News

POST TYPE

INTERVIEW

မြန်မာယူနီကုတ်ဧရိယာ အဖွဲ့ဝင် ကိုမောင်ဆန်းနှင့် တွေ့ဆုံခြင်း
စံသတ်မှတ်ချက်ရှိသည့် မြန်မာစာ ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့များထံ မြန်မာယူနီကုတ် ဧရိယာအဖွဲ့ (MUA) က အချက် ၇ ချက်ပါ တောင်းဆိုချက်တစ်ရပ်ကို စာပေးပို့ တောင်းဆိုခဲ့သည်။ ယင်းတောင်းဆိုချက်ကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အပါအဝင် တိုင်းရင်းသား ဘာသာစကားဆိုင်ရာ အဖွဲ့များကလည်း ထောက်ခံတောင်းဆိုထားသည်။ စံမြန်မာစာစနစ် ပြောင်းလဲအသုံးပြုရေး တောင်းဆိုခြင်းနှင့် စံမြန်မာစာစနစ် ပြောင်းလဲရာတွင် လိုအပ်သည်များကို မြန်မာယူနီကုတ် ဧရိယာ (MUA) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုမောင်ဆန်းနှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : စံမြန်မာစာစနစ် ပြောင်းလဲအသုံးပြုနိုင်ဖို့ အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့တွေဆီကို အချက် ၇ ချက်ပါတဲ့ တောင်းဆိုချက်ကို ပို့ထားတယ်လို့ သိရတယ်။ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ တောင်းဆိုခဲ့တာလဲ။

KMS : အဓိက က စံစနစ်ကလည်း လုပ်ပြီးပြီ။ သုံးဖို့ပဲ ကျန်တော့တယ်။ ဒီနေရာမှာ လာပြီးပြဿနာ ဖြစ်နေတယ်။ အဲ့ဒီတော့ ဘယ်သူက ဦးဆောင်ပြီး စပြောင်းသုံးမှာလဲဆိုတာ ရှိလာပြီ။ တစ်ယောက်ချင်း ပြောင်းသုံးလာတဲ့ လူဦးရေက နည်းနည်းလေး။ ကျွန်တော်တို့ကတော့ အစိုးရကိုယ်တိုင် ပြောင်းသုံးမှ ပြောင်းမယ်လို့ မြင်တယ်။ ဒီကိစ္စကို ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ ကော်မတီ ဖွဲ့ပြီးတော့ ပြောင်းလဲဖို့ လုပ်နေကြတယ်။ သြဂုတ်လ ၁ ရက်နေ့ ပြောင်းမယ်။ ၂၀၁၇ ဇန်နဝါရီ ပြောင်းမယ်ပေါ့။ ဘယ်လိုမျိုး စပြောင်းကြမလဲ မေးကြည့်တော့ တိကျသေချာတဲ့ လမ်းကြောင်း မတွေ့ရဘူး။ အဓိက ပြဿနာကို ကြည့်လိုက်တော့ ပေါ်လစီကို တကယ်ချမှတ်နိုင်တဲ့သူ မပါဘူး။ ဒီပြဿနာရဲ့ အရင်းအမြစ်ကို သိပြီး သူကိုယ်တိုင် ပြောင်းလဲလိုစိတ် ရှိမှသာ ဖြစ်မယ်လို့ သဘောပေါက်လိုက်တယ်။ ဒါကြောင့် နိုင်ငံတော်မှာရှိတဲ့ အမြင့်ဆုံးသူတွေကို စာရေးပြီး တောင်းဆိုတာ ဖြစ်ပါတယ်။

Voice : အရင်အစိုးရ အဆက်ဆက်မှာ ကွန်ပျူတာသုံး မြန်မာစာစံ ပြဿနာက ပြေလည်တဲ့အဆင့် မရောက်ခဲ့ဘူး။ ဒါကိုကြည့်ရင် အစိုးရက ဒီစံမြန်မာစာစနစ်ကို ထဲထဲဝင်ဝင် မသိဘူးလို့ သုံးသပ်နိုင်မလား။

