News

POST TYPE

INTERVIEW

ပါမောက္ခ မောင်မောင်ခိုင်နှင့် တွေ့ဆုံခြင်း
25-Apr-2018
နာတာရှည် နားပြည်ယိုရောဂါ



“နားထဲရေဝင်တာမျိုး၊ ထိခိုက်ဒဏ်ရာတွေရရင် နားပြည်ယိုတာတွေ ဖြစ်တတ်တယ်။ ဗက်တီးရီးယား ပိုးဝင်ရင်လည်း ဖြစ်တတ်တယ်”

နားသည် နုနယ်သည့် ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုတွင်ပါဝင်ပြီး သေးငယ်သည့် မတော်တဆ ထိခိုက်မှုများမှတစ်ဆင့် နားလေးသွားနိုင်သည့် အခြေအနေအထိ ဖြစ်စေနိုင်သဖြင့် နားနှင့်ပတ်သက်သည့် ရောဂါများမှ နာတာရှည်ဖြစ်ပွားနိုင်သော နာတာရှည် နားပြည်ယိုရောဂါအကြောင်းကို နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး ပါမောက္ခ မောင်မောင်ခိုင်နှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : နာတာရှည် နားပြည်ယိုတယ်ဆိုတာကို ရှင်းပြပေးပါဦး ဆရာ။
Dr.MMK : ဒါက အလယ်နားမှာ ပြည်တည်နာဖြစ်တာ။ ဒီလို ပြည်တည်နာဖြစ်တဲ့သူတွေက ပိုးသတ်ဆေးသောက်ရင် ပျောက်သွားမယ်။ ပြီးတဲ့အခါမှာ နှာစေး၊ ချောင်းဆိုးဖြစ်ရင်ပဲဖြစ်ဖြစ်၊ ခေါင်းလျှော်ရေချိုးလို့ ရေဝင်ရင်ပဲဖြစ်ဖြစ် ပြည်ပြန်ယိုတတ်တယ်။ နာတာရှည်ဆိုတာက နာတာတာရှည်တာပေါ့။ ကောင်းလိုက်၊ ပြန်ဖြစ်လိုက်နဲ့ပေါ့။

Voice : ဒီရောဂါက ဘယ်လိုအကြောင်းတွေကြောင့် ဖြစ်စေနိုင်တာပါလဲ။ ကြိုတင်ကာကွယ်လို့ရနိုင်တဲ့ ရောဂါမျိုးလား ဆရာ။
Dr.MMK : မဖြစ်ခင်ကတော့ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပေါ့။ ဘယ်လိုဟာတွေက နာတာရှည် နားပြည်ယိုတာကို ဖြစ်စေသလဲဆိုတော့ သြင်္ကန်တွင်းက ရေပက်၊ ရေကစားကြလို့ နားထဲရေဝင်တာမျိုး၊ ထိခိုက်ဒဏ်ရာတွေရရင် နားပြည်ယိုတာတွေ ဖြစ်တတ်တယ်။ ဗက်တီးရီးယားပိုးဝင်ရင်လည်း ဖြစ်တတ်တယ်။ တချို့ကတော့ မွေးရာပါဖြစ်တာရှိပေမယ့် နည်းပါတယ်။ အဲဒါတွေကျတော့ ဘာမှလုပ်လို့မရဘူး။ မွေးရာပါပါလာတာ။ တခြားဖြစ်တဲ့အကြောင်းတွေကိုတော့ မဖြစ်အောင် ကာကွယ်လို့ရတယ်။ ရေချိုးခေါင်းလျှော်တဲ့အချိန်မှာ နားထဲရေမဝင်အောင် ခေါင်းကို Plastics Capလေး တွေ အုပ်ထားလို့ရတယ်။ နားထဲကို Ear Plug တွေ စို့ထားလို့ရတယ်။ ဗက်တီးရီးယားကြောင့်ဆိုရင်လည်း နားထဲတိုက်ရိုက်ဝင်တာရှိသလို အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကတစ်ဆင့် ဝင်တာရှိတယ်။ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းက ဝင်တာကျတော့ နှာစေး၊ ချောင်းဆိုးရောဂါဖြစ်ပြီးရင် နားနဲ့နှာခေါင်းကိုဆက်တဲ့ ပြွန်လေးတွေကနေ Infection တက်တယ်။ တိုက်ရိုက်နားထဲကို ပိုးမဝင်အောင် ကာကွယ်ရမယ်။ ထိခိုက်ဒဏ်ရာကကျတော့ ဆိုက်ကယ်မတော်တဆဖြစ်တာ၊ ကားမတော်တဆဖြစ်တာတွေရယ်အပြင် လက်နဲ့ရိုက်မိတာကြောင့် နားစည်ကွဲပြီးဖြစ်တယ်။ နောက်တစ်ခုက နားထဲကိုတုတ်တွေ၊ နားဖာကလော်တွေနဲ့ထိုးတာ၊ ငှက်မွေး၊ သွားကြားထိုးတံတွေနဲ့ ထိုးတာတွေကလည်း ထိခိုက်ဒဏ်ရာ Injuries ပဲ။ မွေးရာပါကျတော့ နားပြည်ယိုတာ၊ ဦးနှောက်ထဲကို ပြည်ယိုတတ်တယ်။ သူတို့ကတော့ ခွဲစိတ်ကုသရတယ်။

