News

POST TYPE

INTERVIEW

လှိုင်သာယာမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်ရူပါစိုးနှင့် တွေ့ဆုံခြင်း
26-Apr-2018
“လေကြောင်းသင့်တဲ့ နေရာတွေကနေ အနီးစပ်ဆုံး စာသင်ကျောင်းတစ်ကျောင်းကို ပြောင်းဖို့ စီစဉ်ထားပါတယ်”

လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကြောင့် အနီးဝန်းကျင်နေသူများ အသက်ရှူကျပ်ရောဂါဖြင့် လှိုင်သာယာဆေးရုံနှင့် အင်းစိန်ဆေးရုံများတွင် တက်ရောက်ကုသလျက်ရှိသည်။ ထိုသို့ တက်ရောက်ကုသရာတွင် လှိုင်သာယာဆေးရုံသို့ တက်ရောက်ကုသနေသူများနှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော လှိုင်သာယာမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်ရူပါစိုးနှင့် The Voice က တွေ့ဆုံမေးမြန်းခဲ့သည်ကို ကောက်နုတ်ဖော်ပြပါသည်။

Voice : ထိန်ပင်အမှိုက်ပုံမီးလောင်တဲ့နေရာအနီး ၂၀ ရပ်ကွက်က ရင်ကျပ်ရောဂါနဲ့ နှလုံးကြီးတဲ့ ရောဂါအခံရှိတဲ့ အမျိုးသမီးတစ်ဦး ဧပြီ ၂၅ ရက် မနက်က မီးခိုးငွေ့တွေကြောင့် သေဆုံးသွားတယ်လို့ သတင်းတွေ ပျံ့နှံ့နေပါတယ်။ ဘာကြောင့်သေဆုံးသွားတာလဲ စစ်ဆေးပြီးပြီလားခင်ဗျ။
Dr.KYPW : သေဆုံးသွားတဲ့ အမျိုးသမီးက လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက နှလုံးကြီးတာရယ်၊ ရင်ကျပ်ရောဂါရယ်၊ ကျောက်ကပ် ပျက်စီးနေတာရယ် ရောဂါအခံရှိနေပါတယ်။ ဒီလထဲမှာ ကြည့်လိုက်တော့ ဧပြီ ၆ ရက်နေ့မှာ အပြင်ဆေးခန်းကို ပြတယ်။ အဲဒီက မသက်သာလို့ ၄ လ ပိုင်း ၁၃ ရက်နေ့မှာ အင်းစိန်ဆေးရုံကြီးကို တက်ပါတယ်။ ၂၂ ရက်နေ့မှာ အင်းစိန်ဆေးရုံကြီးက ဆင်းပါတယ်။ ၂၃ ရက်၊၂၄ ရက်နေ့မှာ လှိုင်သာယာရဲ့ ပြင်ပဆေးခန်းနဲ့ အိမ်မှာခေါ်ပြီး ကုပါတယ်။ အောက်ဆီဂျင်ဘူးက သူတို့အိမ်မှာ နဂိုကတည်းက ရှိတာပါ။ အပြင်က ငှားထားတာပါ။ သုံးနှစ်ရှိပြီဆိုတော့ ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း အမြဲတမ်းလေး ရှူနေပါတယ်။ မနေ့ညကလည်း အဲဒီလိုမျိုး ရှူပါတယ်။ ကျွန်မတို့ရဲ့ ဆေးပညာအရရော၊ သူရဲ့ ဆေးမှတ်တမ်းတွေအရရော စစ်ဆေးကြည့်လိုက်တော့ ကျောက်ကပ်ပျက်စီးတဲ့ ရောဂါနဲ့ သေဆုံးတာပါ။ မီးခိုးနံ့တွေနဲ့ မဆိုင်ပါဘူး။ ရောဂါနဲ့ပဲဆုံးတာပါ။ မီးခိုးနံ့တွေက ရှူမိလို့ သေတယ်ဆိုပြီး ဖေ့ဘွတ်ခ်ပေါ်မှာပြောတော့ လူတွေက ကြောက်နေကြတယ်။ တကယ်တော့ သူရောဂါကြောင့် သေဆုံးတာပါ။

Voice : ထိန်ပင်အမှိုက်ပုံ မီးလောင်မှုနဲ့ ပတ်သက်လို့ ဆရာမတို့အနေနဲ့ ဘယ်နေ့ကစပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေပါသလဲ။
Dr.KYPW : ဧပြီလ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီခွဲမှာ လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ ကျွန်မတို့ အစည်းအဝေးလုပ်ပါတယ်။ လုပ်ပြီးတာနဲ့ တစ်ပြိုင်နက် နှစ်နာရီခွဲလောက်ကနေ ညနေ ၆ နာရီအထိ ကျွန်မတို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေပြီးတော့ လေသွားတဲ့ လမ်းကြောင်းပေါ် မူတည်ပြီးတော့ အနီးဆုံးနေရာ ငါးနေရာမှာ စဖွင့်ပါတယ်။အဲဒီနေရာကျတော့ ကျွန်မတို့ရဲ့ လှိုင်သာယာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အောက်မှာရှိတဲ့ အမှိုက်ပုံနဲ့နီးတဲ့ ကျုံစု၊ ကံလှ၊ အလယ်ရွာ၊ ၁၈ ရပ်ကွက်၊ ၂၀ ရပ်ကွက်တွေမှာ လတ်တလော အသက်ရှူကျပ်မှုတွေ ဖြစ်လာရင် ကုသပေးလို့ရအောင် ကျန်းမာရေးဆေးပေးခန်းတွေ ဖွင့်ခဲ့ပါတယ်။ ကျွန်မတို့က ပရဟိတရယ် ကြက်ခြေနီရယ် ပေါင်းပြီးတော့ လူနာတင်ယာဉ်တွေ ထားပေးထားတယ်။ အောက်ဆီဂျင်ဘူးတွေ အလုံအလောက် လုပ်ပေးထားတယ်။ ကုသလို့ရတဲ့ဟာတွေကို ချက်ချင်းကုသပေးတယ်။ လုပ်ပေးလို့မရတဲ့ လူနာတွေကို လှိုင်သာယာဆေးရုံကို လွှဲပေးခဲ့ပါတယ်။