KMS : ကျွန်တော်တို့က သမ္မတဖြစ်မယ် ဆိုရင် သမ္မတ ဖြစ်ဖူးလား မေးဖို့မလိုအပ်ဘူး။ လက်တွေ့ဖြစ်လာတဲ့ အခါမှာကျတော့ လုပ်စရာတွေက အများကြီး ရှိလာတယ်။ ရှိလာတဲ့အခါမှာ သူ့နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေရဲ့ အကူအညီကို ရယူရမှာပဲ။ နည်းပညာ အားနည်းတယ် ပြောတဲ့အချိန်မှာ နည်းပညာကို တတ်ကျွမ်းနားလည်တဲ့ သူတွေဆီက အကူအညီ ရယူစေချင်တယ်။ နည်းပညာ အားနည်းတယ်။ ဒါပေမဲ့ ဒါကိုမသိဘူး၊ လုပ်တတ်တော့မှာ မဟုတ်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ နည်းပညာ ကျွမ်းကျင်သူတွေရဲ့ အကူအညီကိုယူပြီး ဒီအပြောင်းအလဲကို ဖော်ဆောင်ပေးပါလို့ ပြောချင်တာ။

Voice : အစိုးရ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေ၊ မီဒီယာတွေ၊ ဆက်သွယ်ရေး အော်ပရေတာတွေကို စံမြန်မာစာစနစ် ပြောင်းလဲသုံးဖို့ တောင်းဆိုထားတာ ရှိတယ်။ တစ်ပြိုင်တည်းပြောင်းလဲဖို့ အစိုးရက လုပ်ဆောင်မယ်ဆိုရင် ဘယ်လိုပုံစံမျိုး ချဉ်းကပ်သင့်သလဲ။

KMS : အရင်ခေတ်ကလို မပြောင်းမနေရ အာဏာရှင်အစိုးရ ဆိုရင်တော့ လွယ်မှာပေါ့။ ဒီဘက်ခေတ်မှာက ဒီမိုကရေစီအစိုးရ ဆိုတော့ အတင်းသွားလုပ်လို့ မရဘူး။ ကျွန်တော်တို့ အဲ့ဒီလိုမျိုး ပြောင်းဆိုလို့ရှိရင် ပြောင်းနိုင်ဖို့ အခြေအနေတစ်ရပ် ဖန်တီးပေးရမယ်။ ပြောင်းလို့ရမယ့် Tools တွေ၊ Converter တွေ၊ ဆော့ဝဲတွေ၊ အပြောင်းအလဲကို ဖော်ဆောင်နိုင်မယ့် Solution တွေကို တစ်ခါတည်း ထောက်ပံ့ပေးနိုင်ရမယ်။ မပြောင်းခင်မှာလဲ ပြောင်းလဲဖို့ အချိန်ပေးထားရမယ်။ အနည်းဆုံး အတွင်းပိုင်းမှာ ပြောင်းနိုင်ဖို့ အချိန်ပေးရမယ်။ အဲ့လိုလုပ်ပြီးမှသာ ပြောင်းဆိုတဲ့အချိန်မှာ တကယ်တမ်း အသင့်ဖြစ်တဲ့ အချိန်မှာ ပြောင်းပေါ့။ အဲ့ဒီလိုပြောင်းမယ့် အချိန်မှာလည်း ဖိအားမပေးရင် မပြောင်းချင်တဲ့သူက ပြောင်းမှာမဟုတ်ဘူး။ ဒါကို အစိုးရက ဖိအားပေးဖို့ လိုအပ်သလို တစ်ဖက်ကလည်း လိုအပ်တဲ့ အထောက်အကူတွေပေးဖို့ လိုအပ်တယ်။ မီဒီယာတွေ ကိုယ်၌ကလည်း တိုင်းရင်းသားစာတွေကို ထောက်ပံ့ဖို့အတွက် ယူနီကုတ်သည် တစ်ခုတည်းသော အဖြေဖြစ်တယ် ဆိုတာကို လက်ခံဖို့ လိုတယ်။

Voice : လက်ရှိလူသုံးများတဲ့ ဖောင့်ကနေ စံမြန်မာစာစနစ်ကို သွားမယ်ဆိုရင် ဒီအသုံးများနေတဲ့ ဖောင့်ရဲ့ အားနည်းချက်တွေက ဘာတွေဖြစ်နေမလဲ။

