News

POST TYPE

INTERVIEW

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့်တွေ့ဆုံခြင်း
25-Apr-2018

“လေကြောင်းသင့်တဲ့ မြို့နယ်တွေနဲ့ ရပ်ကွက်တွေကို Mask တပ်ဖို့ အသိပေးလှုံ့ဆော်တာတွေ လုပ်နေတယ်”

ရန်ကုန်မြို့ရှိ ဧက ၃၀၀ ခန့် ကျယ်ဝန်းသော ထိန်ပင်စွန့်ပစ်အမှိုက်ပုံ မီးလောင်မှုကြောင့် ဒေသခံပြည်သူများအပါအဝင် စပ်ဆက်မြို့နယ်ရှိ ပြည်သူအများ မီးခိုးများ၊ ညှော်နံ့များ လေးရက်ခန့် ဆက်တိုက်ရှူရှိုက်နေရပြီဖြစ်သည်။ ထိုအခြေအနေများနှင့်ပတ်သက်၍ မည်သို့ဆက်လက်လုပ်ကိုင်မည်ဆိုသည်ကို မြေပြင်ကွင်းဆင်းလုပ်ဆောင်နေသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ဆက်သွယ်မေးမြန်းမှုများကို ကောက်နုတ်ဖော်ပြပါသည်။

Voice : ထိန်ပင်မီးလောင်မှုနဲ့ ပတ်သက်ပြီး ဘယ်တော့လောက် အပြီးမီးငြှိမ်းသတ်နိုင်မှာလဲ။ လက်ရှိ လေထုညစ်ညမ်းမှုအဆင့် ဘယ်လောက်စိုးရိမ်ရလဲ။ သတိပေးထုတ်ပြန်ချက် ဆောင်ရွက်ဖို့ရှိလား။
UNNL : အခုကတော့ ခုနစ်ဆယ့်ငါးရာခိုင်နှုန်းလောက်တော့ ငြှိမ်းသတ်ပြီးသွားတဲ့ သဘောပေါ့။ အခု မီးလောင်နေတာ နှစ်နေရာလောက်တော့ တွေ့သေးတယ်။ နည်းနည်းလေးတွေ လောင်နေတာပေါ့။ ဒါပေမဲ့ အောက်ထဲမှာ လောင်နေလား၊ မလောင်နေလား ကျွန်တော်တို့လည်း မသိဘူးဗျ။ အငွေ့တွေတော့ ထွက်နေတယ်။ အတွင်းထဲမှာ လောင်နေတယ် ထင်ရတယ်။ အခုက မီသိန်းဓာတ်ငွေ့ထွက်သွားအောင် ဝါးလုံးကြီးတွေနဲ့ မီးကြွင်းမီးစတွေကို ယက်ထုတ်နေတာရှိတယ်။ နောက်တစ်ခုက ဘူဒိုဇာထိုးပြီးတော့ မြောင်းတွေဖော်နေတယ်။ အဲ့မြောင်းထဲကို ရေ လောင်းတယ်။ အဓိကတော့ မီးမကူးစက်အောင် ဆောင်ရွက်နေတယ်။ ထိန်းချုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ မီးက တော်တော်များများ ငြိမ်းသွားပါပြီ။ ဒီနေ့ ညှိနှိုင်းဆုံးဖြတ်ချက်အရ လေထုအရည်အသွေးကိုစစ်ဖို့ စည်ပင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးက လုပ်နေတယ်။ ကျန်းမာရေးဌာနကလည်း နေပြည်တော်မှာရှိတဲ့ လေအရည်အသွေးတိုင်းစက်ကိုယူပြီးတော့ စစ်ဆေးဖို့ရှိပါတယ်။

