News

POST TYPE

INTERVIEW

ထက်ထက်မိုးဦးနဲ့ တွေ့ဆုံခြင်း
24-Apr-2018
“အနုပညာအလုပ်နဲ့ ပတ်သက်လာရင်တော့ ဟိုးအရင်ကတည်းက ထက်ထက် ညံ့မှာ အရမ်း ကြောက်တယ်”

တစ်ခေတ်က ပရိသတ်ရဲ့ အချစ်တော်တစ်ဦးဖြစ်ခဲ့တဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးက အနုပညာလောကကို တစ်ကျော့ပြန်ဝင်ရောက်ပြီး ဇာတ်ကားတွေ ရိုက်ကူးတော့မယ်လို့ ကြေညာခဲ့ပါတယ်။ သရုပ်ဆောင်ထက်ထက်မိုးဦးနဲ့ တွေ့ဆုံပြီး ဧပြီလ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “ရှယ်ချွေးမ” ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ရိုက်ကွင်း အတွေ့အကြုံများ အကြောင်း၊ အနုပညာလောကကို တစ်ကျော့ပြန်ဝင်ရောက်လာတဲ့ အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ကိုယ်ပါဝင်တဲ့ “ရှယ်ချွေးမ” ရုပ်ရှင်ဇာတ်ကား ရုံတင်တော့မှာဆိုတော့ ဘယ်လို ခံစားမှုရှိလဲ။
HHMO : အဲ့ဒီဇာတ်ကားက ကိုယ်ကိုယ်တိုင်တောင် ကြည့်လို့မဝပါဘူး။ ထပ်ထပ်ကြည့်ချင်တယ်။ ရယ်ရလို့လေ။ သူငယ်ချင်းဖြစ်တဲ့ စိုးစိုး (စိုးမြတ်သူဇာ) နဲ့လည်း တွဲရိုက်ရတယ်။ ဇာတ်လမ်းကလည်း ရယ်ရတယ်ဆိုတော့ ထက်ထက် အရမ်းသဘောကျတယ်။ ဒီကားထဲမှာ ထက်ထက် အရမ်းသဘောကျတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းရှိသေးတယ်။ စိုးစိုး သရုပ်ဆောင်တာကို အရမ်းကြိုက်တဲ့ အခန်းလေးပါ။ အဲ့ဒီအခန်းက ဘယ်အခန်းဖြစ်မလဲဆိုတာကို ရုံတင်တဲ့အခါ ပရိသတ်တွေကြည့်ပြီး ခန့်မှန်းပေးစေချင်တယ်။

Voice : ဒီကားက မထက် ဇာတ်ကားတွေရိုက်တာ အကြာကြီးနားခဲ့ပြီးမှ ပထမဆုံး ပြန်ရိုက်ဖြစ်တဲ့ ဇာတ်ကားနော်။
HHMO : အဲ့ဒီကားရိုက်တုန်းက စိုးရိမ်စိတ်တွေလည်း ရှိခဲ့ပါတယ်။ ထက်ထက် အရမ်းဝနေတာလည်းပါတယ်။ ကိုယ်က အကြာကြီးနားခဲ့ပြီးမှ ပြန်ရိုက်တာဆိုတော့ ခေတ်နဲ့များ ကိုယ်အလှမ်းဝေးနေမလား။ ကိုယ်ပြောတဲ့စကား ကိုယ်ပြင်တဲ့ အလှအပကအစ သူများတွေထက် နောက်ကျနေတယ်ဆိုတာကို စိတ်ထဲက သိနေတဲ့အတွက် နည်းနည်းတော့ အားငယ်တယ်။ ကိုယ်ပြန်စရိုက်တဲ့ ကားဆိုတော့ ရင်တွေလည်း အရမ်းခုန်တယ်။ ငယ်ငယ်တုန်းကလို ပြန်ဖြစ်သွားတယ်။ တစ်၊ နှစ်၊ သုံး အက်ရှင်လို့ အော်လိုက်တာနဲ့ ကိုယ့်ရင်ခုန်သံက အကျယ်ကြီးဖြစ်သွားတယ်။ ကိုယ်ပြောရမယ့် ဒိုင်ယာလော့ခ်ကို မမေ့အောင် စိတ်ကိုစုစည်းခဲ့ရတယ်။

Voice : သရုပ်ဆောင်မှုအပိုင်းနဲ့ ပတ်သက်လို့ရော အားမလို အားမရဖြစ်ခဲ့တဲ့အပိုင်းတွေရှိလား။
HHMO : သရုပ်ဆောင်တာ ပြန်ကြည့်ရတာတော့ အားရပါတယ်။ သူ့ဟာနဲ့သူတော့ အဆင်ပြေနေတယ်။ စိုးစိုး သရုပ်ဆောင်တာကိုလည်း သဘောကျတယ်။ ကိုယ်ကကျတော့ ကားကြီးမရိုက်တာ ဆယ်နှစ်ကျော်ကြာပြီးမှ ပြန်ရိုက်တဲ့ ဇာတ်ကားဆိုတော့ လိုအပ်ချက်လေးတွေလည်း ရှိမှာပါ။ ဇာတ်ကားပြန်ကြည့်တဲ့အခါမှာလည်း ကိုယ်ပြန်လုပ်ချင်တဲ့ အပိုင်းလေးတွေရှိတယ်။ ဒီကားမှာ စိုးစိုးနဲ့က အပေးအယူလည်းမျှပါတယ်။ သူငယ်ချင်းနှစ်ယောက်က အပြင်မှာလည်း စနောက်နေကြတာဆိုတော့ ရိုက်ရတာ အဆင်ပြေပါတယ်။

