News

POST TYPE

INTERVIEW

မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယက ဒေါ်လှလှအောင်နှင့် တွေ့ဆုံခြင်း
25-Apr-2018
“မြန်မာတစ်နိုင်ငံလုံးအနေနဲ့ကတော့ ငလျင်က နေရာတိုင်းမှာ လှုပ်လှုပ်လှုပ်လှုပ်နဲ့ဆိုတော့ သတိတော့ထားဖို့ လိုပါတယ်”

ပြီးခဲ့သည့်ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်အစောပိုင်းက ဖြူးမြို့၏ အနောက် - အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာ၊ ပဲခူးရိုးမအတွင်းဗဟိုပြု၍ အင်အားရစ်ခ်စတာစကေး ၆ ဒသမ ဝ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဖြူးမြို့အနီးဝန်းကျင်နှင့် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် အင်အားအသင့်အတင့်ရှိ မြေငလျင်များမှာ နေ့စဉ်နီးပါး ဆက်တိုက်လှုပ်ခတ်လျက်ရှိသည်။ ယင်းသို့ အင်အားပြင်းမြေငလျင်များ လှုပ်ခတ်နေမှုအခြေအနေနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မြေငလျင်ကော်မတီနာယက ဒေါ်လှလှအောင်နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဖြူးမှာလှုပ်ခဲ့တဲ့ ငလျင်အပြီးကစပြီး မြန်မာနိုင်ငံက မြို့တော်တော်များများမှာ ငလျင်တွေ အရမ်းလှုပ်လာတယ်ဆိုတော့ ဒါက စစ်ကိုင်းပြတ်ရွေ့နဲ့ ဆက်စပ်နေပါသလား။ 
DHHA : စစ်ကိုင်းပြတ်ရွေ့နဲ့ မပတ်သက်ဘူး။ မဆိုင်ဘူး။ ဖြူးဆိုတာက သူတို့က နာမည်တပ်တာလေ ဖြူးမှ အနောက် - အနောက်တောင်ဘက် အဲဒီလိုမျိုး အသုံး အနှုန်းနဲ့ခေါ်ပြီးတော့သာ အဲဒီလိုထည့်တာ ဖြူးမှာလှုပ်တာ မဟုတ်ဘူး။ သူလှုပ်တဲ့နေရာက တကယ်တော့ ပဲခူး ရိုးမထဲမှာ။ ပဲခူးရိုးမထဲမှာဆိုတော့ ပြောရတာခက်တော့ အလွယ်တကူသိနိုင်တဲ့ ဖြူးမြို့ကို သုံးလိုက်တာပါ။ ပဲခူးရိုးမထဲမှာလှုပ်တာ။ ပြတ်ရွေ့ကတော့ ပြောင်းပြန်ပြတ်ရွေ့ပဲ။ ဘေးတိုက်မဟုတ်ဘူး။ အထက်အောက်၊ အထက်အောက်မှာမှ ဟိုဘက်ဒီဘက် နှစ်ခုရှိတယ်ဆိုလို့ရှိရင် အခုဟာက ဘယ်ဘက်ပဲဖြစ်စေ၊ ညာဘက်ပဲ ဖြစ်စေ သူက အပေါ်ကို တွန်းတင်လိုက်တယ်။ တစ်ဖက်က တွန်းတင်ပြီး တစ်ဖက်က ပြုတ်ကျသွားတယ်။ သူက စစ်ကိုင်းပြတ်ရွေ့နဲ့မဆိုင်ဘူး။ ပဲခူးရိုးမထဲမှာပြတ်ရွေ့တွေက အများကြီးပဲ။ အဲဒီထဲက တစ်ခုကနေ လှုပ်လိုက်တာပါ။ 

Voice : ဒီပဲခူးရိုးမငလျင်အပြီးမှာ ငလျင်တွေ နေ့စဉ်လိုလို ခဏခဏလှုပ်လာတာကရော ဘာကြောင့်ပါလဲ။
DHHA : နေ့တိုင်းလိုပဲလှုပ်နေတယ်။ အဲဒီလို တစ်နေ့တစ်ခါလောက်လှုပ်နေတာ အဲဒါကတော့ ပြတ်ရွေ့ရဲ့ သဘောတရားကိုက အရမ်း Active ဖြစ်နေတဲ့ အနေအထားမှာ ရှိနေတယ်။ လှုပ်လှုပ်ရှားရှားရှိတယ်ပေါ့။ ငြိမ်ငြိမ်မနေဘူး ဖြစ်နေတယ်။ အင်မတန်ကို Active ဖြစ်နေတဲ့အတွက် ထပ်ထပ်လှုပ်သွားတဲ့သဘောပေါ့။ စိုးရိမ်စရာအနေနဲ့က သူလှုပ်တဲ့နေရာက ပဲခူးရိုးမဆိုတာက အကျယ်ကြီး ဖြစ်နေတယ်။ တောင်တန်းကြီးက အကြီးကြီးဖြစ်နေတယ်။ လှုပ်တဲ့နေရာက လူသူနေထိုင်တာ မရှိဘူးဆိုတော့ အထိအခိုက် အပျက်အစီးကတော့ မရှိဘူးပေါ့နော်။ နည်းနည်းလေး လှုပ်တာကိုပဲ ခံစားကြရတာပေါ့။ ဒီလောက်ပဲရှိပါတယ်။ သူ ဒီလို လှုပ်နေတဲ့အတွက်တော့ စိုးရိမ်စရာမရှိပါဘူး။ 

