News

POST TYPE

INTERVIEW

ယူနီကုတ် ပြောင်းသုံးရမှာလား
22-Jul-2016

ကွန်ပျူတာသုံး မြန်မာစာစနစ်ကို ယူနီကုတ်စနစ်သို့ ပြောင်းလဲအသုံးပြုရေးအတွက် အစိုးရအဖွဲ့ထံ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် မြန်မာယူနီကုတ် ဧရိယာ အပါအဝင် တိုင်းရင်းသားစာပေအဖွဲ့များက ဇူလိုင်လ ၁၅ ရက်တွင် စာပေးပို့ တောင်းဆိုခဲ့သည်။ ယူနီကုတ်စနစ် ပြောင်းလဲအသုံးပြုရာတွင် အစိုးရက ကြားဝင်ဆောင်ရွက်မည် ဆိုပါက လုပ်ဆောင်ရန် လိုအပ်သည့် အကြံဉာဏ်များနှင့် သာမန်အသုံးပြုသူများ၏ အမြင်များကို မေးမြန်းစုစည်း ဖော်ပြအပ်ပါသည်။

“ရောင်းချသမျှ မိုဘိုင်းလ်နဲ့ ကွန်ပျူတာပစ္စည်းတွေမှာ ယူနီကုတ်စနစ် ပါဝင်မှ ရောင်းချနိုင်မယ့် နည်းဥပဒေတွေ ထုတ်ဖို့လိုမယ်”
ကိုအိမောင် (Fairway Technology ကုမ္ပဏီ တည်ထောင်သူ)

မြန်မာစာ စံစနစ်ကို ပြောင်းသုံးဖို့လုပ်တဲ့ နေရာမှာ ပထမဆုံးက ဦးဆောင်အကောင်အထည်ဖော်မယ့် တရားဝင် အဖွဲ့အစည်းတစ်ရပ် လိုတယ်။ ပြောင်းလဲအသုံးပြုသူတွေအတွက် ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဖြေရှင်းပေးမယ့် အချိန်ပြည့် လုပ်နိုင်တဲ့သူ၊ လိုအပ်တဲ့ Software တွေကို ရေးသားနိုင်တဲ့ သူမျိုးတွေ ဖြစ်ဖို့လိုတယ်။

ဒုတိယက ပြောင်းမယ့်သူတွေအတွက် သတ်မှတ်ချက်တွေပေးဖို့ လိုအပ်တယ်။ ကွန်ပျူတာနဲ့ မိုဘိုင်းလ်ဖုန်း ပစ္စည်းတွေ ရောင်းချတင်သွင်းမယ့်သူတွေအပေါ် ရောင်းချသမျှ မိုဘိုင်းလ်နဲ့ ကွန်ပျူတာ ပစ္စည်းတွေမှာ ယူနီကုတ်စနစ် ပါဝင်မှ ရောင်းချနိုင်မယ့် နည်းဥပဒေတွေ ထုတ်ဖို့လိုမယ်။ ဇော်ဂျီရော၊ ယူနီကုတ်ရော နှစ်ခုဖြစ်လည်း ပြဿနာ မဟုတ်ဘူး။ ဇော်ဂျီတစ်ခုတည်းပဲ ထည့်ပြီး တင်သွင်းတာမျိုး မဖြစ်ဖို့ပဲ လိုတယ်။

တတိယအဆင့်က ဆော့ဖ်ဝဲလ်ရေးသားသူတွေ အနေနဲ့ မိမိတို့ ရေးသားတဲ့ ဆော့ဖ်ဝဲတွေမှာ ယူနီကုတ်စံစနစ်ကို ပံ့ပိုးရေးသားဖို့ နည်းဥပဒေတွေ လိုမယ်။ အစိုးရကတော့ စံပြဖြစ်ဖို့ လိုအပ်တဲ့အတွက် အားလုံး ယူနီကုတ် ဖြစ်ရမယ်။ ဒါဆိုရင် ပြောင်းလဲအသုံးပြုဖို့ အခြေခံကောင်းကို ရသွားပြီ။

နောက်တစ်ဆင့် အနေနဲ့ အရောင်းဆိုင်တွေကို အသုံးပြုသူတွေအတွက် ယူနီကုတ်နဲ့ ပတ်သက်တဲ့ ပံ့ပိုးကူညီမှုတွေပေးဖို့ ကြေညာတာမျိုး လုပ်ရမယ်။ ဒီလိုအဆင့်ဆင့် သွားရမယ်။

