News

POST TYPE

INTERVIEW

နေဒွေးနဲ့ တွေ့ဆုံခြင်း
27-Apr-2018
“ကျွန်တော်တို့က အနုပညာရှင်ဖြစ်ပေမယ့် လူထဲက လူလေ။ အနုပညာရှင်တိုင်းက ခေါင်းငုံ့သည်းခံမယ် မထင်ပါနဲ့”

လတ်တလော ဖေ့ဘွတ်ခ်မှာ ဂုဏ်သိက္ခာကျဆင်းအောင် တိုက်ခိုက်လာတဲ့ အကောင့်ပိုင်ရှင်တစ်ဦးကို ပုဒ်မနှစ်ခုနဲ့ ရဲစခန်းမှာ အမှုဖွင့်လိုက်တဲ့ သရုပ်ဆောင်နေဒွေးနဲ့ တွေ့ဆုံပြီး အကျိုးအကြောင်းနဲ့အတူ ဖြစ်ကြောင်းကုန်စင်ကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : ဖေ့ဘွတ်ခ်မှာ ဂုဏ်သိက္ခာကျဆင်းအောင် တိုက်ခိုက်လာတဲ့ အကောင့်ပိုင်ရှင်ကို အမှုဖွင့်လိုက်တယ်လို့ သိရတယ်၊ ဖြစ်ကြောင်းကုန်စင်ကို ပရိသတ်ကြီးသိအောင် ပြောပြပေးပါဦး။ 
ND : ကျွန်တော်က Live လွှင့်တာနည်းတော့ ပရိသတ်တွေက Live လွှင့်ဖို့ တောင်းဆိုတာနဲ့ မော်လမြိုင်မှာ ကားသွားရိုက်ရင်းနဲ့ ရှုတင်နားတဲ့ အချိန်လေးမှာ Live လွှင့်လိုက်တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်နဲ့ ခင်မင်မှုလည်းမရှိတဲ့ မိန်းကလေးအကောင့်တစ်ခုကနေ Comment တစ်ကြောင်းဝင်ရေးတယ်။ ကျွန်တော်က သူရေးတာကို မကြိုက်တဲ့အတွက် ကောင်းကောင်းမွန်မွန် ပြောတယ်၊ ပုဒ်မ ၆၆ (ဃ) နဲ့ ငြိမှာစိုးလို့ ပြောတယ်။ ဒါပေမဲ့ သူ့ဘက်က ပြောတာက နည်းနည်း မူမမှန်တဲ့အခါကျတော့ ကျွန်တော်က သူ့ကို Block လိုက်တယ်။ ဒီကိစ္စမျိုးက ဖေ့ဘွတ်ခ်မှာ ဖြစ်နေကျကိစ္စတွေဆိုတော့ ကျွန်တော်လည်း မေ့မေ့ပျောက်ပျောက်နဲ့ အေးအေးဆေးဆေး ဖြစ်သွားတာပေါ့နော်။ နောက် ကျွန်တော် မော်လမြိုင်ကနေ ပြန်လာတဲ့အချိန်မှာ ဒီအကောင့်ကနေ Screenshot ရိုက်တင်ထားတယ်ဆိုပြီး ကျွန်တော့်ပရိသတ်တွေကပြောတော့ ဖတ်ကြည့်လိုက်တယ်။ သူရေးထားတဲ့ပုံက ကိစ္စသေးသေးလေးကို အကြီးကြီးချဲ့ရေးထားတယ်။ အဲ့ဒီ Post အောက်မှာ ဘာမှန်းညာမှန်းမသိတဲ့လူတွေက Share ကြတယ်၊ Comment တွေ ဝင်ရေးကြတယ်။ အများစုကတော့ Fake အကောင့်တွေနဲ့ပေါ့။ သူက ကျွန်တော့်ရဲ့ Official အကောင့်မှာ ဝင်ရေးတယ်ဆိုတော့ အရမ်းလွန်သွားပြီ။ အဲ့ဒါကြောင့် ကျွန်တော်က ပြန်တင်လိုက်တယ်၊ ကျွန်တော်တင်ထားတာလည်း သက်သေအကုန်ရှိတယ်၊ ရိုင်းရိုင်းစိုင်းစိုင်း တင်ထားတာတစ်ခုမှမရှိဘူး။ သူ့ကို ပြန်တင်တာက ဆယ်လီဖြစ်ချင်တာလားဆိုပြီး တစ်ရက်၊ နှစ်ရက်ပဲ တင်လိုက်တယ်။ ဒါပေမဲ့ သူ့ဘက်ကနေ ကျွန်တော့်ကို မကျေနပ်ဘဲ နောက်တစ်ဆင့် ထပ်တက်တယ်။ အဲ့ဒါကြောင့် အမှုဖွင့်လိုက်တာပါ။ 

