၊ ဖောင်တွေ ဖြည့်တဲ့အခါမှာလည်း သူတို့ဘက်က တလွဲတွေ လုပ်တယ်ဆိုတဲ့အကြောင်း။ သူတို့က အဲဒါကို စိတ်မရှည်ချင်ဘူး။ ဒါတွေကို ဘယ်လိုနည်းနဲ့လွယ်အောင် လုပ်ကြမလဲပေါ့။ ဒီဖောင်တွေနဲ့မဟုတ်ဘဲနဲ့ ဘယ်လိုနည်းနဲ့ လွယ်အောင်လုပ်ကြမလဲ ဆိုတာမျိုးပေါ့။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သူတို့ကို ပရက်ရှာ (ဖိအား) ပေးခဲ့တာလား မပြောတတ်ဘူး။ ကျွန်မကိုပြောတဲ့တစ်ယောက်က ဘင်္ဂလားဒေ့ရှ်က သူတို့ဆီမှာ အဲဒီလူတွေ့ရှိတာ အနှောင့်အယှက် ဖြစ်နေတဲ့ပုံစံမျိုး ကျွန်မကို ပြောတယ်။ ခေါ်တဲ့နေရာမှာ ကျွန်မတို့ဘက်က လုပ်ပုံလုပ်နည်း မမှန်တဲ့ပုံစံမျိုးပေါ့။ ဒီဖောင်နဲ့ ဘာလို့လုပ်တာလဲ။ ရှုပ်တယ်ဆိုတဲ့ပုံစံမျိုး ပြောတယ်။ ကျန်တဲ့နည်းနဲ့ ခေါ်လို့မရဘူးလားပေါ့။ ကျွန်မတို့ဘက်ကလည်း ပြောတယ်၊ စိစစ်ရမှာပဲ ပြောပြတယ်။ ARSA တွေ ရှိတယ်ပေါ့။ ကျွန်မတို့က ARSA ကိုပဲ အကြောင်းပြတဲ့ပုံစံ မျိုးဆိုတယ်။ ကျွန်မအထင်ပြောတာပါ။ ဒီဘက်က ရှင်းပြတာကို စိတ်မရှည်သလို မလိုအပ်တာတွေ ပြောတဲ့ပုံစံမျိုးပေါ့။ သူတို့လိုချင်တဲ့ပုံစံကို ကျွန်မတို့ဘက်က ဘောင်မဝင်ဘူးဆိုတဲ့ပုံစံမျိုး ပြောပါတယ်။ လက်မခံ ချင်ဘူးဆိုတဲ့ပုံစံပေါ့။

Voice : သူတို့ဘက်က တွေ့ဆုံမှုအခြေအနေမှာ တောင်းဆိုတာတွေ ဘာတွေ လုပ်ခဲ့သလဲခင်ဗျ။
Dr. DKN : ဖောင်ဖြည့်ခိုင်းတာထက် လွယ်လွယ်ကူကူနည်းနဲ့ မြန်မြန်ဆန်ဆန် စိစစ်လို့ရတဲ့ပုံစံနဲ့ ခေါ်စေချင်တာ။

Voice : ဆိုလိုတာက ARSA ကို စိုးရိမ်ပါတယ်လို့ သူတို့ကို ရှင်းပြလို့မရနိုင်တဲ့ အခြေအနေလားခင်ဗျ။
Dr. DKN : ဟုတ်တယ်။ သူတို့ကပြောတာက ကျွန်မတို့က အာဆာ(ARSA) ကိုပဲ ပြောတယ်။ ဟိုက လူတွေက ပြန်ချင်တယ်။ ဒါပေမဲ့ ပြန်လို့မရဘူး။ အဲဒါကိုပဲ မယုံဘူး။ ကျွန်မတို့မှာ နေစရာ စားစရာ ဆေးဝါးအတွက် အဆင်သင့် ရှိနေပြီ။ သူတို့ပြန်လာရင် အိမ်ကိုလည်း ညှိနှိုင်းနေရာမှာ ဆောက်နေခွင့်ပြုထားပြီဆိုတာကို ကိုယ်တွေက ရှင်းပြတာပေါ့နော်။ အဲဒါကို သူတို့က လက်မခံချင်တာလား။ ဘယ်လိုလဲတော့ မသိဘူး။ ဖောင်နဲ့စစ်ပြီး လက်ခံနေတာကို သူတို့ မကြိုက်တာ။

