News

POST TYPE

INTERVIEW

ပါမောက္ခ၊ ဌာနမှူး ဒေါက်တာဝင်းနိုင်နှင့်တွေ့ဆုံခြင်း
25-Apr-2018
လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုသာန်အနီး အမှိုက်ပုံမီးလောင်ရာမှ ထွက်ပေါ်လာသော မီးခိုးညှော်နံ့များ သည် လှိုင်သာယာမြို့နယ်နှင့် အနီးပတ်ဝန်းကျင် မြို့နယ်များကို သာမက ရန်ကုန်တစ်မြို့လုံးနီးပါးကို ဖုံးလွှမ်းခဲ့ပါသည်။ အဆိုပါ မီးခိုးညှော်နံ့များ ရှူရှိုက်ရာမှ လူတစ်ဦးသေဆုံးပြီး ၂၀ ခန့် ဆေးကုသမှု ခံယူနေရပါသည်။ မီးခိုးညှော်နံ့များကို ရှူရှိုက်မိသူများတွင် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို သိရှိနိုင်ရေးအတွက် ခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံကြီး၊ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆေးပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာဝင်းနိုင်နှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : လတ်တလော လူအချို့ ရှူရှိူက်နေရတဲ့ မီးခိုးငွေ့တွေနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦးဆရာ။
Dr. WN : သက်ရှိတွေ အားလုံးအတွက်ကတော့ အောက်ဆီဂျင်လိုတာပေါ့။ ရှူတဲ့လေထဲမှာ အဓိက အောက်ဆီဂျင်ပဲ လိုတာပေါ့။ အောက်ဆီဂျင်မဟုတ်ဘဲနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ပစ္စည်းတွေ ပါလာမယ်ဆိုရင် ကျန်းမာရေးမကောင်းစေနိုင်ဘူး။ မီးခိုးငွေ့ ရှူမိမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် မကောင်းတာ အသေအချာပဲ။ မီးခိုးငွေ့မှာလည်း အမျိုးမျိုးရှိတာပေါ့။ ဘာပစ္စည်းကိုလောင်ပြီးတော့ ဘယ်လို အဆိပ်ပါလဲ (Toxic Materials) ပါသလား။ ရိုးရိုး မီးခိုးငွေ့ပဲလား။ မီးခိုးငွေ့ပါတယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် ကောင်းတဲ့ပစ္စည်းတော့ မဟုတ်ဘူး။ ဆရာ့အနေနဲ့ အကြံပြုချင်တာက မီးခိုးငွေ့နဲ့ဝေးဝေး နေနိုင်လေ ကောင်းလေပေါ့။ 

Voice : ဘယ်လိုပစ္စည်းမျိုးပါတာကို အဆိပ်သင့်တယ်လို့ပြောတာပါလဲ။
Dr. WN : မီးခိုးငွေ့ကိုရှူရှိုက်မိပြီဆိုရင် ဘယ်လို မီးခိုးငွေ့မျိုးလဲပေါ့။ အိမ်မှာ Indoor လို့ခေါ်တဲ့ ချက်ပြုတ်စားသောက်တဲ့ မီးခိုးငွေ့လား။ ဒါမှမဟုတ် သစ်တောတွေ လောင်တဲ့မီးခိုးငွေ့မျိုးလား။ ဓာတုပစ္စည်းတွေ ပါတဲ့မီးခိုးငွေ့လား ဆိုတဲ့အချက်တွေပေါ် မူတည်တာပေါ့။ ရိုးရိုးမီးခိုးငွေ့ဆိုရင်တော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါမယ်။ ကာဗွန်မိုနောက်ဆိုဒ်ပါမယ် စသဖြင့်ပေါ့။ သာမန် ဓာတ်ပစ္စည်းတွေ မပါဘူးဆိုရင်တော့ နည်းနည်းသက်သာတာပေါ့။

Voice : ဒီမီးခိုးငွေ့တွေကြောင့် ဖြစ်လာနိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေက ဘာတွေဖြစ်နိုင်မလဲဆရာ။
Dr. WN : အောက်ဆီဂျင်မဟုတ်ဘဲ တခြားဓာတ်ငွေ့တွေပါလာရင် အသက်ရှူလမ်းကြောင်းကို လာပြီး ဒုက္ခပေးတယ်။ အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းမှုတွေဖြစ်စေတယ်။ လိုချင်တဲ့ အောက်ဆီဂျင်ကို မရအောင် တားဆီးပေးတယ်။ ဥပမာ - ကာဗွန်မိုနောက်ဆိုဒ်က ရှူလိုက်တဲ့လေထဲမှာ ပါလာတယ်ဆိုရင် အောက်ဆီဂျင်က နည်းသွားပြီ။ သွေးထဲကိုရောက်သွားတဲ့အခါမှာ အောက်ဆီဂျင်ကို ခန္ဓာကိုယ်ရဲ့ တစ်သျှူးဆီ ရောက်သွားအောင် ပို့တဲ့အခါမှာ သူက တားထားတယ်။ ခန္ဓာကိုယ်က အောက်ဆီဂျင်ငတ်တဲ့ ပြဿနာလည်းဖြစ်တယ်။ မီးခိုးငွေ့ကြောင့် အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းမှုတွေ ဖြစ်ပေါ်စေတယ်။ ခန္ဓာကိုယ်က အောက်ဆီဂျင်ရယူမှုကိုနည်းစေပြီး အနှောင့်အယှက် ဖြစ်စေတယ်။