Voice : လက်ရှိဖြစ်နေတဲ့ပြဿနာမျိုးကို အရင်ကဖြစ်ခဲ့ဖူးလား၊ ကိုယ်တိုင်က Comment Box တွေကို အစအဆုံးဖတ်ဖြစ်လား။ 
ND : ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က Fake အကောင့်တွေကို ခေါင်းထဲမထည့်ဘူး၊ ဖတ်လည်း မကြည့်ဘူး။ ဥပမာ - Page အောက်မှာရေးထားတဲ့ Comment Box တွေကို လုံးဝဖတ်မကြည့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကို အားပေးတဲ့ပရိသတ်တွေရှိသလို အားမပေးတဲ့ပရိသတ်တွေလည်းရှိတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ကြိုက်တဲ့မင်းသားကြိုက်တယ်၊ မကြိုက်တဲ့မင်းသား မကြိုက်ဘူးဆိုတော့ သူတို့ရေးထားတာကို လိုက်ဖတ်ကြည့်ဖို့ နံပါတ်တစ် ကျွန်တော့်မှာ အချိန်မရှိဘူး၊ နံပါတ်နှစ်က ဖုန်းဘေလ်ကုန်တယ်။ အဲ့ဒါကြောင့် ကိုယ်နဲ့မဆိုင်ရင် ဝင်မကြည့်ဘူး။ ကျွန်တော့်ရဲ့ Official အကောင့်နဲ့ တင်တာဆိုရင် ဝင်ကြည့်ပါတယ်။ Page တွေကတင်တဲ့ ကျွန်တော့် အင်တာဗျူးအောက်မှာ ဆဲဆဲဆိုဆို လုံးဝမပြောဘူး၊ စိတ်လည်း မဆိုးဘူး။ 

Voice : ကိုယ့်ရဲ့ Comment Box ပိတ်လိုက်တာက ကြောက်လို့လားဆိုပြီး အပြောလည်း ခံရသေးတယ်နော်။ 
ND : ကျွန်တော်နဲ့သူ အကန်တွေဖြစ်နေတဲ့အချိန်မှာ သူအစ်မဝမ်းကွဲကနေ သူ့ဘက်ကပါတယ်၊ အကြောင်းမသိခင်မှာတော့ သူ့အမျိုးတွေက သူ့ဘက်ပါမှာပဲ။ သူ့အစ်မဝမ်းကွဲကနေ သူ့ဘက်ကနာပြီးတော့ ကျွန်တော့် Fan တွေရဲ့ အကောင့်ထဲကို စာဝင်ရေးတယ်၊ မင်းသားက ဘာလို့ Comment Box ပိတ်တာလဲ၊ ကြောက်တာလား၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီးတော့ပေါ့နော်။ ကျွန်တော်က အမှန်အတိုင်းပြောရရင် ကြောက်စရာမရှိပါဘူး။ ကျွန်တော်က Comment Box ဘာလို့ပိတ်တာလဲဆိုတော့ အလကားနေရင်း အကောင့်တုတွေနဲ့ ဝင်ဝင်ပြီး ဆဲနေတော့ ကိုယ်တွေလည်း အလုပ်အကိုင်ပျက်၊ ဒေါသဖြစ်တယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ Fan တွေပါလာပြီဆို Fan တွေဆီကိုလည်း သွားဆဲမယ်။ ကျွန်တော့်ရဲ့ Fan အများစုက အကောင့်အစစ်နဲ့သုံးတော့ သွားဆဲနေရင် ပြဿနာဖြစ်မှာစိုးလို့ ပိတ်လိုက်တာပါ။ အဲ့ဒါကို ကြောက်သွားတယ်ထင်တာပေါ့နော်။ ပရိသတ်တွေက သူတို့အကောင့်ကို အကောင့်တစ်ခုကဝင်ပြီး ပြောကြတယ်ဆိုတော့ ကျွန်တော်က အဲ့ဒီအစ်မရဲ့အကောင့်ကို ဒီလိုကနေ ဒီလိုဖြစ်တာပါဆိုပြီး ရှင်းပြတော့ သူလည်း နားလည်သွားတယ်။ အရှင်းဆုံးပြောရရင် ကျွန်တော့်ပရိသတ်တောင်ဖြစ်လာတယ်၊ အစ်မဆုံးမပါ့မယ်၊ သူ့ကိုနားလည်အောင်ပြောပြပါ့မယ်၊ မောင်လေးကိုလည်း တောင်းပန်ပါတယ်ဆိုပြီးပြောပြတော့ ပြေပြေလည်လည် ဖြစ်သွားတယ်။ 

