News

POST TYPE

INTERVIEW

ဇေရဲထက်နဲ့ တွေ့ဆုံခြင်း
30-Apr-2018


“ကျွန်တော့်အနေနဲ့ ထုတ်လုပ်ရေးလုပ်တယ်ဆိုတာ ပိုက်ဆံချမ်းသာလို့ မဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ ကားတစ်စီးကိုရောင်းပြီးတော့ အနုပညာကို ချပြခြင်းဖြစ်ပါတယ်”

လက်ရှိမှာ “ZYH” နာမည်နဲ့ ထုတ်လုပ်ရေးထူထောင်ပြီး ဗီဒီယိုကားတွေ စတင်ရိုက်ကူးနေပြီဖြစ်တဲ့ သရုပ်ဆောင်ဇေရဲထက်နဲ့တွေ့ဆုံပြီး ထုတ်လုပ်ရေးအကြောင်း၊ ထုတ်လုပ်ရေးကနေ ရိုက်ကူးသွားမယ့်ကားတွေအကြောင်း အပြည့်အစုံကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : “ZYH” ဗီဒီယိုထုတ်လုပ်ရေးကို ထူထောင်ဖြစ်တာကနေ အရင်ဆုံး စပြောပေးပါဦး။ 
ZYH : ကျွန်တော့်အနေနဲ့ ထုတ်လုပ်ရေးလုပ်တယ်ဆိုတာ ပိုက်ဆံချမ်းသာလို့မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ချစ်ပရိသတ်တွေ၊ ကျွန်တော်ချစ်တဲ့ပြည်သူလူထုက ကျွန်တော့်ကားကို ကြည့်တဲ့အခါမှာ ငွေနှစ်ရာနဲ့တန်အောင်၊ အကျိုးရှိစေမယ့် ကားလေးတစ်ကားဖြစ်အောင် ရိုက်ပေးချင်တဲ့ဆန္ဒနဲ့ ထုတ်လုပ်ရေးလုပ်တာပါ။ အဲ့ဒါကြောင့် ကျွန်တော့်ရဲ့ ကားတစ်စီးကိုရောင်းပြီးတော့ အနုပညာကိုချပြခြင်းဖြစ်ပါတယ်။ ကျွန်တော် အရမ်းရိုက်ချင်တဲ့ ဇာတ်ရုပ်တွေအများကြီးရှိတယ်၊ ပြည်သူလူထုအတွက် တကယ်ကို အကျိုးရှိစေမယ့်ကားမျိုးလေးတွေကို အရမ်းရိုက်ချင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ဆီမှာ ဗီဒီယိုနဲ့ လုပ်ကိုင်စားသောက်နေရတဲ့ မိသားစုတွေ အများကြီးရှိတယ်။ ကျွန်တော်ကတော့ အေးအေးဆေးဆေးလေးနေလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်ထုတ်လုပ်ရေးလုပ်ပြီး ရိုက်လိုက်တဲ့အတွက် စက်အဖွဲ့မှာ အဆင်ပြေသွားတာရှိမယ်၊ တချို့မျိုးဆက်သစ်လူငယ်မင်းသမီးလေးတွေ၊ ဇာတ်ပို့လေးတွေ လုပ်ပိုင်ခွင့်နေရာလေးတွေ ရလာမယ်။ အဲ့ဒါလေးတွေမြင်ရရင်ပဲ ကျွန်တော်ပျော်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အနုပညာအလုပ်ကို အရမ်းဝါသနာပါခဲ့လို့ပါ။ 

Voice : ဗီဒီယိုခေတ်ပျက်နေတဲ့အချိန်မှာ ထုတ်လုပ်ရေးထောင်ပြီး ဗီဒီယိုကားတွေရိုက်မှာဆိုတော့ စွန့်စားလွန်းရာမကျဘူးလား။ 
ZYH : အဓိက ကျွန်တော်လုပ်နိုင်တဲ့အခြေအနေတစ်ခုမှာ ပရိသတ်ကို ချပြခြင်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဗီဒီယိုလောကလေးကို ရှင်သန်အောင်၊ အကောင်းဆုံးဖြစ်အောင် ပရိသတ်ကြီးက ကြည့်ရှုပေးကြပါ။ ပရိသတ်ကြီးက ကြည့်ရှုပေးမှသာ ကျွန်တော်တို့ ဗီဒီယိုလုပ်ငန်းလေးက အဆင်ပြေမယ်၊ ပရိသတ်လည်း ကုသိုလ်ရတာပေါ့နော်။ တခြားနယ်ပယ်အသီးသီးမှာ ပရဟိတဆိုတဲ့ အဖွဲ့တွေအများကြီးရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနုပညာလုပ်ငန်းမှာကျတော့ ပရဟိတဆိုတာမရှိဘူး။ အဲ့ဒါကြောင့် ကျွန်တော့်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တစ်ခုကို လုပ်ပြနေခြင်းဖြစ်ပါတယ်။ ကျွန်တော်က အရမ်းတတ်နေလို့ လုပ်တာလည်းမဟုတ်ဘူး၊ အဘက်ဘက်ကပြည့်စုံတဲ့ လူတစ်ယောက်လည်း မဟုတ်ပါဘူး။ 