Voice : အခုလိုမျိုး ငလျင်တွေ ခဏခဏလှုပ်လာတာက ငလျင်ကြီးလှုပ်လာနိုင်မယ့် ရှေ့ပြေးလက္ခဏာ လို့ ယူဆလို့ရမလား။ 
DHHA : အဲဒီလိုကတော့ အခု ဒီပဲခူးရိုးမငလျင်ပြီးတော့ နောက်ပိုင်းလှုပ်နေတဲ့ ဒီနေပြည်တော်မှာလည်း လှုပ်တယ်။ ရန်ကုန်မှာလည်း လှုပ်တယ်ဆိုတာက ရိုးမမှာဖြစ်သွားတဲ့ငလျင်ကြီးရဲ့ နောက်ဆက်တွဲတွေပေါ့။ နောက်ဆက်တွဲငလျင်တွေက အကုန်လုံးကို သက်ရောက်မှုရှိနေတော့ ခဏခဏလှုပ်နေတာပေါ့။ သူက တောင် တန်းက ရှည်လည်းရှည်တယ်။ အကျယ်ကြီးလည်းဖြစ်တယ်ဆိုတော့ အဲဒီတောင်တွေပေါ်မှာ သွားပြီးလှုပ်လိုက်တယ်ဆိုတော့ သူနဲ့ဆက်စပ်နေတဲ့ တောင်မြောက်အကုန်လုံးကို သက်ရောက်နေတာပေါ့။ အဲဒါကြောင့် ငလျင်တွေက လှုပ်နေတာပေါ့။ ဆိုတော့ ဟိုတစ်လောက ပင်လယ်ဝမှာ လှုပ်သွားတဲ့ငလျင်က ဒေးဒရဲပြတ်ရွေ့ကနေလှုပ်တာ။ အဲဒါမျိုးပေါ့။ ဘယ်လိုပြောမလဲဆိုတော့ တစ်ခုနဲ့တစ်ခုက အကုန်လုံးက ဆက်စပ်ပြီးနေတော့ တည်ငြိမ်မှုမရှိဘူးပေါ့နော်။ ဒါကြောင့် ငလျင်တွေက ဒီတစ်လောအတွင်းမှာ ဇန်နဝါရီလကစပြီးတော့ များလာတယ်။ အဲဒီလိုမျိုး ငလျင်လှုပ်တာလေးတွေ များလာလို့လည်း ငလျင်ကြီးလှုပ်မယ်လို့ အသေအချာပြောလို့မရပါဘူး။ ငလျင်ရဲ့သဘောသဘာဝက အင်မတန်နက်နဲတော့ သူ့ကို ဒီနေ့အထိ ခန့်မှန်းလို့လုံးဝမရပါဘူး။

Voice : စစ်ကိုင်းပြတ်ရွေ့ကရော ဘယ်လောက်အထိ စိုးရိမ်စရာကောင်းနေပါပြီလဲ။ 
DHHA : စစ်ကိုင်းပြတ်ရွေ့ကတော့ သူကလည်း တော်တော်လေးကို Active ဖြစ်တယ်။ အဲဒီစကားလေးကတော့ အမြဲသုံးနေရမှာပဲ။ ဘာလို့ဆိုတော့ ဒီ စစ်ကိုင်းပြတ်ရွေ့က အရှည်ကီလိုမီတာတစ်ထောင်လောက်ရှိတယ်။ ဟိုးမြန်မာပြည်မြောက်ဖျားကနေ အောက်ဘက် မုတ္တမပင်လယ်ထဲအထိ အရှည်ကြီးဆိုတော့ သူကလည်း ဟိုနားကလှုပ်၊ ဒီနားကလှုပ်ဆိုတော့ သူလှုပ်တာကိုသာ လိုက်ပြီးကြည့်နေမယ်ဆိုရင် အများကြီးပဲ။ နေ့တိုင်းလိုလိုလည်း လှုပ်နေတာပဲ။ မြန်မာနိုင်ငံမှာရှိတဲ့ ပြတ်ရွေ့တွေက စစ်ကိုင်းပြတ်ရွေ့ရှိမယ်။ ကဘော်ပြတ်ရွေ့ရှိမယ်။ နောက်အလယ်မှာလည်း ပြတ်ရွေ့တွေရှိတယ်။ ရှမ်းပြည်မှာလည်းရှိတယ်။ အကုန်လုံးက ငလျင်လည်း လှုပ်ဖူးတယ်။ ငလျင်လည်းလှုပ်နေသေးတယ်ဆိုတဲ့ ပြတ်ရွေ့တွေကြီးပဲ။ မြန်မာတစ်နိုင်ငံလုံးအနေနဲ့ကတော့ နေရာတိုင်းမှာ ငလျင်က လှုပ်လှုပ်လှုပ်လှုပ်နဲ့ဆိုတော့ သတိတော့ထားဖို့လိုပါတယ်။ 

