News

POST TYPE

INTERVIEW

စိတ်ကျန်းမာရေးဆေးရုံကြီးမှ ကထိက ဒေါက်တာသက်ဇော်နှင့် တွေ့ဆုံခြင်း
14-Feb-2018

စိတ်ဓာတ်ကျရောဂါ

“စိတ်ဓာတ်ကျရောဂါက ယေဘုယျအားဖြင့်ကြည့်ရင် အမျိုးသမီးတွေက အမျိုးသားတွေထက် နှစ်ဆလောက်ပိုဖြစ်တယ်”

လူတိုင်းတွင် စိတ်နှင့်သက်ဆိုင်သည့် ရောဂါတစ်မျိုးမျိုးရှိတတ်ကြသည်။ မိမိတို့ကိုယ်တိုင် မသိလိုက်ဘဲ ဖြစ်ပေါ်နေသည့် စိတ်မကျန်းမာခြင်းများဖြစ်သည်။ ဖြစ်ပွားမှုများသည့် စိတ်နှင့်ပတ်သက်သည့် ရောဂါများစွာရှိသော်လည်း စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်စိတ်လွန်ကဲခြင်းရောဂါတို့ ပိုမိုအဖြစ်များမှုကို တွေ့ရသည်ဟု ကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားပြီး ယခုတစ်ပတ်တွင် စိတ်ဓာတ်ကျရောဂါနှင့်ပတ်သက်၍ စိတ်ကျန်းမာရေးဆေးရုံကြီးမှ ကထိက ဒေါက်တာသက်ဇော်နှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : စိတ်ဓာတ်ကျရောဂါဆိုတာကို ရှင်းပြပေးပါဦး။
Dr.TZ : လူတစ်ယောက်က စိတ်ဓာတ်တွေကျလာမယ်။ ဘာမှစိတ်မဝင်စားတော့ဘူး။ ပျော်လည်းမပျော်တော့ဘူး။ နုံးချိနေမယ်။ သူရဲ့ လုပ်ရည်ကိုင်ရည်တွေကလည်း ကျဆင်းလာတာမျိုးပေါ့။

Voice : စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေကရော။
Dr.TZ : အဓိကသတ်မှတ်တဲ့ အရေးကြီးလက္ခဏာကြီး နှစ်ခုရှိတယ်။ တစ်နေကုန်နုံးချိပြီးတော့ အိပ်မပျော်တာပေါ့။ ဒီတော့ စိတ်ကမပျော်ဘူး၊ မလန်းဘူး။ နောက်တစ်ချက်ကတော့ အရင်က စိတ်ဝင်စားခဲ့တာတွေလည်း စိတ်မဝင်စားတော့ဘူး။ အရင်ပျော်ရွှင်ခဲ့တာမျိုး ပြန်လုပ်ကြည့်လည်း မပျော်တော့ဘူး။ အလွယ်တကူ မောပန်းနွမ်းနယ်နေမယ်။ ဒါတွေက အဓိကအချက်တွေပေါ့။ တခြားအချက်တွေကတော့ တချို့က အိပ်တာ၊ စားတာ မမှန်ဘူး။ အရမ်းအိပ်ပြီး အရမ်းစားတာရှိသလို တချို့ကျတော့လည်း မအိပ်ဘူး၊ မစားဘူး။ နောက်ပြီး ဆုံးဖြတ်ချက်ချတာတွေ နှေးလာတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိဘဲ အပြစ်ရှိသလို ခံစားနေရတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ကျဆင်းလာတယ်။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော လှုပ်ရှားမှုတွေ နှေးကွေးလေးလံလာတယ်။ ဒီထက်ပိုဆိုးတာက သေချင်စိတ်တွေပေါ်လာတာပေါ့။ ဒီလိုမျိုး အကုန်ဖြစ်စရာမလိုဘူး။ ဒီအထဲကမှ အချက်ငါးချက်လောက်က နှစ်ပတ်လောက်ရှိနေပြီး အလုပ်ပျက်၊ အကိုင်ပျက် ဖြစ်လာပြီဆိုရင် စိတ်ဓာတ်ကျတဲ့ရောဂါလို့ သတ်မှတ်တာပေါ့။