Voice : နာတာရှည်ဖြစ်လာပြီဆိုရင် ဘယ်လိုကုသမှုမျိုးတွေကို ခံယူသင့်ပါသလဲ။
Dr.MMK : တတ်ကျွမ်းတဲ့ဆေးရုံမှာ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ပြသတာ အကောင်းဆုံးပဲ။ ဆေးမြီးတိုတွေနဲ့ မိမိသဘောနဲ့ မိမိမကုနဲ့။ အဲဒီလိုကုရင် ဘာဖြစ်သလဲဆိုတော့ နားလေးသွားလိမ့်မယ်။ နောက်ဆက်တွဲ ပြဿနာတွေပေါ်လာပြီး ခံရလိမ့်မယ်။ ကိုယ့်သဘောနဲ့ကိုယ် တွေ့ကရာ အုန်းဆီ၊ ဖားဆီတွေတဲ့ သစ်ရွက်တွေညှစ်ပြီးထည့်တာတွေ လုပ်တတ်ကြတယ်။ အဲဒီလိုဆို ပိုဆိုးသွားနိုင်တယ်။ စနစ်တကျကုသရင်တော့ ပျောက်ကင်းတဲ့ရောဂါပါ။ တတ်ကျွမ်းတဲ့သူတွေနဲ့ ပြသတာတော့ အကောင်းဆုံးပါပဲ။ ဆေးမြီးတိုတွေနဲ့ ကိုယ့်ဘာသာမကုဖို့ပဲ။ အဲဒီလိုလုပ်မယ်ဆိုရင် နားလေးသွားလိမ့်မယ်။

Voice : ဟုတ်ကဲ့။ ဆရာတို့ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ပညာဌာနအနေနဲ့ လာရောက်ပြသတဲ့ လူနာတွေကို ဘယ်လိုကုသမှုတွေ လုပ်ဆောင်ပေးနေ ပါသလဲ။
Dr.MMK : ဆရာတို့ ဆေးရုံက ခုတင် ၁၅၀ ဆံ့ ဆေးရုံဖြစ်တယ်။ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံဖြစ်တော့ ဒါနဲ့ဆိုင်တဲ့လူနာတွေ လာတာပေါ့။ အခုလို စာမေးပွဲပြီးကာလတွေမှာဆိုရင်တော့ ကလေးတွေလာပြတာ ပိုများပါတယ်။ အာသီးရောင်တာ၊ လည်ပင်းနာတာ၊ နှာခေါင်းနှာရည်ယိုတာ၊ နားပြည်ယိုတာ စသဖြင့် လာပြကြပါတယ်။ လူနာဦးရေကဆိုရင် တစ်နေ့ ကို ၃၀၀ ကနေ ၄၀၀ ကြားရှိနေပါတယ်။ ပြင်ပလူနာဌာနကတော့ မနက် ၈ နာရီကနေ နေ့ခင်း ၁၂ နာရီအထိ ကြည့်ပေးနေပါတယ်။ ပြင်ပလူနာဌာနက အစိုးရရုံးပိတ်တွေဆို ပိတ်ပါတယ်။ ပိတ်ရက်မှာတော့ အရေးပေါ်ဌာနရှိပါတယ်။ ၂၄ နာရီ လူနာမကုန်မချင်း ဆရာတို့ ကြည့်ပေးနေပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