Voice : လာရောက်ပြသတဲ့ လူနာတွေထဲမှာ ဘယ်လိုမျိုး ရောဂါဝေဒနာ ခံစားရလို့ အများဆုံးလာရောက်ပြသလဲ။
Dr.KYPW : အသက်ရှူကျပ်လို့ လာရောက်ပြသတာ များပါတယ်။ သွေးတိုးရောဂါခံစားနေရတဲ့ လူနာတွေ၊ ခြေထောက်တွေ ရောင်လို့ ကိုက်လို့ လာရောက်ပြသကြတာ များပါတယ်။ လူတွေက ညဘက်ပိုင်းမှာတော့ အသက်ရှူကျပ်တာတွေ၊ ချောင်းဆိုးတာတွေ ဖြစ်ကြပါတယ်။ အချို့တွေကလည်း ကိုယ့်နီးစပ်ရာဆေးခန်းတွေမှာ ကုသမှုခံယူကြတယ်။ အရမ်းကြီးဆိုးတဲ့ သူတွေကပဲ ဆေးရုံရောက်လာကြပါတယ်။ တကယ်တမ်း ဆေးရုံတက်တဲ့ လူနာတွေမှာ ရောဂါအခံရှိလို့ အရမ်းထိခိုက်တဲ့သူတွေ လာပါတယ်။ နဂိုက အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ ရောဂါရှိထားတဲ့သူတွေက ပိုကျပ်ပါတယ်။ ရပ်ကျပ်ရောဂါရှိသူတွေ၊ ကိုယ်ဝန်ဆောင်သည်တွေ တစ်ယောက် နှစ်ယောက် ပါပါတယ်။ အသက်ကြီးတဲ့ ၉၄ နှစ်၊ ၇၆ နှစ်တို့ များပါတယ်။ အငယ်ဆုံးအနေနဲ့ကတော့ ၁၇ နှစ် တစ်ယောက်ပဲ ပါပါတယ်။

Voice : မီးခိုးငွေ့ ရှူရှိုက်မှုတွေခံရတဲ့အခါ ရောဂါမဖြစ်ပွားဖို့ ကာကွယ်နိုင်အောင် ပြည်သူတွေအနေနဲ့ ဘယ်လိုမျိုးဆောင်ရွက်သလဲ။
Dr.KYPW : ကျွန်မတို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတော့ Mask တွေတပ်ဖို့ရယ်၊ ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ မီးခိုးတွေ အများဆုံးထွက်တဲ့ နေရာတွေမှာ နေထိုင်တဲ့သူတွေအတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို လက်ကမ်းစာစောင်လေးတွေ ဝေနေပါပြီ။ ဟောပြောပွဲတွေလည်း လုပ်နေပါပြီ။

Voice : မီးခိုးငွေ့ကြောင့် ခံစားရတဲ့ လူနာတွေကို ရေရှည်ကုသဖို့အတွက်ရော ဘယ်လိုမျိုးဆောင်ရွက်ပေးဖို့ စီစဉ်ထားသလဲ။
Dr.KYPW : ကျွန်မတို့ တိုင်းဦးစီးမှူးရဲ့ လမ်းညွှန်ချက်နဲ့အညီ အသက်ကြီးတဲ့သူတွေ၊ အသက်တစ်နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်သည်တွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိတဲ့သူတွေ၊ ဆီးချိုရောဂါရှိတဲ့ သူတွေ၊ တီဘီရောဂါရှိတဲ့သူတွေကို လေကြောင်းသင့်တဲ့ နေရာတွေကနေ အနီးစပ်ဆုံး စာသင်ကျောင်းတစ်ကျောင်းကိုပြောင်းဖို့ စီစဉ်ထားပါတယ်။

Voice : နောက်ဆုံးအနေနဲ့ ထိန်ပင်အမှိုက်ပုံမီးလောင်ပြီး မီးခိုးငွေ့တွေ ပျံ့နှံ့တာနဲ့ပတ်သက်ပြီး ဆရာမအနေနဲ့ ဘာများပြောချင်လဲခင်ဗျ။
Dr.KYPW : ဒီနှစ်က အပူချိန်များတာလည်း ပါတယ်။ စလောင်ပြီးတော့အထဲကို လှိုက်လှိုက်ပြီးတော့ လောင်တဲ့အတွက် ဒီမီးခိုးငွေ့တွေ ထွက်လာတယ်။ အနီးပတ်ဝန်းကျင်က လူတွေကတော့ လေသင့်တဲ့နေရာ မနေဘဲနဲ့ နှာခေါင်းစည်းတပ်တာတို့ အနံ့တွေ မရအောင်နေသင့်ပါတယ်။ 

သက်သျှိုင်းသူ


  • VIA