KMS : နံပါတ်တစ်က အခြားတိုင်းရင်းသားစာတွေနဲ့ ယှဉ်တွဲပြီး သုံးလို့မရဘူး။ နှစ်က တွက်ချက်လို့ မရဘူး။ တွက်ချက်တယ်ဆိုတာ အက္ခရာစဉ်တာ၊ သတ်ပုံစစ်တာ၊ စာလုံးတွေ အလိုအလျောက်ဆင်းတာ၊ ခွဲတာတွေ လုပ်လို့မရဘူး။ နောက်တော့ ယူနီကုတ်ရဲ့ အက္ခရာစဉ်တဲ့ စနစ်ဟာ စနစ်တစ်ခုတည်းရဲ့နောက်ကို လိုက်တာ ဖြစ်လို့ ရှာဖွေရတာ လွယ်ကူတယ်။ ဇော်ဂျီဖောင့်နဲ့ မန္တလေးမြို့ဆိုတဲ့ စကားလုံးကိုရေးရင် ၃၈၄ မျိုး ရေးလို့ ရတယ်။ အချိန်ကြာလာတာနဲ့အမျှ ပြတ်နေတဲ့ အချက်အလက်တွေ များလာလိမ့်မယ်။ သုံးက e-Governmen ကို လုပ်မယ်ဆိုရင် ယူနီကုတ်နဲ့သာ ရပါမယ်။ တိုင်းရင်းသားစာတွေကို ထောက်ပံ့ဖို့ ယူနီကုတ်နဲ့သာ ရပါမယ်။ လေးက မြန်မာစာကို ကွန်ပျူတာမှာ သုံးလို့ရတဲ့ အခြားသော အဆင့်တွေ OCR ပေါ့။ Scan ဖတ်ပြီး Character တွေ ပြောင်းတာ၊ ဘာသာပြန်တာ၊ စာသားကနေ စကားသံ၊ စကားသံကနေ စာသားပြောင်းတာ၊ သတ်ပုံ၊ သဒ္ဒါစစ်ဆေးတာ၊ အရေးကြီးတာတစ်ခုက သိမ်းထားလို့ရအောင် ပြန်ရှာလို့ရအောင် လုပ်တဲ့စနစ်တွေကို ရှေ့ဆက်သွားရင် ယူနီကုတ်ကို သုံးဖို့လိုအပ်တယ်။ ငါးက ကွန်ပျူတာမှာ မြန်မာစာက ပါနေပြီ။ အဲ့ဒီမှာပါတဲ့ မြန်မာစာကိုဖျက်ပြီး ဇော်ဂျီကို ထည့်တာက ကျွန်တော်တို့ကို ထောက်ပံ့ပေးရဲ့သားနဲ့ တွဲသုံးလို့ မရတာတွေ ဖြစ်နေတယ်။

Voice : မြန်မာစာ စံစနစ်မှာလည်း တိုင်းရင်းသားဘာသာ အချို့က သီးသန့်သွားချင်နေတဲ့ ပုံစံမျိုး ဖြစ်နေလား။

KMS : ကျွန်တော့်ဘက်ကလည်း ပြောစရာ ရှိပါတယ်။ မြန်မာစာသည် မြန်မာစာရယ်လို့ ပထမဦးဆုံး ပေါ်လာတာ မဟုတ်ပါဘူး။ မြန်မာ Character တွေက မွန် Character က ယူထားတာပါ။ သမိုင်းကြောင်း အရလည်း သက်သေပြပြီး ဖြစ်ပါတယ်။ ရှမ်းဆိုတာသည်လည်း မြန်မာပြည်မှာသုံးတဲ့ တိုင် ဘာသာစကားပေါ့။ ဒီ Character တွေသည် မွန်က ယူထားတာပါ။ ရှမ်းဘာသာ အနေနဲ့ ဗမာစာနဲ့ လုံးဝမတူတဲ့ ဟာတွေကတော့ Code Point အသစ်ရပါတယ်။ တူတဲ့ဟာတွေ အတွက်ကတော့ မျှသုံးရပါတယ်။

Voice : ဆိုလိုတာက မြန်မာစာစနစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဗမာ၊ ရှမ်း၊ မွန် စသည်ဖြင့် ရှိနေတာလို့ ပြောတာလား။