Voice : လောလောဆယ်မှာ ထုတ်လုပ်ရေးကနေ ဗီဒီယိုကားဘယ်နှကားလောက် ရိုက်သွားဖို့ စီစဉ်ထားလဲ။ 
ZYH : လောလောဆယ်မှာ ကျွန်တော်ထုတ်လုပ်ရေးကနေ ဗီဒီယိုကား ငါးကားရိုက်သွားမယ်။ ကျွန်တော့်ထုတ်လုပ်ရေးကနေ ထုတ်တဲ့ကားတွေက ကျဲရင်ကျဲမယ်။ ဒါပေမဲ့ ကျွန်တော့် ထုတ်လုပ်ရေးက ရိုက်တဲ့ကားတွေသည် တခြားတိုက်ကထုတ်တဲ့ ဇေရဲထက်ကားထက် ပညာပေးရမယ်၊ အရည်အသွေးကောင်းရမယ်၊ ဗီဒီယိုကုန်ကျစရိတ်အတွင်းမှာပဲ ပုံမှန်ကုန်ကျတဲ့ငွေထက် နှစ်ဆလောက်အကုန်အကျခံပြီးတော့ ရိုက်ကူးမယ်။ နောက်ဆုံးအဆင့် ဇာတ်ပို့ကအစ တော်ရုံ၊ တန်ရုံလူမျိုး မသုံးချင်ဘူး။ တကယ်လုပ်နိုင်တဲ့လူတွေနဲ့ပဲ အကောင်းဆုံးဖြစ်အောင် ရိုက်သွားမယ်။ နောက်တစ်ခုက ပညာပေးဆိုရင်လည်း ဘာကြောင့်ပညာပေးရလဲဆိုတာကို ရိုက်ပြမယ်။ အဓိက ကျွန်တော်တို့ အနုပညာလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းမဟုတ်ပါဘူး၊ ပရိသတ်အတွက် ဖျော်ဖြေရေးသက်သက်သာ ဖြစ်ပါတယ်။ 

Voice : လက်ရှိ ရိုက်ကူးနေတဲ့ “မုဒိမ်း (Rape)” ဗီဒီယိုကားပြီးရင် ဘယ်လိုမျိုးပညာပေးကားတွေ ထပ်ရိုက်သွားမှာလဲ။ 
ZYH : လက်ရှိရိုက်ကူးနေတဲ့ “မုဒိမ်း (Rape)” ဗီဒီယိုကားပြီးရင်တော့ “စေညွှန်ရာ ကကြိုးရုပ်” ဆိုတဲ့ ဗီဒီယိုကားလေး ရိုက်ပါမယ်။ လောလောဆယ်မှာ သရုပ်ဆောင်တွေကိုတော့ မရွေးရသေးဘူး။ ဇာတ်လမ်းပုံစံကတော့ အတ္တမာနတွေကြီးတာကြောင့် ကြားထဲမှာ မြေစာပင်ဖြစ်သွားတဲ့ကောင်လေးတစ်ယောက်ရဲ့ ဘဝအကြောင်းလေးပါ။ လူတစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့ မာနထက် ပိုပြီးတော့ မရှိသင့်ဘူး၊ လိုတာထက်ပိုရင် သူများအတွက်လည်း မကောင်းသလို ကိုယ့်အတွက်လည်း အသက်သေတဲ့အထိ နောင်တရစရာတွေ ရှိလာနိုင်တယ်ဆိုတာကို ရိုက်ပြမှာပါ။ ကျွန်တော့်ထုတ်လုပ်ရေးကနေ တတိယမြောက် ရိုက်မယ့်ကားကတော့ အချစ်ပညာပေးကားလေးပေါ့။ ကိုယ်လက်ထပ်မယ့် မိန်းကလေးတစ်ယောက်ကို တကယ်ချစ်လား၊ မချစ်ဘူးလားဆိုတာကို ကိုယ့်နှလုံးသားနဲ့ ဆုံးဖြတ်ရမယ်။ မိဘပေးစားလို့ပဲဖြစ်ဖြစ်၊ အကြောင်းအရင်းတစ်ခုကြောင့်ပဲဖြစ်ဖြစ် လက်ထပ်တာမျိုးကို ကျွန်တော်က မဖြစ်စေချင်ဘူး။ တကယ်ချစ်မှသာလျှင် သူ့ရဲ့ အနွံတာ၊ သူ့ရဲ့အပြစ်တွေကို ကျွန်တော်တို့ကနားလည်ပေးနိုင်စွမ်းရှိမယ်။ ကိုယ်မချစ်မနှစ်သက်ပဲနဲ့ အကြောင်းတစ်ခုခုကြောင့် ယူလိုက်မယ်ဆိုရင် နောင်တစ်ချိန် တကယ်အချစ်စစ်ပေါ်လာတဲ့အခါမှာ နောင်တတွေရသွားနိုင်တယ်။ အဲ့ဒီလိုပညာပေးတဲ့ ကားလေးရိုက်မှာပါ။ 

