News

POST TYPE

INTERVIEW

အမရာငြိမ်းနဲ့ တွေ့ဆုံခြင်း
01-May-2018


“ကိုယ်က Crown တစ်ခု ရထားဖူးတဲ့အတွက် ကိုယ်နဲ့ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲဝင်တွေထက်စာရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိတယ်”

အလှမယ်တစ်ဦးဖြစ်တဲ့ အမရာငြိမ်းနဲ့တွေ့ဆုံပြီး Miss Universe Myanmar ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ဖြစ်တဲ့အကြောင်း၊ ပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုများနဲ့ အလှမယ်ပြိုင်ပွဲတွေကို ပရိသတ်စိတ်ပါဝင်စားမှု လျော့ကျလာတဲ့အပေါ် သူ့အမြင်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : Miss  Myanmar International ဆုတောင် ရပြီးတော့မှ Miss Universe Myanmar ပြိုင်ပွဲကို ဘာကြောင့် ထပ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။
EN : ညီမက Miss Universe ပြိုင်ပွဲတွေကို ကြည့်ရင်းနဲ့မှ အလှမယ်ပြိုင်ပွဲလောကအကြောင်းကို စသိခဲ့တာပါ။ မြန်မာနိုင်ငံမှာ Miss Universe Myanmar ပြိုင်ပွဲကို စလုပ်တဲ့နှစ်တုန်းကလည်း ညီမ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ဒါပေမဲ့ လိုအပ်ချက်တွေ ရှိသေးတဲ့အတွက် Miss တစ်ယောက် မဖြစ်ခဲ့ဘူး။ နောက်ပိုင်းမှာ Miss Myanmar International ဆုကို ရခဲ့တယ်။ ဒီဆုက ညီမအတွက် အင်အားတစ်ခု ဖြစ်ခဲ့တယ်။ ဒါပေမဲ့ နိုင်ငံတကာစင်မြင့်ထက်မှာတော့ ကိုယ့်နိုင်ငံအတွက် ဘာမှ မစွမ်းဆောင်ပေးနိုင်ခဲ့ဘူး။ အခုချိန်မှာတော့ ကိုယ်က ရင့်ကျက်တဲ့ အသက်အရွယ်တစ်ခုလည်း ရောက်ပြီ၊ အတွေ့အကြုံတွေလည်း အများကြီးရှိခဲ့ပြီ၊ လိုအပ်တာတွေလည်း အစစအရာရာ ဖြည့်ဆည်းခဲ့ပြီးဖြစ်တဲ့အတွက် နောက်ထပ်တစ်ကြိမ် ထပ်ပြီးတော့ နိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက် ဖြစ်ခွင့်ရချင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ဂုဏ်ကို ဆောင်နိုင်တဲ့ အလှမယ်တစ်ယောက် ဖြစ်ချင်ပါတယ်။ အဲ့ဒါကြောင့် ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Voice : ဒီပြိုင်ပွဲကို စပြိုင်တဲ့အချိန်နဲ့ လက်ရှိကာလကြားမှာ ကိုယ့်မှာ ဘယ်လို ပြောင်းလဲတိုးတက်မှုတွေ ရှိလာခဲ့ပြီလဲ။
EN : အဓိကကတော့ ပြိုင်ပွဲနဲ့ပတ်သက်ပြီး ညီမ စိတ်အရမ်းထားတတ်သွားတယ်။ နောက်ပြီးတော့ ကိုယ်က Crown တစ်ခု ရထားဖူးတဲ့အတွက် ကိုယ်နဲ့ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲဝင်တွေထက်စာရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိတယ်။ အရင်ကလို ကလေးဆန်တဲ့ စိတ်တစ်ခုနဲ့ တစ်ဇွတ်ထိုး လုပ်တတ်တာမျိုး မရှိတော့ဘူး။ ပရိသတ်တွေနဲ့ဆက်ဆံတဲ့နေရာမှာ အကဲဆတ်တာ၊ ချက်ချင်းတုံ့ပြန်တတ်တာမျိုးတွေ မရှိတော့ဘူး။ အရင်ကထက်ပိုပြီး အများကြီး လူကြီးဆန်လာတယ်၊ ရင့်ကျက်လာတယ်ပေါ့နော်။ အဲ့ဒါကတော့ အရင်နဲ့ မတူတဲ့ အပြောင်းအလဲတွေလို့ ပြောလို့ရပါတယ်။

Voice : တချို့ အလှမယ်တွေလည်း ပြိုင်ပွဲကြီးတွေ ထပ်ပြိုင်တဲ့အခါ ထင်ထားသလောက် အောင်မြင်မှုမရတာမျိုးတွေ ရှိတယ်။ ကိုယ့်အလှည့်မှာရော မျှော်မှန်းထားသလို မဖြစ်ခဲ့ရင် ဘယ်လိုခံစားရမလဲ။
EN : Miss Universe Myanmar ပြိုင်ပွဲက အသက်ကန့်သတ်ချက်အရဆို ညီမ နောက်ဆုံးပြိုင်လို့ရမယ့် ပြိုင်ပွဲပါ။ ဒီနှစ်မှာမှ ကိုယ်လိုချင်တဲ့ အောင်မြင်မှုမရဘူးဆိုရင် နောက်ဘယ်တော့မှ ကြိုးစားခွင့် ထပ်ရတော့မှာ မဟုတ်ပါဘူး။ အဲ့ဒါကို ညီမက ဘယ်လိုနှလုံးသွင်းလဲဆိုတော့ ကံတရားပါပဲ။ ကိုယ့်ဘဝမှာ နောက်ထပ်တစ်ကြိမ် နိုင်ငံ့ဂုဏ်ဆောင် အလှမယ်တစ်ယောက် ဖြစ်ခွင့်မကြုံဘူးဆိုရင် ညီမရဲ့ကံတရားပါပဲ။ ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်ရဖို့အတွက် ညီမဘက်က အကောင်းဆုံးကြိုးစားနေတယ်။ အကယ်၍ ကိုယ်ဆုမရခဲ့ရင်လည်း ကိုယ့်ထက်တော်လို့ ဆုရသွားတဲ့သူကို ညီမ လက်ခုပ်တီးပြီး ဂုဏ်ပြုသွားမှာပါ။