Voice : ဒီဇာတ်ကားရဲ့အောင်မြင်မှုကရော မထက် ရှေ့ဆက်လုပ်မယ့် အနုပညာအလုပ်တွေအတွက် ဘယ်လောက်အထိ ခွန်အားဖြစ်စေမလဲ။
HHMO : အနုပညာလောကမှာ အောင်မြင်မှုကို နှစ်ကာလကြာရှည် ထိန်းသိမ်းထားနိုင်တဲ့သူနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်နိုင်တဲ့သူက ရှားပါတယ်။ ဇာတ်လမ်း၊ ဇာတ်ကွက်ကောင်းတယ်ဆို ကောင်းတဲ့သူကိုတော့ ရအောင် ငှားကြရတာကြီးပါပဲ။ အဲ့ဒီတော့ ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားနေရင် အကောင်းဆုံးတွေပဲ ဖြစ်လာမှာပါ။ ဒီကားက ရုပ်ရှင်မှာ ထက်ထက်သရုပ်ဆောင်တာကို ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ကျေနပ်မှုတစ်ခု ရစေမှာပါ။

Voice : အနုပညာလောကကို တစ်ကျော့ပြန်ဝင်ပြီး ဇာတ်ကားတွေ သေချာပြန်ရိုက်ဖို့ ဆုံးဖြတ်ဖြစ်တာ ဘာကြောင့်လဲ။
HHMO : ထက်ထက် အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ ဆုံးဖြတ်ဖြစ်တာက ဘယ်သူ့အတွက်ရယ်၊ ဘာအတွက်ရယ် မဟုတ်ပါဘူး။ အနုပညာအလုပ်ကနေ ပိုက်ဆံရလာရင် ကိုယ်လုပ်ချင်တာ အကုန်လုပ်လို့ရတယ်။ လှူလို့တန်းလို့ရတယ်။ မိဘတွေကိုလည်း ပေးလို့ရတယ်။ ကိုယ့်ကျန်းမာရေးအတွက်၊ လူမှုရေးအတွက် အကုန်လုံးအဆင်ပြေတာပေါ့နော်။ ကိုယ့်ပရိသတ်တွေကိုလည်း ဇာတ်ကားကောင်းကောင်းလေးတွေ ပြန်ရိုက်ပေးချင်တယ်။ အဲ့ဒါကြောင့် ပြန်လုပ်ဖြစ်တာပါ။

Voice : ကိုယ်နားခဲ့တဲ့ နှစ်တွေအတွင်းမှာ အနုပညာလောကမှာလည်း အပြောင်းအလဲတွေ အများကြီးရှိခဲ့တယ်နော်။ အရင်ကလို ပရိသတ်အားပေးမှုပြန်ရအောင် ကိုယ့်ဘက်က ဘယ်လိုကြိုးစားသွားမလဲ။
HHMO : အနုပညာအလုပ်နဲ့ ပတ်သက်လာရင်တော့ ဟိုးအရင်ကတည်းက ထက်ထက် ညံ့မှာ အရမ်းကြောက်တယ်။ ကိုယ်ရိုက်တဲ့ ဇာတ်ကားတွေကို အမြဲတမ်း ပြန်သုံးသပ်တယ်။ ကိုယ်လိုနေရင်လည်း ဒါရိုက်တာကို မေးတယ်။ ဇာတ်ကားတစ်ကားကို ပြန်ကြည့်ရင် ကိုယ်ဘာတွေလိုလဲ၊ ကိုယ်ပြောတဲ့စကားက ဘယ်လောက်အထိ အဓိပ္ပာယ်သက်ရောက်မှုရှိလဲ၊ ဇာတ်ဝင်ခန်းတစ်ခန်းကနေ နောက်တစ်ခန်းကို ပြောင်းတဲ့အခါမှာ ကိုယ့်ရဲ့အက်တင်က ဘယ်အဆင့်အထိ ထားထားရမှာလဲ။ ကိုယ်ဘာလိုနေလဲဆိုတာ ဒါရိုက်တာနဲ့ အမြဲတမ်း ညှိနှိုင်းတယ်။ မေးပါတယ်။

Voice : လက်ရှိမှာရော ကိုယ်မရိုက်ဖူးသေးတဲ့ ဘယ်လိုဇာတ်လမ်းအမျိုးအစားတွေ ရိုက်ကြည့်ချင်လဲ။
HHMO : အဲ့ဒါကလည်း ကိုယ့်ကိုလာငှားတဲ့ ဇာတ်လမ်းအပေါ်မှာ မူတည်ပြီးတော့မှပဲ အကောင်းဆုံးစေတနာထားပြီးတော့ ကြိုးစားသွားမှာပါ။ ဇာတ်လမ်းကတော့ ဘယ်လိုဇာတ်လမ်းပဲဖြစ်ဖြစ် ထက်ထက်က အကုန်လုံး ရိုက်ချင်တယ်။ ထူးထူးခြားခြား ဇာတ်လမ်းလေးတွေ လာငှားရင်လည်း သေချာကြိုးစားပြီး ရိုက်မှာပါ။ အရင်က လာငှားတဲ့ဇာတ်တွေကို မေးလိုက်ရင်၊ ကိုယ်သိပ်ပြီး မလုပ်ရဘူးဆိုရင် လက်လွှတ်လိုက်တယ်။ ကိုယ်က ရေကြောက်တတ်တော့ အင်းလေးမှာရိုက်ဖို့ လာငှားတဲ့ဇာတ်တစ်ခုကို လက်လွှတ်လိုက်တယ်။ အရင်က မရိုက်ဖြစ်တာ အကြောင်းကြောင်းတွေကြောင့် အများကြီးရှိပါတယ်။ 

သန့်ဇင်ဦး