News

POST TYPE

INTERVIEW

ဖိုးကျော်နဲ့ တွေ့ဆုံခြင်း
26-Apr-2018
“ကျွန်တော်က လုပ်စားတဲ့ လူတွေကိုတော့ အားမပေးဘူး။ တကယ်အသွေးအသားနဲ့ တကယ်ပေးဆပ်မယ့်လူတွေကို အားပေးပါတယ်”

အနုပညာခံယူချက်တစ်ခုကြောင့် သရုပ်ဆောင်အလုပ်နဲ့ ကင်းကွာနေသလိုဖြစ်နေတဲ့ သရုပ်ဆောင်ဖိုးကျော်နဲ့ တွေ့ဆုံပြီး မပြောင်းလဲတဲ့ ခံယူချက်တွေနဲ့အတူ မျိုးဆက်သစ် အနုပညာရှင်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့အကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : သရုပ်ဆောင်ကျဲတော့ တချို့ပရိသတ်တွေကဆို အနုပညာလောကထဲကနေ ထွက်သွားပြီလို့တောင် ထင်နေကြတယ်။ 
PK : ကျွန်တော်က အနုပညာလောကကနေ ဘယ်တော့မှ မထွက်သွားပါဘူး။ ကျွန်တော် ဘယ်လောက်ပဲ စိတ်ဓာတ်ကျနေနေ၊ အလုပ်ရှိရှိ၊ မရှိရှိ ထွက်မသွားဘူး။ ကျွန်တော်က အနုပညာနဲ့ပဲသေမယ်လို့ စိတ်ကူးထားပါတယ်။ နောက်တစ်ခုက ကျွန်တော်က အင်္ကျီတော့လဲဝတ်မယ်၊ ခံယူချက်တော့ မပြောင်းဘူး။ ကျွန်တော်က မရရင် မလုပ်ဘူး၊ ကျွန်တော် ပြောထားပြီးသားပါ။ ကျွန်တော်က ဒီအလုပ်ကို လုပ်စားမှာမဟုတ်ဘူး။ လူတိုင်းလူတိုင်းမှာ တန်ရာတန်ကြေးဆိုတာတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ စီးပွားဖြစ်ပုံစံမျိုး၊ မွဲပြာထဲမှာ မနေဘူး။ ကျွန်တော့်ကို ရုပ်ရှင်လောကကလူတွေ တော်တော်များများက အမြင်ကတ်ကြတယ်။ ကျွန်တော်က ပေါကားတွေကိုလည်း ပေါပါတယ်၊ ပေါလို့ပေါတယ် ပြောတယ်ဆိုတာကို လက်ခံပါတယ်ဆိုပြီး အမြင်မကြည်ကြဘူး။ ကျွန်တော်က ဒီလောကကို ချစ်တယ်၊ ဒီအလုပ်ကိုလုပ်တာ ချစ်လို့လုပ်တာ၊ မြတ်နိုးလို့ လုပ်တာပါ။ အဲ့ဒါကြောင့် သူများကပြောရင် ကျွန်တော် မကြိုက်ဘူး။ ကိုယ်မဟုတ်ဘဲနဲ့ တခြားသူစိမ်းတွေကပြောရင် ကျွန်တော်စိတ်ဆိုးတယ်၊ ဒေါသထွက်တယ်။ ဒါပေမဲ့ ကိုယ့်အဝန်းအဝိုင်းထဲမှာရှိတဲ့ လူတွေက စုန်းပြူးတွေများတယ်၊ လုပ်စားတဲ့လူတွေ များတယ်၊ များသောအားဖြင့် ပရိုဂျူဆာနဲ့ ဒါရိုက်တာတွေပေါ့နော်။ အဲ့ဒီလို လုပ်စားကြတဲ့လူတွေများတော့ အပြောခံတယ်။ အဲ့ဒါကြောင့် တကယ် Quality ရှိတဲ့ လူတွေကို အားနာဖို့ကောင်းတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်ရတယ်။ 

Voice : သရုပ်ဆောင်တစ်ယောက်က သရုပ်မဆောင်ရတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုက ဘယ်လိုရှိလဲ။ 
PK : ကျွန်တော့်အနေနဲ့ ဒုက္ခရောက်တာပေါ့နော်၊ ဒုက္ခအရောက်ဆုံးကတော့ ကျွန်တော်က သရုပ်ဆောင်လေ။ သရုပ်ဆောင်တစ်ယောက်က သရုပ်မဆောင်ရတဲ့အချိန်၊ သရုပ်ဆောင်ချင်စိတ်က အရမ်းဖြစ်လာတဲ့အချိန်မှာ ခံစားရတာက ဘာနဲ့မှမတူဘူး။ တအားကိုမွန်းကျပ်ပြီး ဘာဖြစ်ချင်မှန်းမသိဘူး။ ကိုယ်ကပဲ တခြားလူရဲ့ အထိုးခံချင်သလိုလို၊ ကိုယ်ကပဲ ထိုးလိုက်ချင်သလိုလို အဲ့ဒီလိုဖြစ်ရတယ်။ အဲ့ဒီအခြေအနေမျိုးမှာ ကိုယ့်ကို လာငှားတဲ့ကားက တလွဲဆို အရမ်းဆဲပစ်ချင်တယ်။ 