Voice : သူတို့ဆိုလိုချင်တာက ပြည်တွင်းကို ပြန်ဝင်မယ့်ကိစ္စမှာ ဖောင်နဲ့စိစစ်တာ မဟုတ်ဘဲ အလွယ်တကူ လက်ခံပေးပါဆိုပြီး ဖိအားပေးတဲ့သဘောမျိုးကို ဆိုလိုတာလားခင်ဗျ။
Dr. DKN : ဖိအားပေးတဲ့ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ဘာလုပ်ပါ ဘာလုပ်ပါလို့တော့ သူတို့ မပြောပါဘူး။ ရှင်းပြတာကို လက်မခံချင်တာ။ ဒါတွေပဲ ရှင်းပြနေတယ်ဆိုတဲ့ပုံစံမျိုး။ နားသိပ်မထောင်ချင်ဘူး။

Voice : နေပြည်တော်လေဆိပ်မှာ သူတို့ ပြန်ခါ နီး သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ မြန်မာအနေနဲ့ ဒီကိစ္စ ကို နိုင်ငံတကာခုံရုံးကိုပဲ လွှဲပြောင်းပေးမလား၊ ကိုယ့် အစိုးရကပဲ စုံစမ်းစစ်ဆေးမှုလုပ်မလားဆိုတာမျိုး နှစ်ခုချပြတာဆိုတော့ မြန်မာအစိုးရကပဲ စုံစမ်းစစ်ဆေးမှု မလုပ်သလို ပြောတဲ့အတွက် အဲဒီအပေါ်မှာရော ဘယ်လိုမြင်လဲခင်ဗျ။
Dr. DKN : အဲဒါကတော့ ကျွန်မကို သူတို့ထဲက တစ်ယောက်ကပြောတယ်။ နှစ်ဖက် မျှမျှတတ လုပ်ပေးပါတဲ့။ ကျွန်မတို့ကလည်း ပြောတယ်။ ဟိုဘက်မှာ နစ်နာသူရှိသလို ဒီဘက်မှာ နစ်နာသူတွေ ရှိပါတယ်လို့။ ဟိုဘက်ကငိုပြ၊ ကလေးတွေကို မီးရှို့တယ်ပေါ့။ ဒါမျိုးတွေ ကျွန်မတို့ဆီမှာလည်း ရှိတယ်ဆိုတော့ အဲလိုဆိုရင် ငါတို့ကို ပေးပြလေတဲ့။ ငါတို့ ကြည့်ချင်တယ်တဲ့။ ဒါကတော့ ကျွန်မတော့ မပြောတတ်ဘူး။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုပဲ ပြောနေတယ်။

Voice : သူတို့ဘက်က စုံစမ်းစစ်ဆေးမယ်။ ပြန်လာမယ်လို့ ပြောသွားတာရော ရှိလားခင်ဗျ။
Dr. DKN : ပြောမသွားပေမယ့် အဝင်ခံပါ၊ အကြည့်ခံပါလို့တော့ဆိုတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက သူတွေကို သူတို့ တော်တော် သနားနေကြတာ။ ဟိုက သနားအောင် လုပ်ပြတာကို ကျွန်မတို့က အဆိုးတွေဆိုတဲ့ပုံစံ။

Voice : သူတို့က တောင်းဆိုသွားတဲ့အကြောင်းအရာရှိလားဗျ။
Dr. DKN : သူတို့ (ဘင်္ဂလားဒေ့ရှ် ရောက်နေသူများ) ပြန်လာရင် အရေးမယူဖို့၊ နောက်ကြောင်းပြန် အရေးမယူဖို့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အရေးမယူဖို့တော့ ပြောတယ်။

Voice : ဒါဆို ပြစ်မှုပြစ်ဒဏ် ရှိတဲ့သူကို အရေးမယူဖို့ တောင်းဆိုတဲ့သဘော ရှိတာပေါ့။
Dr. DKN : ဟုတ်တယ်။ တောင်းဆိုတယ်။

Voice : UN က လာတယ်ဆိုပေမယ့် ဘက်လိုက်မှုတစ်ခုများ ရှိနေတယ်လို့ ဆိုတာလား ဆရာမ။
Dr. DKN : အဲလိုမျိုး ယူဆတယ်။ ကျွန်မကတော့ အဲလိုခံစားရတယ်။ စွပ်စွဲတာတော့ မဟုတ်ဘူး။ သူတို့က လာကတည်းကိုက ကျွန်မတို့ကို မေးတဲ့မေးခွန်းတွေက စွပ်စွဲခံထားရတာကို ဖြေရှင်းရမယ့်ပုံစံမျိုးဖြစ် နေတာ။ ဒီဖောင် (ဝင်ရောက်နေထိုင်ခဲ့ဖူးသည့် အချက်အလက်များ) ရှိမှလား။ ARSA တွေ ပါလာရင် ကျွန်မတို့က ဘယ်လိုလုပ်မလဲဆိုတော့ သူတို့က ARSA ကို ထည့်မစဉ်းစားဘူး။ အာဆာ(ARSA) ပဲ ပြောနေတယ်။ အကြောင်းပြနေတယ် ဆိုတဲ့ပုံစံမျိုး။