Voice : ဒါဆို ပြေလည်သွားပြီးမှ ထပ်ဖြစ်ကြတာလား။ 
ND : ကျွန်တော်က ပြေလည်သွားပြီဆိုတဲ့ Post ကို အကောင့်မှာ တင်လိုက်တယ်။ ပထမရေးထားတဲ့ Post တွေကိုလည်း ဖျက်မလို့လုပ်တာ၊ ကျွန်တော်က မဖျက်ဘဲနဲ့ Only Me လေး လုပ်လိုက်တယ်။ အဲ့ဒါဆို ဘယ်သူ့မှ မတွေ့ရတော့ဘူးလေ။ ဒါပေမဲ့ ဧပြီလ ၂၄ ရက်နေ့၊ ညနေ ၆ နာရီနောက်ပိုင်းလောက်မှာ Fan တွေကနေ ဒီကိစ္စတွေဖြစ်နေတယ်ဆိုပြီး ကျွန်တော့်အကောင့်ဆီကိုလည်းပို့တယ်၊ ကျွန်တော့်အမေအကောင့်ထဲရော အကုန်ပို့ကြတယ်။ သူက Group တွေနဲ့ချိတ်ပြီး တစ်ဆင့်ထပ်တက်လာတာပေါ့နော်။ သူက ကျွန်တော့်ကို သိက္ခာကျအောင်ပြောထားတာဆိုတော့ အရှင်းဆုံးပြောရရင် စိန်ခေါ်တာပေါ့နော်။ ကျွန်တော်က သူနဲ့ပြိုင်မိုက်မယ်ဆိုရင် သိက္ခာကျမှာလေ။ အဲ့ဒါကြောင့် တရားဥပဒေအရပဲ ဆုံးဖြတ်မယ်ဆိုပြီး ရဲစခန်းမှာ အမှုဖွင့်တယ်။ အဲ့ဒီတော့မှ သူတို့ဘက်ကနေ ကျွန်တော့်ကို တောင်းပန်တယ်။ ဒါပေမဲ့ ဒီကိစ္စကလွန်သွားပြီဆိုတော့ မတတ်နိုင်တော့ဘူး။