ပြောင်းဖို့အတွက် နောက်တွန့်နေတဲ့သူတွေ ရှိနေမှာပဲ။ ဒါကြောင့်လည်း အစိုးရနဲ့ ဆော့ဖ်ဝဲရေးသားသူတွေကို ဦးတည်ပြီး ယူနီကုတ်စနစ်ကို အထောက်အပံ့ပေးဖို့ ပြောတာ။ အသုံးပြုသူတွေက ဒီနေရာတွေမှာ ယူနီကုတ်စနစ်ကို အသုံးပြုမှု ရှိလာပြီ ဆိုရင် ဒါက ပြောင်းသွားမှာပါ။

“အစိုးရက ကြားဝင်ဖို့ လိုကောင်းလိုအပ်လိမ့်မယ်လို့ မြင်ပါတယ်”
ကိုစိုးလင်းမြတ် (မိုမိုလေး မိုဘိုင်း App တည်ထောင်သူ)

လက်ရှိမိုမိုလေး Android App မှာ ကျွန်တော်တို့ ယူနီကုတ်ကို လိုက်နာတဲ့ ဖောင့်ရော၊ ဇော်ဂျီဖောင့်ကိုပါ အသုံးပြုထားတဲ့အတွက် အသုံးပြုသူတွေ အသုံးပြုချင်တဲ့ဖောင့်ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ အစိုးရ ကြားဝင်ဖို့ ဆိုတာမှာတော့ ကျွန်တော့်အနေနဲ့ အများကြီး ပြောဖို့မရှိပါဘူး။

ကျွန်တော့်အနေနဲ့ ယူနီကုတ် ပြောင်းလဲအသုံးပြုရေး ဆောင်ရွက်တာတွေကို ထောက်ခံပါတယ်။

သာမန်လူအများစု သုံးနေတဲ့ နေရာကနေ ယူနီကုတ် အသုံးပြုရေးအတွက် ချမှတ်ဆောင်ရွက်စေချင်တယ် ဆိုရင် စိန်ခေါ်မှုတွေတော့ ရှိလိမ့်မယ်။ ပထမအချက် အနေနဲ့ အရင်ရှိပြီးသား ဇော်ဂျီနဲ့ ရေးသားထားတာတွေကို ယူနီကုတ် ပြောင်းသုံးတဲ့ အချိန်မှာ မြင်နိုင်ဖတ်နိုင်မှာလား။ ဒုတိယက ယူနီကုတ်ကို ပြောင်းသုံးတဲ့အချိန်မှာ ဇော်ဂျီကီးဘုတ်ရဲ့ လက်ကွက်အတိုင်း အသုံးပြုနိုင်မလား။ တချို့ကီးဘုတ် လက်ကွက်တွေကတော့ ဒါကို အထောက်အပံ့ပေးပြီး ဖြစ်ပါတယ်။ နောက်တစ်ချက်က ပြည်တွင်းကို တင်သွင်းလာတဲ့ ဖုန်းကုမ္ပဏီတွေက ခုနက ပထမနဲ့ ဒုတိယအချက် နှစ်ခုလုံးကို လုပ်ဆောင်နိုင်မလား။ ဖုန်းကုမ္ပဏီတွေက ဒီအချက်တွေကို လုပ်ပေးဖို့ အတွက်ကတော့ အစိုးရက ကြားဝင်ဖို့ လိုကောင်း လိုအပ်လိမ့်မယ်လို့ မြင်ပါတယ်။

“စံဖြစ်တယ် ဆိုပေမယ့် ကျွန်တော်တို့မှ မမြင်ရတာ။ ကျွန်တော့် အနေနဲ့ကတော့ ဒါကြီးကို ဒီလိုလုပ်ပါလို့ အတင်းအကျပ် လုပ်လာရင် မပြောင်းဘူး”
အရည်ကြို (အထွေထွေအတွင်းရေးမှူး၊ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း)