Voice : ကိုယ့်ထုတ်လုပ်ရေးကနေ ပွဲဦးထွက်ရိုက်တဲ့ “မုဒိမ်း (Rape)” ဗီဒီယိုကားကလည်း နာမည်ကြားတာနဲ့ ပရိသတ်က စိတ်ဝင်စားနေကြတယ်နော်။ 
ZYH : ဒီကားကို ကျွန်တော် ဘာလို့ရိုက်တာလဲဆိုတော့ လက်ရှိဖြစ်နေတဲ့ မုဒိမ်းမှုတွေကိုပပျောက်အောင် ပညာပေးတဲ့အနေနဲ့ ရိုက်ဖြစ်တာပါ။ ဇာတ်လမ်းပုံစံကတော့ မိသားစုသုံးယောက်ရှိကြတယ်။ သူတို့မှာက အစစအရာရာ အဆင်မပြေဘူးပေါ့နော်။ အစ်ကိုလုပ်တဲ့သူက ညီမကို ပညာတတ်ကြီးဖြစ်စေချင်တယ်။ ညီမဖြစ်သူကကျတော့ သူ့မိသားစုအဆင်မပြေတာကိုသိလို့ အပြင်မှာသွားပြီးတော့ ပိုက်ဆံရှာချင်တယ်။ အဲ့ဒီမှာ အဆင်မပြေမှုတွေဖြစ်ပြီး မုဒိမ်းကိစ္စတွေ ဖြစ်လာတာပေါ့နော်။ အဓိက မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးတွေအားလုံးက ဘဝပေးကံကြမ္မာအရ မုဒိမ်းကျင့်ခံလိုက်ရတယ်။ ဒါပေမဲ့ သူတို့မှာ ဘာလို့ရှင်သန်ခွင့် မရှိရမှာလဲ၊ ဘာကြောင့်လဲ။ သူတို့မှာ ရှင်သန်ခွင့်ရှိရမယ်။ နောက်တစ်ခုက နိုင်ငံတကာမှာ မုဒိမ်းကျင့်တဲ့လူတွေကို ဘယ်လို ပြစ်ဒဏ်ပေးတယ်ဆိုတာကို ရိုက်ပြထားပါတယ်။ ဒီကားကို ဒါရိုက်တာကိုဇော်မိုးထွေးကနေ ရိုက်ထားတာပါ။ သရုပ်ဆောင်တွေက ကျွန်တော်၊ ရတနာဗို၊ အန်တီစိုးမိုးကြည်၊ အံ့မင်းညို စတဲ့သရုပ်ဆောင်ပေါင်းများစွာတို့ ပါဝင်ထားကြပါတယ်။

Voice : နောက်ပိုင်းမှာ ထုတ်လုပ်ရေးက ရုပ်ရှင်ဘက်ကို ဦးတည်ထားသေးလား။ 
ZYH : ရုပ်ရှင်ကားအနေနဲ့ ရိုက်သွားဖို့ကတော့ အခြေအနေအရပါပဲ။ အစတုန်းကတော့ ရုပ်ရှင်တွေလည်း ရိုက်မယ်ပေါ့နော်။ ဒါပေမဲ့ ရုပ်ရှင်တစ်ကားရိုက်မယ်ဆိုရင် ကုန်ကျစရိတ်က သိန်းထောင်ကျော်မှာဆိုတော့ ကျွန်တော့်မှာ အဲ့ဒီလောက်ငွေကြေးမရှိဘူး၊ ဒါအမှန်အတိုင်းပြောတာပါ။ အဲ့ဒါကြောင့် ကျွန်တော်လုပ်ပိုင်ခွင့်ရှိတဲ့ အလုပ်ကလေးကိုချလုပ်တယ်။ လူဆိုတာက ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်နေရရင် ပျော်နေတာပဲလေ။ ကျွန်တော်ဒါပဲ စဉ်းစားတယ်။ ကျွန်တော် ဒီအလုပ်ကို လုပ်ရတာ ပျော်တယ်။

ဝင်းထွန်းနိုင်