Voice : သူ့ကို ဘယ်ရဲစခန်းမှာ ဘယ်လိုပုဒ်မတွေတက်ပြီး အမှုဖွင့်ထားတာလဲ။ 
ND : ကျွန်တော်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ လက်ရှိဖြစ်တဲ့ကိစ္စကို ကျွန်တော်တကယ် စိတ်မကောင်းပါဘူး၊ အဲ့ဒီအကောင့်ပိုင်ရှင် အစ်မအတွက်လည်း တကယ်စိတ်မကောင်းဘူး။ ဒါပေမဲ့ သူ့ဘက်ကနေ တရားလွန်တွေဖြစ်လာတာကြောင့် ပုဒ်မ ၆၆ (ဃ)၊ နောက် ပုဒ်မ ၅၀၀ အသရေဖျက်မှု၊ ဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်မှုနဲ့ အမှုဖွင့်ထားပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့အမေ၊ ကျွန်တော့်ရဲ့ Fan တွေအားလုံးက နောက်ကနေ လုပ်ပါ၊ လုပ်သင့်ပါတယ်ဆိုလို့ လုပ်ရတာပါ။ အဲ့ဒီအတွက် တကယ် စိတ်မကောင်းပါဘူး။ ကျွန်တော့်ဘက်နေ အတတ်နိုင်ဆုံးကို ပြေလည်အောင် ညှိခဲ့ပါသေးတယ်။ 

Voice : နှစ်ဦးနှစ်ဖက် တွေ့ဆုံတဲ့အခါမှာ တရားဥပဒေအတိုင်းပဲ သွားမှာလား၊ လူမှုရေးအရ ပြန်ပြေလည်ချင်တယ်ဆိုရင် လက်ခံမှာလား။ 
ND : ကျွန်တော့်ဘက်ကနေ အချိန်အတိုင်းအတာတစ်ခုထိ ပေးခဲ့ပြီးပြီ။ ကျွန်တော့်ဘက်ကနေ Post တွေကိုလည်း Only Me လုပ်ခဲ့ပြီးပြီ။ ကျွန်တော်က သူ့အစ်မကိုလည်း Post တွေကို ဖျက်ခိုင်းလိုက်ပါ၊ ဆုံးမပေးပါ၊ သူ့ကို သေချာနားလည်အောင်ပြောပြလိုက်ပါ၊ အကျယ်အကျယ်မဖြစ်အောင်ဆိုပြီး ပြောထားပြီးသားပါ။ နောက်ထပ်ပြီးတော့ အစ်မဝမ်းကွဲတွေ၊ တူမတွေ၊ သူ့မောင်တွေ ပို့တဲ့စာတွေမှာလည်း နားလည်အောင် ပြန်ရှင်းပြထားတယ်။ တချို့ပရိသတ်တွေက မင်းသားက ဒါလေးပြောတာကို ဆတ်ဆတ်ထိမခံဖြစ်နေတာလားဆိုပြီး ပြောကြတယ်။ လူဆိုတာတော့ စိတ်ရှိတာပေါ့နော်။ ကျွန်တော်ဆတ်ဆတ်ထိမခံ ဖြစ်လိုက်ပေမယ့် သည်းခံလိုက်တယ်။ ဒါပေမဲ့ သူ့ဘက်ကနေ တစ်ဆင့်ပြီးတစ်ဆင့် တက်လာတဲ့အတွက် တရားဥပဒေအရ ဆုံးဖြတ်တာပါ။ သူ့ဘက်ကမှန်လည်း သူ့ဘက်ကလုပ်ပါ၊ ကျွန်တော့်ဘက်ကနေ သူ့အကောင့်ကို ရိုင်းထားတာရှိလား၊ သူပြောတဲ့အတိုင်း ပြောထားတာရှိလား။ တကယ်လို့ရှိရင် သူ့ဘက်ကနေ ကျွန်တော့်ကို တရားပြန်စွဲနိုင်ပါတယ်။ အဓိက ကျွန်တော်ပြောချင်တာက ကျွန်တော်တို့က အနုပညာရှင်ဖြစ်ပေမယ့် လူထဲက လူလေ။ အနုပညာရှင်တိုင်းက ခေါင်းငုံ့သည်းခံမယ် မထင်ပါနဲ့၊ အနုပညာရှင်တွေကို ခေါင်းခေါက်ပြီး ဟီးဟီးလုပ်လိုက်တာနဲ့ အဆင်ပြေသွားတဲ့အထဲမှာ ကျွန်တော်မပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း ငယ်ငယ်ကတည်းက ခေါင်းမာတဲ့အထဲမှာပါတယ်။

ဝင်းထွန်းနိုင်