Voice : သူတို့ရဲ့ဆက်ဆံမှုက မြန်မာအစိုးရကို သံသယတွေနဲ့ လာစစ်နေတယ်ဆိုတဲ့ပုံစံမျိုး ဖြစ်နေတာလား။
Dr. DKN : ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်မတို့ကို အပြစ်တင်တဲ့ပုံစံမျိုး။ အပြစ်သားက ဖြေရှင်းရတဲ့ပုံစံမျိုး ဖြစ်နေတာ။ ကျွန်မတို့ကို အထင်လွဲတယ်။ အထင်တစ်မျိုးဖြစ်နေတယ်။ အဲ့ဒါကို ကျွန်မတို့ပြောတာကို နားမထောင်ချင်ဘူး။ ကျွန်မတို့ လုပ်နေတာကို မပြောနဲ့။ ဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုပဲ ပြောဆိုတာမျိုး။ ကျွန်မတို့လုပ်နေတာကို မပြောနဲ့၊ အဲလိုခက်ထန်ထန်မျိုးပဲ။ ပြန်လာမယ့်သူတွေကိုလည်း တာဝန်လည်း ယူရမယ်။ ငြိမ်းငြိမ်းချမ်းချမ်း ရှိရမယ်။ နှောင့်ယှက်မှု မရှိရဘူး၊ နောက်ကြောင်းလည်း မပြန်ရဘူး၊ အရေး မယူရဘူးပေါ့။

Voice : တာဝန်ယူပေးရမယ်ပေါ့။ အနှစ်ချုပ်အရဆိုရင် သူတို့လာတဲ့တွေ့ဆုံမှုက သံသယတစ်ခုနဲ့ စုံစမ်းနေတဲ့ အနေအထားမျိုးလား။
Dr. DKN : ဟုတ်တယ်။

Voice : တွေ့ဆုံမှုမှာ နောက်ဆုံးရလဒ်က ဘယ်လိုမျိုး ဖြစ်မလဲခင်ဗျ။
Dr. DKN : နားလည်မသွားဘူး။ စွပ်စွဲထားချက်တွေကို မြေပြင်မှာ ဝင်ကြည့်မယ်။ ဒါကိုတောင်းတဲ့ ပုံစံမျိုး။ ကျွန်မတို့က လွန်တယ်၊ ကျွန်မတို့က ဆိုးတယ်။ ကျွန်မတို့က လုပ်လိုက်တာမျိုး စွဲနေတယ်။ ပြီးတော့ NGO နဲ့ အဆင်မပြေတာကိုလည်း ပြောတယ်။ NGO ကိစ္စမှာ ဒေသခံတိုင်းရင်းသားတွေနဲ့ အဆင်မပြေဘူး။ ဘက်လိုက်မှုတွေ ရှိတယ်ဆိုတာပြောတော့ သူတို့က မဲ့ရွဲ့သွားတာပဲ။ UN, NGO တွေ အကူအညီနဲ့ လုပ်ပါလို့ ပြောတာမှန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့လည်း အသိပဲ နှစ်ခုကြားမှာ ရှုပ်ထွေးနက်နဲတဲ့ အခြေအနေမျိုးတွေ ရှိနေတာ။ သူတို့ကလည်း ခံစားချက်တွေ ရှိတယ်။ ဒီက လူတွေရဲ့ခံစားချက်ကို သူတို့ နားမလည်ဘူး။ ကိုယ်ချင်း မစာဘူး။ တိုင်းရင်းသားတွေ လက်မခံတဲ့ကိစ္စတွေကို သူတို့မသိတာလား။ လက်မခံတာလား မသိပါဘူး။

Voice : အနှစ်ချုပ် ပြောရရင် ဘယ်လိုဆိုချင်လဲဗျ။
Dr. DKN : သူတို့ လာသွားတယ်၊ ကျွန်မတို့ကို နားလည်မသွားဘူး။ ကျွန်မတို့ ကြုံတွေ့နေရတာ၊ ကျွန်မတို့ အစီအစဉ်တွေ၊ ခံစားချက်တွေကို နားလည်မသွားဘူး။

S-01