Voice : ဒါက လတ်တလောအနေနဲ့ပေါ့နော်။ မီးခိုးငွေ့ကို ရက်ရှည်ခံစားရမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ ဘယ်လိုဖြစ်စေနိုင်ပါသလဲ။
Dr. WN : ကြာရှည်ရင်တော့ ပိုဆိုးတာပေါ့။ နာရီပိုင်းလောက်လား။ ရက်ပိုင်းလားပေါ့။ သူ့ရဲ့ပါဝင်တဲ့ ပမာဏ နည်းလား၊ များလားအပေါ်မှာ မူတည်တယ်။ သာမန် ခဏတစ်ဖြုတ်ဆိုရင်တော့ အန္တရာယ် မရှိပါဘူး။ ကြာလေလေ ပိုဆိုးလေပဲ။ ဒီတော့ လူကောင်းတွေအတွက်ဆိုရင်တော့ ခဏတစ်ဖြုတ်ဆို မသိသာဘူး။ ရောဂါအခံရှိနေတဲ့သူတွေဆိုရင် အဆုတ်နဲ့ပတ်သက်တဲ့ ရင်ကျပ်ပန်းနာ၊ အဆုတ်ပွပန်းနာရှိတဲ့ ရောဂါသည်တွေဆိုရင်တော့ ရောဂါငြိမ်နေရင်တောင်မှ ဒီအငွေ့ကိုရှူရင် ရောဂါကြွလာနိုင်တယ်။ ရောဂါမရှိတဲ့သူတွေမှာလည်း ရင်ကျပ်တယ်ဆိုတာ ပေါ်လာနိုင်တယ်။

Voice : ဟုတ်ကဲ့။ အဆိပ်သင့်စေတဲ့ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်က ဘယ်လိုမျိုးလဲဆိုတာကို ရှင်းပြပေးပါဦး။
Dr. WN : ဒီလိုမီးလောင်တဲ့အခါမှာ လောင်စာက လွတ်လွတ်လပ်လပ် အောက်ဆီဂျင်နဲ့ အကုန်လောင်ထွက်သွားတယ်ဆိုရင် လိုသလောက် အောက်ဆီဂျင်ယူပြီး လောင်စာကုန်အောင် လောင်ထွက်သွားမယ် ဆိုရင်တော့ ကာဗွန်မိုနောက်ဆိုဒ်ဆိုတာက သိပ်ပြဿနာ မရှိပါဘူး။ အဲ့လိုမဟုတ်ဘဲ လိုသလောက်အောက် ဆီဂျင်ကိုလည်းမရဘဲ တအုံ့နွေးနွေးနဲ့ လောင်နေတာ၊ လှိုက်ပြီးလောင်နေတာမျိုးဆိုရင် ကာဗွန်မိုနောက်ဆိုဒ်ဓာတ်တွေက များလာနိုင်တယ်။ နောက်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ကာဗွန်မိုနောက်ဆိုဒ်တွေကို သတ်သတ် ကာကွယ်တဲ့ Mask မရှိဘူး။

Voice : အဲ့ဒီမီးခိုးငွေ့တွေအနားမှာ တာဝန်ကျနေတဲ့ မီးသတ်သမားတွေအနေနဲ့ ကျန်းမာရေးအရ ဘာတွေ သတိထားဖို့လိုအပ်ပါသလဲ ဆရာ။
Dr. WN : မီးသတ်သမားတွေအနေနဲ့က လေညာမှာနေမလား၊ လေအောက်မှာ နေမလားပေါ့။ လေအောက်မှာ နေရင်တော့ ကိုယ်ပါလောင်မှာလေ။ အဲဒီအခါကျတော့ မီးခိုးငွေ့က ရှူတော့ ရှူရမှာပဲ။ သူတို့လည်းသူတို့ အတတ်ပညာပိုင်းဆိုင်ရာအရ ရှောင်ရှားကြမှာပေါ့။ သိပ်ဆိုးတဲ့နေရာတွေမှာတော့ ဓာတ်ငွေ့ကာတဲ့အဝတ်နဲ့ မီးသတ်ရတာတွေလည်း ရှိတယ်။ အပူဒဏ်ခံနိုင်ဖို့လည်း လိုသေးတာပေါ့။ အပူငွေ့ကလည်း ရှူလိုက်တဲ့လေထဲမှာ ပါလာမှာပဲ။ ပါတဲ့အခါမှာ အသက်ရှူလမ်းကြောင်းကို ထိခိုက်နိုင်တယ်။

Voice : ဆရာ့အနေနဲ့ ဖြည့်စွက် သတင်းစကားလေး ပြောပေးပါဦး။
Dr. WN : မီးခိုးငွေ့ကြောင့် အသက်ရှူကျပ်လာတယ်ဆိုရင် လူကောင်းပဲဖြစ်ဖြစ်၊ ရောဂါအခံရှိနေသူပဲဖြစ်ဖြစ် ရင်ကျပ်တဲ့လက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုးတာ၊ ချွဲသလိပ်ထွက်လာတာတွေရှိတယ်။ အဲ့ဒီလို လူနာတွေကို ဆရာတို့တွေအနေနဲ့ ရင်ကျပ်ရင် ရင်ကျပ် သက်သာတဲ့ဆေးပေးရမယ်။ အောက်ဆီဂျင်လျော့နေတဲ့သူကို အောက်ဆီဂျင် ပေးရမယ်။ ဒါမျိုးတွေ လုပ်ပေးရမယ်။

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

သီတာဆွေ