Voice : လက်ရှိမှာ ဇာတ်လမ်းပိုင်းကို ဘယ်လိုရွေးချယ်မှုတွေ လုပ်ဖြစ်နေလဲ၊ ဘယ်လိုဇာတ်ရုပ်မျိုးတွေကို ငြင်းပယ်ဖြစ်လဲ။ 
PK : တစ်လောကလည်း ရုပ်သံလိုင်းတစ်ခုကနေ ဇာတ်လမ်းတွဲတစ်ခုမှာ အဖေခန်းက သရုပ်ဆောင်ဖို့လာ ငှားတော့ လက်ခံပြီးရိုက်လိုက်တယ်။ အဲ့ဒီမှာပဲ တခြားဒါရိုက်တာတစ်ယောက်ကနေ သဘောကျလို့ သူ့ကားကျရင်လည်း အဖေခန်းက ရိုက်ပေးပါလို့ တောင်းဆိုတော့ ကိုယ်က သူနဲ့လည်း ခင်မင်ရင်းနှီးနေတော့ ရိုက်ပေးမယ်ပြောလိုက်တယ်။ နောက် ပထမဆုံးရိုက်တဲ့ ရုပ်သံတစ်ခုကနေထပ်ပြီး ထိုင်းဒါရိုက်တာရိုက်မယ့် ဇာတ်လမ်းတွဲတစ်ခုမှာ အဖေခန်းကနေ လုပ်ပေးပါတဲ့။ အဲ့ဒါနဲ့ သူတို့ကလည်း ဒါမျိုးလားလို့ ကျွန်တော်တွေးလိုက်တယ်။ အဲ့ဒါကြောင့် ကျွန်တော် သူတို့ကို ပြောလိုက်ပါတယ်၊ ကျွန်တော် ရုတ်တရက် သေမသွားဘူး၊ တစ်ခုခုဖြစ်ပြီး မသေဘူးဆိုရင် ကျွန်တော်က ခင်ဗျားတို့ ရိုက်စေချင်တဲ့အရွယ်ကို ရောက်လာဦးမှာပါ။ လက်ရှိ ဒီအရွယ်မှာ ရိုက်လို့ရတာတွေ ခင်ဗျားတို့ ရိုက်ပါဆိုပြီးပြောလိုက်တယ်။ သူတို့လည်း ကျွန်တော့်ကို အမြင်တော့ကတ်မှာပေါ့နော်။ ရိုက်ဖို့ ခေါ်ချင်မှလည်း ခေါ်တော့မယ်၊ မခေါ်တော့လည်းနေပေါ့၊ မတတ်နိုင်ဘူး။ ခေါက်ရိုးမကျိုးသင့်တဲ့ကောင်က ခေါက်ရိုးထပ်ချိုးခံရတော့ ဘာလုပ်မှာလဲ။ 

Voice : ဒါဆို ကိုယ်စိတ်ကူးယဉ်ထားတဲ့ ဆန္ဒတွေကို မျိုသိပ်ထားလိုက်ပြီလား။ 
PK : ကျွန်တော်က အနုပညာအလုပ်ကို စီးပွားဖြစ်လုပ်စားမယ့် လူမဟုတ်ပါဘူး။ ကိုယ့်ရဲ့ဝါသနာအရ ပရိသတ်ကို တင်ပြမယ်။ ကျွန်တော် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားကို ပရိသတ် ကြည့်တဲ့အခါမှာ သူတို့ပေးရတဲ့ ပိုက်ဆံနဲ့တန်အောင် လုပ်ချင်တယ်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်တော်လုပ်ချင်တဲ့အရာတွေ၊ အိပ်မက်တွေ အများကြီးရှိတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်ဖြစ်ချင်တာ တော်တော်များများကို သြင်္ဂိုဟ်ထားပါတယ်။ ကျွန်တော်ကတော့ နောက်လာမယ့်အသစ်တွေကို ဖြစ်စေချင်တယ်။ နေရာတစ်နေရာဆိုတာကတော့ လွယ်လွယ်လေးနဲ့ မရပါဘူး၊ ပေးရပါတယ်။ ဒါက ကျွန်တော်တို့ တိုင်းပြည်မှ မဟုတ်ပါဘူး။ ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ် အနုပညာ အလုပ်လုပ်တဲ့လူတွေဟာ ဘာမှမပေးဘဲနဲ့ ဘာမှမရပါဘူး။ တချို့တွေက ဒီထဲမှာ ဂုဏ်သိက္ခာတွေ ပါသွားတယ်၊ တချို့က အသက်မွေးဝမ်းကျောင်းမှုတွေ ပါသွားတယ်၊ တချို့က ရှင်သန်ရပ်တည်မှုတွေ ပျက်စီးသွားကြတယ်၊ အများကြီးပါပဲ။ အဲ့ဒါတွေကိုမှ တောင့်ထားနိုင်တဲ့လူက တင်ကျန်ခဲ့တာပါပဲ။ 