KMS : မြန်မာ Code Point ဘလော့ဂ်မှာတင် ဘာသာစကား ၂၀ လောက် ရှိပါတယ်။ မြန်မာဆိုတာ ဗမာစာကို ပြောနေတာ မဟုတ်ပါဘူး။ ဒီဘာသာစကား အားလုံးကို ခေါင်းစဉ်တပ်ပေးထားတာပါ။ 

Voice : လက်ရှိအသုံးများတဲ့ ဖောင့်နဲ့ ရေးထားတဲ့ စာတွေမှာ တန်ဖိုးရှိတာရော၊ မရှိတာပါ ရှိခဲ့တယ်။ ဒါတွေကို ပြန်ပြီးရယူနိုင်ဖို့ ဘာတွေလုပ်ဖို့ လိုမလဲ။

KMS : ပြန်ပြီးရယူနိုင်ဖို့ ဆိုတာမှာ တစ်က ပြန်ရှာဖွေနိုင်ဖို့ လိုမယ်။ နှစ်က ယူနီကုတ်စံနှုန်းနဲ့အညီ သုံးစွဲနိုင်ဖို့ လိုမယ်။ ရှာဖွေနိုင်ဖို့ဆိုရင် Google က ထောက်ပံ့ပေးထားပါတယ်။ ယူနီကုတ်နဲ့ရှာရင် အရင်ဖောင့် သုံးထားတာတွေလည်း ရှာပေးပါတယ်။ ပြောင်းဖို့အချက်ကတော့ ဝက်ဘ်ဆိုက်ပိုင်ရှင် ကိုယ်တိုင် ပြောင်းမှရပါမယ်။ ဒီဖောင့်ကနေ ယူနီကုတ်ကိုပြောင်းတဲ့ Converter တွေ အခမဲ့ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ပါတယ်။

Voice : နိုင်ငံအဆင့် ယူနီကုတ်စနစ်ကို အထောက်အပံ့ ပေးနိုင်မယ့် အဖွဲ့တစ်ခု ရှိလာဖို့ တောင်းဆိုထားတဲ့ အထဲမှာပါတယ်။ အစိုးရအနေနဲ့ ဒီလိုဖွဲ့ဖို့ကို ဘယ်လိုလုပ်ဆောင်ဖို့ လိုအပ်မလဲ။

KMS : ဖွဲ့မယ်ဆိုရင် တကယ်တမ်း Encoding စနစ်ကို နားလည်မယ်၊ အိုင်တီပညာရှင်တွေလည်း ဖြစ်မယ်၊ မြန်မာစာစနစ်ကို နားလည်တဲ့ သူတွေလည်း ပါမယ်။ ဒီလိုအဘက်ဘက်က နားလည်တဲ့ သူတွေကို ထည့်သွင်းပြီး အမှန်တကယ် လုပ်ပိုင်ခွင့် ပေးထားရမယ်။ အဲ့ဒီလိုဖွဲ့ဖို့ လိုအပ်ပါတယ်။ အခုလက်ရှိ ကော်မတီမှာ ပါတာက မြန်မာစာအဖွဲ့ ပါတယ်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ပါတယ်၊ ပြင်ပကသူတွေ ပါတယ် ဆိုတော့ တော်တော် စုံစုံလင်လင် ပါဝင်ပါတယ်။ မပါတာက အမှန်တကယ် ဖြေရှင်းမယ့် ဆော့ဖ်ဝဲတွေ ရေးနိုင်မယ့် အိုင်တီပညာရှင်တွေ မပါဘူး ဖြစ်နေတယ် ဆိုတော့ အဲ့ဒီလို ပါအောင်လို့ ပုံစံမျိုး ဖွဲ့စည်းပြီး ဥပဒေ ပြဋ္ဌာန်းပြီး လုပ်ဖို့သင့်တယ်လို့ ထင်ပါတယ်။

