News

POST TYPE

INTERVIEW

စိုးမြတ်သူဇာနဲ့ တွေ့ဆုံခြင်း
25-Apr-2018


“မကြီးရဲ့ ပျော်ရွှင်မှုတွေအားလုံးက မကြီးပေါ်မှာ မူတည်တယ်။ မကြီးရဲ့ အကောင်း၊ အဆိုးတွေအားလုံးက မကြီးပေါ်မှာပဲ မူတည်တယ်”

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေဆဲဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် စိုးမြတ်သူဇာနဲ့ တွေ့ဆုံပြီး ဧပြီလ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “ရှယ်ချွေးမ” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ အကြိုက်ဆုံးဇာတ်ဝင်ခန်းတွေအကြောင်း သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : မကြီးစိုးနဲ့ မထက်က သူငယ်ချင်းတွေဆိုပေမယ့် ကားရိုက်တွေမှာတော့ သိပ်မဆုံကြဘူးနော်။ 
SMTZ : မကြီးနဲ့ ထက်ထက်က ဇာတ်ကားတွေ အတူတူတွဲရိုက်ရတာမျိုး အင်မတန် နည်းပါတယ်။ အများကြီးလည်း တွဲမရိုက်ဖူးဘူး။ လေးငါးကား လောက်ပဲ ရိုက်ဖူးတယ်ထင်တယ်။ အသက်ကြီးမှတော့ “ရှယ်ချွေးမ” ရုပ်ရှင် တစ်ကားပဲ တွဲရိုက်ဖူးတယ်။ ထက်ထက် အနုပညာအလုပ်တွေ သေချာ ပြန်လုပ်မယ်ဆိုတော့လည်း ကောင်းပါတယ်။ မကြီးတို့လို အသက်ကြီးကြီး မင်းသမီးတွေက သိပ်မရှိတော့ သူ အလုပ် ပြန်လုပ်တာကို ကြိုဆိုပါတယ်။

Voice : “ရှယ်ချွေးမ” ဇာတ်လမ်းကလည်း နှစ်ယောက်လုံးနဲ့ လိုက်ဖက်မှုရှိနေတယ်နော်။ 
SMTZ : ဒီဇာတ်လမ်းရဲ့အစက မကေ (မြတ်ကေသီအောင်) နဲ့လည်း ဆိုင်တယ်။ ဒီဇာတ်က မကေလက်ထဲမှာ ရှိနေတာပါ။ မကြီးတို့က မကေလက်ထဲကနေ ပြန်ဝယ်ပြီး ရိုက်ကြတာပါ။ ဒီကားကို ရိုက်မယ်လို့စပြီး စီစဉ်ကတည်းက မကြီးကထက်ထက်နဲ့ပဲ ရိုက်ချင်တယ်။ ဇာတ်လမ်းထဲမှာ လှိုင်သစ္စာ ဇာတ်ကောင်နေရာက ထက်ထက်နဲ့ အရမ်းလိုက်တယ်။ စကားပြောရင် အိညှောင့်အိညှောင့်နဲ့ဆိုတော့ သူနဲ့က ကွက်တိပဲ။ ဒီကားကို ရိုက်မယ်လို့ စပြီးစဉ်းစားကတည်းက မကြီးက ထက်ထက်နဲ့ပဲ ရိုက်ချင်တာပါ။ အဲ့ဒါကြောင့်မို့လည်း စောင့်ရတာကြာသွားတာ ပေါ့နော်။

Voice : ဒီကားမှာ ကိုယ့်ရဲ့သရုပ်ဆောင်မှုအပိုင်းနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လောက်အထိ အားရကျေနပ်မှုရှိလဲ။
SMTZ : ဒီကားမှာ မကြီးရဲ့ ကာရိုက်တာကတော့ မကြီးနဲ့တော့ ကွက်တိလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သားတစ်ယောက်အမေ၊ လင်ပါသွားမှာစိုးလို့ လင်ကို မျက်စိဒေါက်ထောက် ကြည့်နေတဲ့ပုံစံမျိုးဆိုတော့လေ။ လင်ကိုပဲ မျက်စိဒေါက်ထောက် ကြည့်နေတယ်။ ငါ့လင် ပါသွားမယ်၊ ငါ့လင် ပါသွားမယ်ဆိုပြီး စိုးရိမ်နေတော့ သူ့သားပါသွားတာကို မသိလိုက်ဘူး။ အဲ့ဒါမျိုးက အပြင်မှာလည်း ဖြစ်လေ့ ဖြစ်ထရှိတယ်လေ။ မကြီးတို့အမေဆိုလည်း အဲ့လိုပဲ။ အဖေ့ကို မျက်စိအောက်က အပျောက်မခံဘူး။

Voice : သူငယ်ချင်းနှစ်ယောက်က ကားရိုက်တွေမဆုံတာလည်း ကြာပြီဆိုတော့ ရိုက်ကွင်းပေါ်မှာရော ဘယ်လိုအမှတ်တရတွေ ရှိခဲ့လဲ။
SMTZ : မကြီးနဲ့ ထက်ထက်နဲ့က ချစ်ပြီးသားပါ။ အမှတ်တရတွေ ပြောမယ်ဆိုရင်လည်း ပြောလို့ကုန်မှာမဟုတ်ဘူး။ အဓိကကတော့ မကြီးတို့အလုပ်လုပ်တဲ့အချိန်မှာ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်လို့ရရင် တော်ပြီလေ။ တစ်ခါတလေ မကြီးတို့ အလုပ်လုပ်တဲ့အချိန်မှာ စိတ်တူ၊ ကိုယ်တူ မဖြစ်တဲ့သူတွေနဲ့ အလုပ်လုပ်ရရင် ခက်ခဲကြတယ်။ မကြီးတို့၊ ထက်ထက်တို့ကတော့ စိတ်တူကိုယ်တူဖြစ်တဲ့အတွက် ရိုက်ရတာ အဆင်ပြေတယ်လေ။ 