Voice : အနုပညာလောကမှာ အသစ်တွေကို ကြိုဆိုတဲ့လူရှိသလို ဝေဖန်တိုက်ခိုက်တဲ့လူတွေလည်း ရှိနေတော့ ကိုယ်က အသစ်တွေကို ကြိုဆိုတဲ့ လူတွေထဲမှာပါလား။ 
PK : အဟောင်းဆိုတာ အသစ်ရှိလို့ ဖြစ်တာပါ။ အဟောင်းဆိုတာလည်း အရင်တုန်းက အသစ်ပဲလေ။ ကျွန်တော်ကတော့ ကြိုဆိုတယ်၊ အသစ်ဆိုတာ နေရာတိုင်းမှာလိုအပ်တယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ကတော့ အလားအလာရှိတယ်၊ အစွမ်းအစရှိတယ်၊ အရည်အသွေးရှိတဲ့ အသစ်မှန်သမျှကို အားပေးပါတယ်။ ကျွန်တော်က လုပ်စားတဲ့လူတွေကိုတော့ အားမပေးဘူး။ တကယ်အသွေးအသားနဲ့ တကယ်ပေးဆပ်မယ့်လူတွေကို အားပေးပါတယ်၊ လက်ခုပ်တီးပါတယ်။ တကယ်ကို အရည်အသွေးရှိတဲ့လူက သူ့ဘာသာသူ ပေါ်လာမှာပဲ။ အဓိကကတော့ ထင်ပေါ်ရင် စင်တော်က ကောက်မှာပေါ့နော်။ 

Voice : မြန်မာ့ရုပ်ရှင်က တိုးတက်သင့်သလောက် မတိုးတက်ကြဘူး ပြောကြတယ်၊ ကိုယ့်အနေနဲ့ ဘယ်လိုမြင်မိလဲ။ 
PK : ကျွန်တော်က အရင်တုန်းကတော့ စကားကြီး၊ စကားကျယ်တွေ ပြောတယ်။ ဘောလိဝုဒ်တို့၊ ဘာတို့ပြောတယ်။ လက်ရှိမှာတော့ အဲ့ဒီလောက်မမှန်းတော့ပါဘူး။ ဒါပေမဲ့ အရှေ့တောင်အာရှမှာတော့ ဖိုက်စေချင်တယ်။ လက်ရှိမှာ အသစ်အသစ်တွေ ပေါ်လာတယ်၊ ပြည်သူတွေက လက်ခုပ်တီးကြတယ်၊ ပရိသတ်က ကြိုဆိုကြတယ် ကြားရတယ်။ ကျွန်တော်အနေနဲ့ အဲ့ဒီရုပ်ရှင်ကားတွေကို မကြည့်ဖြစ်ပေမယ့် ကြိုဆိုပါတယ်။ ကျွန်တော်က အဲ့ဒီလိုမျိုးတွေ အများကြီးဖြစ်စေချင်တယ်။ အဲ့ဒါမှ ယှဉ်ပြီး ဖိုက်နိုင်မှာလေ။ ကိုယ့်ဘာသာကိုယ် ဝါးလုံးခေါင်းထဲမှာ လသာနေလို့ မရဘူး။ အပြင်ကိုထွက်နိုင်ဖို့ဆိုတာ အပေါက်တွေပွင့်မှရမှာ၊ အပေါက်တွေမပွင့်ရင်လည်း မရဘူး။ ကျွန်တော်ကြားဖူးတဲ့ စကားတစ်ခွန်းရှိတယ်၊ လေကောင်း လေသန့်တွေရချင်ရင် တံခါးတွေ၊ ပြတင်းပေါက်တွေ အကုန်ဖွင့်လိုက်ပါ၊ လေကောင်းလေသန့်တွေနဲ့အတူ ကိုယ့်ကို အန္တရာယ်ပေးနိုင်တဲ့ ပိုးမွှားတွေလည်း ပါလာလိမ့်မယ်။ အဲ့ဒီအရာတွေကိုတော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ သတ်ကြပေါ့နော်။ အမြင်ကျယ်ဖို့ဆိုတာ အားလုံးပိတ်ထားလို့မရဘူး။ ဒီထဲမှာပဲ လသာနေရုံလောက်နဲ့တော့ နွားစာခွက်ထဲမှာပဲ ရှိနေမှာပဲ၊ ဘာမှမထူးပါဘူး။  

ဝင်းထွန်းနိုင်


  • VIA