Voice : နည်းပညာသမားတွေလို့ ဆိုတော့ ဘယ်လိုလူတွေ ပါသင့်တာလဲ။

KMS : MICT Park ထဲမှာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ရှိတယ်။ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း ရှိတယ်။ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း ရှိတယ်။ တကယ်တမ်း လှုပ်ရှားမှု အများဆုံး လုပ်နေတာက ပညာရှင်အသင်း။ သူတို့ကိုယ်တိုင်က ယူနီကုတ်ကို မသုံးဘူး။ ဖေ့ဘွတ်မှာ ယူနီကုတ်နဲ့ ဇော်ဂျီ တွဲတင်တယ်။ ဒါပေမဲ့ သူတို့ ဝက်ဘ်ဆိုက်မှာက ဇော်ဂျီသာ ဖြစ်ပါတယ်။ နောက်ပြီး ပညာရှင်အသင်းသည် ဇော်ဂျီကို ၂၀၀၈ မှာ Excellence Award ဆိုပြီး ပေးပါတယ်။ အမှန်တကယ်က မြန်မာစာစနစ် တိုးတက်အောင် လုပ်ဖို့ဆိုတာ ဒီလိုအဖွဲ့အစည်းတွေက ဦးဆောင်ရမယ့် အချိန်မှာ ဒီအဖွဲ့တွေက ရှေ့ဆုံးကနေ ဒီလိုအလုပ်တွေ လုပ်နေတာ ဖြစ်သင့်သလား ဆိုတာ ကျွန်တော်တို့ မေးခွန်းထုတ်ဖို့ လိုအပ်တယ်။ မူအရကတော့ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ထောက်ခံထားပါတယ်။ ဒီနည်းတူ ပညာရှင်အသင်း၊ လုပ်ငန်းရှင် အသင်းတွေကလည်း ထိထိရောက်ရောက် ကူညီဖို့ လိုအပ်ပါတယ်။

Voice : ပြည်ပပညာရှင်တွေကို ဖိတ်ခေါ်လို့ရော ရနိုင်မလား။ ဘယ်လိုအကျိုးဆက်တွေ ရှိမလဲ။

KMS : တကယ်လို့ အစိုးရကိုယ်တိုင်က ဒီအတွက်ကို ဘတ်ဂျက်သုံးမယ်ဆိုရင် ပြည်ပပညာရှင်တွေကို ခေါ်လို့ရနိုင်ပါတယ်။ မြန်မာစာအတွက် လုပ်ခဲ့တဲ့ထဲမှာလည်း နိုင်ငံခြားသားတွေ အများကြီး ပါခဲ့ပါတယ်။ 

Voice : မီဒီယာတွေနဲ့ အစိုးရ ဝက်ဘ်ဆိုက်တွေ တစ်ပြိုင်တည်း ပြောင်းသုံးပေမယ့် အသုံးပြုသူက လိုက်ပြောင်းမလာရင်ရော။ ဒီအတွက် ယူနီကုတ်သုံးရေး ဆိုတာမျိုး ပညာပေး အစီအစဉ်တွေ လုပ်ဖို့ လိုဦးမလား။

KMS : ပညာပေး အစီအစဉ်တွေက လုပ်ဖို့လိုအပ်ပါတယ်။ ယူနီကုတ်ကို ထည့်ပေးတဲ့ အခါမှာလည်း လမ်းညွှန်တွေ ထည့်ပေးရမယ်။ ရှင်းပြရမယ်။ နောက် Input စနစ်ပေါ့။ တချို့က ယူနီကုတ်စနစ် ထည့်ထားပြီး ဇော်ဂျီကီးဘုတ်နဲ့ ရိုက်တယ်။ လွဲနေတယ်။ အဲ့ဒီလို မဖြစ်အောင် အစိုးရအနေနဲ့ ရှင်းပြဖို့လုပ်ဖို့ လိုအပ်တယ်။ ဖုန်းတွေမှာ ယူနီကုတ်ကို ဖျက်လို့မရဘူး၊ ထည့်ရမယ် ဆိုတာမျိုး ဇော်ဂျီသုံးလို့ရအောင် လုပ်တာက တစ်ကဏ္ဍ၊ ဆိုင်တွေမှာ ဖုန်းတွေသွင်းလာကတည်းက ယူနီကုတ်ကို သုံးမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း ရရမယ်။ အဲ့ဒီလိုအခြေအနေမှာဆိုရင် အသုံးပြုသူတွေလည်း ပြောင်းလာမှာပါ။