Voice : ဒါဆို စစ်ကိုင်းပြတ်ရွေ့ပေါ်က ဘယ်မြို့တွေက အင်အားပြင်းငလျင်အန္တရာယ်ကို ပိုသတိပြုသင့်လဲ။ 
DHHA : ငလျင်လှုပ်ဖူးတဲ့နေရာတွေကတော့ ဂရုပြုသင့်တယ်။ သမိုင်းမှာ ငလျင်လှုပ်ဖူးတဲ့နေရာတွေက ရှိပြီးသားပဲလေ။ ဆွာတို့၊ ဖြူးတို့၊ ပဲခူး၊ မန္တလေး၊ အမရပူရ၊ စစ်ကိုင်း၊ သပိတ်ကျင်းတို့ အပေါ်ဘက်ဆို မြစ်ကြီးနား အဲဒီလိုနေရာတွေ။ အဲဒီတစ်လျှောက်က ငလျင်လှုပ်ဖူးတဲ့ မှတ်တမ်းမှတ်ရာတွေလည်းရှိခဲ့တယ်ဆိုတော့ ဒီနေရာတွေကတော့ သတိထားရမှာပေါ့။ 

Voice : ငလျင်ကြောင့်ဖြစ်လာနိုင်မယ့် ဘေးအန္တရာယ်တွေအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားသင့်ပါလဲ။ နောက်ပြီး ငလျင်နဲ့ပတ်သက်ပြီး လူတွေစိုးရိမ်နေတာကို ဘယ်လိုသက်သာအောင်လုပ်ရမလဲ။ 
DHHA : ငလျင်က ကြိုတင်ပြီးတော့ခန့်မှန်းလို့မရပါဘူး။ လူတွေပြောနေတာကိုလည်း အဲဒါတွေကို အာရုံစိုက်ပြီးတော့ အရမ်းကြီးကို ကြောက်လန့်နေတာတွေလည်းမဖြစ်ဖို့ မှာချင်ပါတယ်။ ငလျင်ကို အရမ်း ကြောက်တယ်ဆိုရာမှာ လူတိုင်းကတော့ ကြောက်တာတော့ကြောက်တာပဲ။ ကိုယ်နေတဲ့အိမ်ကြီးကို ခါယမ်းပစ်လိုက်တယ်ဆိုတော့ ကြောက်စရာကြီးပဲပေါ့။ တစ်ခုတော့ရှိတာပေါ့ ပစ္စည်းအထားအသိုတွေ အမြင့်မှာသိပ်မထားဖို့တို့၊ ကိုယ်နေတဲ့အိမ်ကို ခိုင်ခံ့အောင်လုပ်ဖို့တို့။ ဒါကတော့ သိပ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ ငလျင်လှုပ်ရင် ဘယ်လိုနေရမလဲဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို သတိပြုဂရုစိုက်ဖို့လိုပါတယ်။ အနီးအနားမှာခိုလှုံလို့ရတဲ့ စားပွဲ၊ ကုလားထိုင် အဲဒီလိုရှိတဲ့နေရာလေးတွေကို မြန်မြန်ပြေးဝင်ပြီးတော့ ငလျင်လှုပ်တာရပ်တဲ့အထိနေ။ ငလျင်လှုပ်တယ်ဆိုတာနဲ့ ကြောက်ပြီးထွက်ပြေးတာမျိုး မလုပ်သင့်ပါဘူးလို့။ ဘာလို့လဲဆိုတော့ ပြုတ်ကျတဲ့ပစ္စည်း ကိုယ့်ပေါ်ကျရင် အန္တရာယ်ရှိနိုင်တယ်။ နောက်ပြီးတော့ အရေးပေါ် ဆေးသေတ္တာ၊ အရေးကြီးစာရွက်စာတမ်းတွေကို သေချာသိမ်းဆည်း ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ အဲဒါလေးတွေကို ဂရုပြုသင့်တယ်လို့ အကြံပြုပါတယ်။ 

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ပြည့်ဖြိုးလင်း