Voice : ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ ဘာတွေလုပ်ဖို့ စီစဉ်ထားလဲ။ စိုးရိမ်မှုမြင့်တက်နေတဲ့ ပြည်သူတွေအပေါ် ဘာအာမခံချက်ပေးချင်တာရှိလဲ။
UNNL : ကျွန်တော်တို့ အတတ်နိုင်ဆုံး ဆောင်ရွက်နေပါတယ်။ ပြည်သူတွေ စိုးရိမ်မှာလည်းသိပါတယ်။ အဲ့ဒီအတွက်လည်း ပိုကြိုးစားနေပါတယ်။ အဓိကကတော့ မီးထိန်းချုပ်နိုင်အောင် ကြိုးစားတယ်။ တစ်ဖက်မှာလည်း အနီးအနားရပ်ကွက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးမှု လုပ်ဖို့ရှိတယ်။ လူမှုကူညီရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်အောင် ပြင်ဆင်ထားတယ်။

Voice : မီးခိုးမှိုင်းတွေက အသက်ရှူလမ်းကြောင်းကို အဓိက ထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက ထောက်ပြနေကြတယ်။ ဒါနဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုက ဘာတွေလုပ်ထားလဲ။
UNNL : လောလောဆယ် လေအရည်အသွေးကို အရင်ဆုံးစစ်ဆေးမယ်။ အဲ့ဒီအဖြေရမှ ဘာလုပ်ရမလဲဆိုတာ ပေါ်လာမှာလေ။ ကျန်းမာရေးစောင့်ရှောက်မှုတော့ အပြည့်အဝလုပ်ပေးမှာပါ။ လေကြောင်းသင့်တဲ့ မြို့နယ်တွေနဲ့ ရပ်ကွက်တွေကို Mask တပ်ဖို့ အသိပေးလှုံ့ဆော်တာတွေ လုပ်နေတယ်။

Voice : မီးလောင်ကျွမ်းမှု လေးရက်ကြာအတွင်းမှာ တချို့ဒေသခံပြည်သူတွေ အသက်ရှူကျပ်ပြီးတော့ ဆေးရုံတက်နေရတဲ့ လူနာတွေရှိတယ်။ သူတို့အတွက်ကော ကျန်းမာရေးထိခိုက်မှုမရှိအောင် ဘာတွေလုပ်ပေးနေပါသလဲ။
UNNL : အခု လှိုင်သာယာဆေးရုံမှာ ဒီနေ့အထိ လူနာ ၁၄ ယောက်ကို ပြုစုစောင့်ရှောက်နေတယ်။ အများစုက လေကြောင့်ဖြစ်တာ အဓိကမဟုတ်ဘဲ တခြားရောဂါအခံလေးတွေရှိလို့ဖြစ်တာ တွေ့ရတယ်။ မြေပြင်မှာလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ပြီးတော့ အရေးပေါ်ဆေးကုခန်း ခြောက်ခုဖွင့်ထားတယ်။ အဲဒီကမှ ကနဦး ပြုစုစောင့်ရှောက်ပြီး ဆေးရုံကိုပို့ပေးမယ်။ ဆေးရုံမှာ တကယ်လို့ လူဦးရေများလာရင် ကြိုတင်ထားရှိနိုင်ဖို့နေရာတွေ ပြင်ဆင်ထားပြီ။

Voice : နောက်ပိုင်းကော ဒီနေရာမှာ အမှိုက်စွန့်ပစ်ဖို့ ရှိလား၊ အလားတူထပ်မဖြစ်ဖို့ တိုင်းအစိုးရက ရေရှည်မှာ စနစ်တကျနဲ့ ဘယ်လိုစီမံခန့်ခွဲသွားမှာလဲ။
UNNL : ဒီအမှိုက်ပုံမှ မဟုတ်ဘူး။ တခြားအမှိုက်ပုံတွေ အားလုံးကော ရေရှည်မှာ ပြည်သူလူထုကို အနှောင့်အယှက်မဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ကြမှာ ဖြစ်တယ်။ နောက်ပိုင်း အမှိုက်စွန့်ပစ်နေရာတွေကို ဘယ်လိုထိန်းကျောင်းမယ်ဆိုတာ စည်ပင်သာယာကော်မတီက အဓိက ပြန်သုံးသပ်ရမှာပေါ့။

အောင်ဇော်ထူး