ကျွန်တော်တို့က အမှန်အတိုင်း ပြောရင် နည်းပညာသမား မဟုတ်ဘူး။ ဗမာလိုရေးတယ်။ ဖတ်တယ်။ ရမယ်ဆိုရင် အဆင်ပြေတယ်။ အသုံးပြုသူတစ်ယောက် အနေနဲ့ဆိုရင် ကျွန်တော်တို့ ရေးခဲ့တဲ့ ဇော်ဂျီနဲ့ စာတွေကို ပြန်ရနိုင်ဖို့ လိုတယ်။ ဒါတွေကို အဆင်ပြေအောင် လုပ်ပေးဖို့ လိုမယ်။ ဒါကို ပြောင်းလဲဖို့က အစိုးရလည်း ပါလို့မရဘူး။ ဒါကြီးကို မသုံးရဘူးလို့ လုပ်လို့မရဘူး။ သူတို့ဘက်က အသုံးပြုသူတွေကို အဆင်ပြေအောင် လုပ်ပေးနိုင်ဖို့ လိုတယ်။ ကျွန်တော်တို့က ဘာသာစကားကို သုံးတာက တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့၊ နားလည်ဖို့လေ။ စံဖြစ်တယ် ဆိုပေမယ့် ကျွန်တော်တို့မှ မမြင်ရတာ။ ကျွန်တော့် အနေနဲ့ကတော့ ဒါကြီးကို ဒီလိုလုပ်ပါလို့ အတင်းအကျပ် လုပ်လာရင် မပြောင်းဘူး။ အားလုံးပြောင်းလာရင် ကျွန်တော်တို့ လိုက်ပြောင်းမယ်။ ကျန်တဲ့သူတွေမှ ပြောင်းသုံးမလာရင် ကျွန်တော် ပြောင်းမသုံးဘူး။ ကျွန်တော်တို့ အသုံးပြုဖို့ အဆင်ပြေရင် ပြောင်းမယ်လေ။ ဒါက ကျွန်တော်တို့ ရွေးချယ်ပိုင်ခွင့်ပဲလေ။

“ကျွန်တော့်အနေနဲ့က အသုံးပြုသူဖြစ်တဲ့ အတွက် အဆင်ပြေပြေ ဖြစ်တာမျိုး လုပ်ပေးနိုင်မှပဲ ပြောင်းဖြစ်လိမ့်မယ်”
ကိုမောင်မောင်အေး (Director & Presenter, Dream Boat Group)

ကျွန်တော့်အနေနဲ့က နည်းပညာသမား မဟုတ်ဘူး။ ဒီတော့ နည်းပညာပိုင်းကတော့ အများကြီး မသိဘူး။ ကိုယ်ထဲထဲဝင်ဝင် မသိတဲ့ ကိစ္စရပ်မို့လို့ ဘယ်လိုဘယ်ဝါ ဖြစ်သင့်တယ်ဆိုပြီး မပြောတတ်ပါဘူး ခင်ဗျ။ ကျွန်တော့်အနေနဲ့ကတော့ လောလောဆယ်မှာ ဇော်ဂျီ အသုံးပြုနေရတာ အဆင်ပြေနေတယ်။ ဒါကိုပဲ အသုံးပြုနေတယ်။ ကျွန်တော့်အတွက်ကျတော့ အသားကျနေပြီ။ ဒါကြီးကို ပြောင်းကြဆိုရင် အခက်အခဲတော့ ရှိမှာပေါ့နော်။ လူတွေအကုန် ပြောင်းသုံးပြီ ဆိုရင်တော့ ကျွန်တော်တို့က ပြောင်းရမှာပေါ့။ ကျွန်တော့်ဘက်ကတော့ လောလောဆယ် ဒါက အဆင်ပြေနေတယ်။ ကျန်တာကတော့ ကျွန်တော် နားမလည်တဲ့အပိုင်း ဖြစ်နေတယ်။

လက်ကွက်အသစ် တစ်ခုကို ပြန်ပြီးပြောင်းရမယ်ဆိုရင် အခက်အခဲ ရှိနိုင်တာပေါ့။ ဒါမျိုးလေးတွေ အဆင်ပြေအောင် လုပ်ပေးနိုင်မယ် ဆိုရင်တော့ အဆင်ပြေတာပေါ့။

ကျွန်တော့်အနေနဲ့က အသုံးပြုသူဖြစ်တဲ့အတွက် အဆင်ပြေပြေ ဖြစ်တာမျိုး လုပ်ပေးနိုင်မှပဲ ပြောင်းဖြစ်လိမ့်မယ်။