News

POST TYPE

INTERVIEW

ကထိက ဒေါက်တာသက်ဇော်နှင့် တွေ့ဆုံခြင်း
02-May-2018


သဘာဝဘေးကြောင့်ဖြစ်သည့် စိတ်ကျန်းမာရေး

“ဘေးအန္တရာယ်ကို တုံ့ပြန်တာက တစ်ယောက်ချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုင်တယ်။ ဒါ့အပြင် သူ့ရဲ့ဆုံးရှုံးမှုတန်ဖိုးအပေါ် မူတည်ပြီးတော့ ပြောင်းလဲကြတယ်”

ယခုနောက်ပိုင်းကာလများတွင် သဘာဝဘေးအန္တရာယ်ကြုံတွေ့ရမှု ပိုမိုလာပြီး ယင်းကြောင့် ဆုံးရှုံးထိခိုက်မှုများတွင် လူပုဂ္ဂိုလ်၊ ပစ္စည်းဥစ္စာများသာမက စိတ်ကျန်းမာရေးခံစားမှုသည်လည်း အနည်းနှင့်အများ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို စိတ်ကျန်းမာရေးဆေးရုံကြီးမှ ကထိက ဒေါက်တာသက်ဇော်နှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : သဘာဝဘေးအန္တရာယ်တွေကြောင့် ရရှိလာနိုင်မယ့် စိတ်ကျန်းမာရေးခံစားမှု အခြေအနေလေးတွေကို ပြောပြပေးပါဦးဆရာ။
Dr.TZ : သဘာဝဘေးဆိုတာက မျှော်လင့်မထားတဲ့ အရာဖြစ်တော့ ရှော့ခ်ရပြီးလန့်သွားတာပေါ့။ တချို့ကျတော့ ဒါကိုလက်ခံနိုင်စွမ်းမရှိဘူး။ စိတ်ထဲကနေ ငြင်းနေတာပေါ့။ စိတ်က ဒေါသလည်းဖြစ်တယ်။ ငါ့ကျမှ ဘာလို့ဖြစ်ရသလဲဆိုပြီးတော့လေ။ နောက်ပြီး စိတ်လေသလိုမျိုး မလှုပ်နိုင်၊ မစားနိုင်ဖြစ်တာတွေလည်း ရှိတယ်၊ ကြောက်တယ်။ သဘာဝဘေးမှာ ဆုံးရှုံးမှုတွေရှိတတ်ကြတယ်။ ဥပမာ - လူပုဂ္ဂိုလ်၊ ပစ္စည်းဥစ္စာ တစ်ခုခုပေါ့။ ဒီလို ဆုံးရှုံးတဲ့အချိန်မှာ ဝမ်းနည်းပူဆွေးတာ ဖြစ်တတ်ပါတယ်။ တချို့ဆိုရင် ဒီလိုဖြစ်တာကို မကာကွယ်၊ မစောင့်ရှောက်နိုင်လိုက်ဘူးဆိုပြီး ခံစားရတော့ စိတ်လွတ်သွားတာတွေ ရှိပါတယ်။ အဲဒီလိုနဲ့ နောက်ပိုင်းမှာတော့ သူတို့တွေဟာ ယုံကြည်မှုပျောက်ဆုံးလာသလို စိတ်ရှုပ်တာတွေပါ ဖြစ်လာတတ်တယ်။ ဒီထက်နည်းနည်းဆိုးလာရင် ရုပ်ပိုင်းဆိုင်ရာအနေနဲ့ အိပ်မရတာ၊ အစားပျက်တာ၊ လန့်တာတွေအထိ ဖြစ်လာတတ်ပါတယ်။

Voice : ဟုတ်ကဲ့။ အဲဒီလို ဘေးအန္တရာယ်ကြုံတွေ့ခဲ့တဲ့သူတွေကို ဘယ်လိုကုသမှုမျိုးတွေ ပေးသင့်ပါသလဲ။
Dr.TZ : သဘာဝဘေးနဲ့ပတ်သက်လာရင် Response Team တွေရှိတယ်။ လူတချို့က သူတို့ဆုံးရှုံးတာတွေ ရှိပေမယ့်လည်း မငိုနိုင်ဘူး။ ချုပ်တည်းထားသလိုမျိုးပါ။ ဒါမျိုး သူကငိုချင်ရက်နဲ့ မငိုနိုင်ဖြစ်နေရင် ငိုအောင်လုပ်ပေးရတာမျိုးပေါ့။ ခံစားနေရတာတွေ ထွက်ပေါက်ရရင် နေရထိုင်ရသက်သာတယ်။ အဲဒီလိုအချိန်မှာတော့ တစ်ယောက်တည်းမနေဘဲနဲ့ ပတ်ဝန်းကျင်က လူတွေနဲ့ ဖေးဖေးမမနေတာဟာ စိတ်သက်သာစေပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ရပါမယ်။ ဆရာတို့အပိုင်းက လုပ်ပေးနိုင်တာကတော့ Psychological First Aid ဆိုတာရှိတယ်။ ဘေးအန္တရာယ်ကြုံတွေ့ရတဲ့သူတွေကို နှစ်သိမ့်ပေးရတာပေါ့။ သဘာဝဘေး ထပ်ဖြစ်လာတဲ့အခါ သူတို့ရဲ့စိတ်ဖိစီးမှုတွေ ထပ်မကြုံအောင် ကာကွယ်ပေးတာမျိုးပေါ့။ လတ်တလော ကြုံတွေ့နေရတဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြေရှင်းပေးရတာပါ။ အဲဒီလိုအချိန်မှာ သူတို့ချစ်ခင်သူတွေကိုပဲ ရှာကြတယ်။ ဒါကြောင့် သူတို့ရဲ့မိသားစုဝင်တွေကို ရှာပေးရတယ်။ နောက်ပြီး တစ်ခါတလေမှာ သူတို့ကြုံတွေ့ခဲ့ရတာတွေကို မပြောဘူး။ စိတ်ထဲတင်းထားတာမျိုးတွေ ရှိတဲ့အခါမှာ သူတို့ဖြစ်ခဲ့တာတွေကို အတင်းအကျပ်မဟုတ်ဘဲနဲ့ ပြန်ပြောခိုင်းရတယ်။ သူတို့စိတ်ကို ထိန်းချုပ်နိုင်အောင် တတ်နိုင်သလောက် နှစ်သိမ့်ပေးတယ်။ သဘာဝဘေးအန္တရာယ်က လွတ်လာတဲ့သူတွေကို လူမှုကူညီရေးအဖွဲ့တွေနဲ့ ဆက်သွယ်ပေး၊ ချိတ်ဆက်ပေးတာတွေမျိုးတွေပေါ့။