Voice : ဒီပြိုင်ပွဲအတွက် ကိုယ့်ဘက်ကရော ဘာတွေ ပြင်ဆင်နေပြီလဲ။
EN : ဒီပြိုင်ပွဲအတွက် ပြီးခဲ့တဲ့ ဧပြီလတုန်းက ဖိလစ်ပိုင်နိုင်ငံကို သွားပြီး လေ့ကျင့်ခဲ့ပါတယ်။ အလှမယ် ပြိုင်ပွဲလောကမှာ ဖိလစ်ပိုင်က အောင်မြင်မှုတွေ အများကြီးရနေတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် သူတို့ဆီက ပညာတွေ အများကြီးရခဲ့ပါတယ်။ နောက်ပြီးတော့ ခန္ဓာကိုယ်အလှအပပိုင်းအတွက် ညီမ သေချာ ပြင်ဆင်နေပါတယ်။ Training Ground Myanmar Gym ကနေလည်း ညီမကို အများကြီး ကူညီပေးပါတယ်။ နောက်ပြီးတော့ ခန္ဓာကိုယ်ကို ပိုပြီးတော့ ကျစ်လျစ်သွားအောင် Boxing ထိုးဖို့လည်းရှိပါတယ်။ ဘာသာစကားပိုင်းမှာလည်း အင်္ဂလိပ်စာ စွမ်းရည်ပိုင်း ပိုပြီးတိုးတက်လာအောင် သင်တန်းတွေလည်း ထပ်တက်ဖို့ရှိပါတယ်။

Voice : ညီမရဲ့ ခန္ဓာကိုယ်ကတော့ အရင်ကထက်ပိုပြီးတော့ သွယ်လျသွားတယ်နော်။ ဘယ်လို ဝိတ်ချခဲ့ရတာလဲ။
EN : ဝိတ်ချဖို့အတွက် ညီမအများကြီးတော့ ဒုက္ခခံခဲ့ရပါတယ်။ ညီမက နဂိုကတည်းက ကရင်လည်းဖြစ်တယ်။ အရိုးအဆစ်ကလည်းကြီးတော့ လူကောင်သေးသွားဖို့က သိပ်မဖြစ်နိုင်ဘူးပေါ့နော်။ ညီမ Body ကို ကျစ်ကျစ်လျစ်လျစ်ဖြစ်ဖို့ဆိုရင် သူများတွေထက် အများကြီး ကြိုးစားရတယ်။ Gym ဆော့တယ်ဆိုရင်လည်း တကယ်ယောကျာ်းတစ်ယောက်ဆော့သလို အလေးပြားတွေ အများကြီးနဲ့ဆော့ရတယ်။ ညီမကတော့ ကိုယ်ကြိုးစားထားတာတွေ အရာထင်လာမယ်လို့ မျှော်လင့်ပါတယ်။ အောင်မြင်မှုတစ်ခုကို လိုချင်ရင်တော့ ကိုယ့်ဘက်က ရင်းနှီးပေးဆပ်ရတာတွေတော့ ရှိမှာပေါ့နော်။

Voice : Miss ပြိုင်ပွဲတွေက ပုံမှန်ကျင်းပနေဆဲဖြစ်ပေမယ့် အရင်ကလောက် ပရိသတ်စိတ်ဝင်စားခြင်း မခံရတော့တာကရော ဘာကြောင့်ဖြစ်မယ်ထင်လဲ။
EN : မြန်မာနိုင်ငံမှာ Miss ပြိုင်ပွဲတွေက အရင်ကထက်ပိုပြီးများလာပါတယ်။ နာမည် အမျိုးမျိုးနဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ကျင်းပလာတော့ ပရိသတ်စိတ်ဝင်စားမှုလျော့ကျလာတယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့ နိုင်ငံတကာ စင်မြင့်ထက်မှာ မြန်မာပရိသတ်တွေ အားသွန်ခွန်စိုက် အားပေးရကျိုးနပ်တဲ့ အလှမယ်မျိုးလည်း မရှိသေးဘူး ဖြစ်နေတာပေါ့နော်။ ပြိုင်ပွဲ တစ်ဆင့်ပြီးတစ်ဆင့် ပြိုင်တဲ့အခါမှာ နိုင်ငံကိုယ်စားပြု အလှမယ်နဲ့အတူ ပရိသတ်တွေကပါ ရင်ခုန်ပြီး အားပေးရတာမျိုး မရှိဘူး ဖြစ်နေတယ်။ နောက်တစ်ခုက ညီမတို့ အလှမယ်တွေဘက်ကလည်း လိုအပ်ချက်တွေ ရှိနေသေးတာကြောင့်ပါပါတယ်။ အဲ့ဒါကြောင့် Miss ပြိုင်ပွဲတွေကို ပရိသတ်စိတ်ဝင်စားမှု လျော့လာတယ်လို့ထင်ပါတယ်။

သန့်ဇင်ဦး