Voice : ဒီဇာတ်ကားမှာ မကြီးအကြိုက်ဆုံး ဇာတ်ဝင်ခန်းတွေဆိုရင်ရော ဘယ်အခန်းတွေဖြစ်မလဲ။
SMTZ : ဒီကားမှာ မကြီးက တရားရုံးမှာ အောင်ရဲလင်းနဲ့ ထက်ထက် လက်မှတ်သွားထိုးကြတဲ့ အခန်းကို ကြိုက်တယ်။ မိဘတွေဖြစ်တဲ့ ကိုရန်လေးနဲ့ မကြီးလည်း ပါသွားတာပေါ့လေ။ တရားရုံးရောက်တော့ ကိုရန်လေးနဲ့ ထက်ထက်က အရင် ရှေ့ကဝင်သွားတယ်။ တရားသူကြီးက ကိုရန်လေးကို ထက်ထက် အမျိုးသားထင်ပြီး လက်မှတ်ထိုးတဲ့နေရာမှာ ဝင်ထိုင်ခိုင်းတယ်။ အဲ့ဒီမှာ အလွဲတွေ ဖြစ်တာပေါ့နော်။ အဲ့ဒီအခန်းကိုကြည့်ပြီး မကြီး ရယ်တာ၊ ရယ်တာဆိုတာလေ။ အရမ်းသဘောကျတယ်။

Voice : မကြီးက အနုပညာလောကမှာ ရင်းရင်းနှီးနှီးပေါင်းတဲ့ သူငယ်ချင်းတွေအပေါ်ဆို နားလည်ပေးတယ်၊ အားပေးတတ်တယ်လို့လည်း ပြောကြတယ်။ မကြီးနဲ့ သူငယ်ချင်းတွေကြားက ဆက်ဆံရေးက ဘယ်လိုရှိလဲ။
SMTZ : အဲ့ဒါကတော့ မကေအပေါ်မှာဆိုလည်း မကေစိတ်ညစ်နေမှာပဲလို့ မကြီးတွေးတယ်။ ထက်ထက်လည်း စိတ်ညစ်နေမှာပဲလို့ မကြီး တွေးတယ်။ ဒါပေမဲ့ မကြီးတို့တွေ့ရင် နင်ဘာတွေ စိတ်ညစ်နေလဲလို့ မကြီးတို့ မပြောကြဘူး။ မကြီး စိတ်ညစ်နေတာကိုလည်း သူတို့ သိကောင်းသိမယ်။ ဒါပေမဲ့ နင်စိတ်ညစ်နေလားလို့ သူတို့မမေးကြဘူး။ မကြီးတို့တွေ့ရင် စိတ်ညစ်စရာတွေကို မေ့ထားကြတယ်။ စိတ်ညစ်စရာတွေကို ပြောမှမပြောချင်ကြတာ။ မကြီးတို့တွေ့ရင် ပေါက်ကရတွေပြောမယ်၊ ရယ်စရာတွေ ပြောကြမယ်။ ဒီလောက်ပါပဲ။

Voice : ကိုယ့်ဘဝမှာ ကိုယ့်ကို ခွန်အားပေးနိုင်တဲ့အရာတွေဆိုရင် ဘာတွေဖြစ်မလဲ။
SMTZ : မကြီးဘဝမှာ မကြီးကို ခွန်အားပေးနိုင်တဲ့သူက ဘယ်သူမှ မဟုတ်ဘူး။ မကြီးကိုယ်တိုင်ပဲ။ မကြီးရဲ့ ပျော်ရွှင်မှုတွေအားလုံးက မကြီးပေါ်မှာ မူတည်တယ်။ မကြီးရဲ့ အကောင်း၊ အဆိုးတွေအားလုံးက မကြီးပေါ်မှာပဲ မူတည်တယ်။ လောကကြီးမှာ မကြီး အကြောက်ဆုံးကလည်း မကြီးပဲ။ မကြီးကို ဘယ်သူမှလည်း ခွန်အားမပေးနိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အားပေးတယ်။ မကြီး ဘယ်သူမှလည်း အားမကိုးဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးတယ်။ အဓိကကတော့ ကိုယ်ပါပဲ။ တစ်စုံတစ်ခုဖြစ်တိုင်း ကောင်းတာဖြစ်လည်း ငါကောင်းလို့၊ ဆိုးတာဖြစ်လည်း ငါညံ့လို့လို့ပဲ သတ်မှတ်တယ်။ ဘယ်သူ့ကိုမှလည်း အပြစ်တင်စရာအကြောင်းမရှိဘူး။ ကိုယ်ခံစားရတဲ့ ကောင်းတာ၊ ဆိုးတာ၊ ညံ့တာ၊ စိတ်ညစ်တာတွေက ဘယ်သူကမှ လုပ်နေတာမှဟုတ်တာ။ မကြီးလုပ်လို့ မကြီးဖြစ်တာပေါ့။ 

သန့်ဇင်ဦး