Voice : သဘာဝဘေးဆိုတာကလည်း ရုတ်တရက်ကြုံတွေ့လာနိုင်တာဆိုတော့ လူတစ်ယောက်ရဲ့စိတ်ကို ဘယ်လိုသက်ရောက်မှု ရှိပါသလဲ။
Dr.TZ : ဘေးအန္တရာယ်ကို တုံ့ပြန်တာက တစ်ယောက်ချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုင်တယ်။ ဒါ့အပြင် သူ့ရဲ့ဆုံးရှုံးမှုတန်ဖိုးအပေါ်မူတည်ပြီးတော့ ပြောင်းလဲကြတယ်။ နောက်တစ်ခုက ဒီလိုသဘာဝဘေးအန္တရာယ် မတိုင်ခင်ဖြစ်နေတဲ့ စိတ်ဖိစီးမှုတွေရှိတဲ့အချိန်မှာ ဒီလိုထပ်ဖြစ်သွားရင် ပိုဆိုးသွားတာပေါ့။ တစ်ယောက်နဲ့တစ်ယောက်က တုံ့ပြန်နိုင်တဲ့ Level ခံနိုင်ရည်ချင်းလည်း မတူဘူး။ အရင်တုန်းက ဖြစ်ဖူးတဲ့သူတွေက နောက်တစ်ကြိမ်ထပ်ဖြစ်ရင် စိတ်ဒဏ်ရာကြီးနိုင်တယ်။ အဲဒီအချိန်မှာ သူနဲ့အတူ အကြီးအကဲတွေရဲ့ တုံ့ပြန်မှုတွေကလည်း အများကြီးလွှမ်းမိုးတယ်။ ကိုယ့်အကြီးအကဲက ပျာယာခတ်ပြီး ယောက်ယက်ခတ်နေမယ်ဆိုရင် ကျန်တဲ့သူတွေမှာ ကြောက်လန့်တာပိုဖြစ်တယ်။ ကိုယ်အလေးထားတဲ့သူတွေရဲ့ တုံ့ပြန်မှုက အဲ့ဒီအချိန်နဲ့ဆိုင်တယ်။

Voice : ဒီလိုဘေးအန္တရာယ်တွေက ဘယ်လိုအသက်အရွယ်တွေမှာ ပိုပြီးထိခိုက်နိုင်ပါသလဲ။
Dr.TZ : ထိခိုက်မှုကတော့ ကလေးတွေ၊ အသက်ကြီးတဲ့လူကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ မသန်စွမ်းတဲ့သူတွေကတော့ ပိုပြီးသက်ရောက်မှုရှိတယ်။ သဘာဝဘေးမှာ ထိခိုက်လွယ်တဲ့ အုပ်စုဆိုတာရှိတယ်။ သူတို့တွေက ပိုခံစားရတယ်။ သက်ရောက်မှု ပိုကြီးတာပေါ့။ နောက်တစ်ခုကတော့ အရက်နဲ့ မူးယစ်ဆေးစွဲတဲ့သူတွေရှိတယ်။ ဘေးအန္တရာယ်ကြုံလာတော့ အဲဒါတွေမသုံးရတဲ့အခါမှာ ယင်းထတာ၊ အရက်ငန်းဖမ်းတာတွေ ဖြစ်တတ်တော့ ဒါတွေကလည်း ဂရုတစိုက်ရှိရမယ့်အထဲမှာ ပါပါတယ်။

Voice : ဆရာ့အနေနဲ့ ဖြည့်စွက်ပြောကြားလိုတာများ ရှိပါသလား။
Dr.TZ : ဒီလိုသဘာဝဘေးအန္တရာယ်ကြုံလာရင် တစ်ယောက်တည်းမနေဘဲနဲ့ ပတ်ဝန်းကျင်နဲ့ ပူးပေါင်းတာမျိုး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့သူတွေနဲ့ တိုင်ပင်တာမျိုး လုပ်ရပါမယ်။ တစ်ယောက်တည်းနေတာထက်စာရင် အများနဲ့နေတာဟာ စိတ်ပိုင်းဆိုင်ရာ ခံစားမှုနည်းစေတဲ့အတွက် တစ်ယောက်တည်းမနေဖို့ ပြောချင်ပါတယ်။

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

သီတာဆွေ