Voice : ဒီရောဂါမျိုးက ဘယ်လိုလူတွေမှာ အဖြစ်ပိုများပါသလဲ။
Dr.TZ : စိတ်ဓာတ်ကျရောဂါက ယေဘုယျအားဖြင့်ကြည့်ရင် အမျိုးသမီးတွေက အမျိုးသားတွေထက် နှစ်ဆလောက်ပိုဖြစ်တယ်။ အသက်အရွယ်အားဖြင့်လည်း အသက် ၄၀ ကျော်ရင် ပိုပြီးတော့ ဖြစ်နှုန်းများလာတယ်။ အသက်ကြီးရင် ပိုဖြစ်တာပေါ့။ အသက် ငယ်ငယ်ရွယ်ရွယ်တွေမှာ ဖြစ်ခဲတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ဖြစ်တာက စိတ်ကြွစိတ်ကျရောဂါပေါ့။

Voice : ဘယ်လိုအကြောင်းအရင်းတွေက စိတ်ဓာတ်ကျရောဂါဖြစ်စေဖို့ တွန်းအားပေးတာပါလဲ။
Dr.TZ : သူက ဇီဝကမ္မဖြစ်စဉ်ကြောင့်လည်း ဖြစ်နိုင်တယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာကြောင့်လည်း ဖြစ်နိုင်တယ်။ ဥပမာ-ကလေးမွေးပြီးတဲ့ အမျိုးသမီးတွေက စိတ်ဓာတ်ကျတတ်တယ်။ ကိုယ့်ကိုမွေးတဲ့ မိခင်ကိုယ်တိုင်က စိတ်ဓာတ်ကျနေရင် သူကကလေးကို ဂရုမစိုက်နိုင်တော့ လျစ်လျုရှုတာတွေ ဖြစ်နိုင်တယ်။ ကလေးအပေါ် နွေးထွေးမှုမရှိတာမျိုးပေါ့။ တချို့မိဘတွေက သားသမီးကိုဂရုမစိုက်ဘူး။ တချို့ကျတော့လည်း အရမ်းဂရုစိုက်လွန်းတယ်။ နှစ်ခုစလုံးက ဘယ်ဟာကမှ မကောင်းဘူး။ နောက်ပြီး ငယ်ငယ်ကတည်းက ကျောင်းတွေမှာ အနိုင်ကျင့်ခံရတဲ့ ကလေး၊ ဒါမှမဟုတ် မိသားစုထဲမှာပဲဖြစ်ဖြစ် ရိုက်နှက်နှိပ်စက်ခံရတဲ့ ကလေး၊ ကလေးဘဝမှာ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံရတဲ့ ကလေးတွေက စိတ်ဓာတ်ကျရောဂါကို တခြားကလေးတွေထက် ဖြစ်နိုင်ခြေပိုများတယ်။ ဖိစီးမှုတွေ အရမ်းများရင် စိတ်ဓာတ်ကျတာ ဖြစ်စေနိုင်တယ်။ စိတ်ဓာတ်ကျတဲ့ ရောဂါတော်တော်များများကို လေ့လာတဲ့အခါမှာ စိတ်ဓာတ်ကျရောဂါ မဖြစ်ခင်လပိုင်းမှာ သူတို့ဘဝမှာ အပြောင်းအလဲတစ်ခုကြုံတဲ့ လူမျိုးတွေက ဖြစ်တာပိုများတယ်။ ဆုံးရှုံးမှုတစ်ခုခု ဖြစ်နိုင်တယ်။ ဥပမာ-ပစ္စည်းဥစ္စာ၊ လူပုဂ္ဂိုလ်၊ အလုပ်ပြုတ်တာ တစ်ခုခုပေါ့။

Voice : စိတ်နဲ့ပတ်သက်ပြီး အဖြစ်များတဲ့ရောဂါတွေကို ပြောပြပေးပါဦး။
Dr.TZ : စိတ်ပိုင်းဆိုင်ရာမှာ အဖြစ်များတာတွေကတော့ စိတ်ဓာတ်ကျတာအပြင် စိုးရိမ်စိတ်လွန်တဲ့ ရောဂါပေါ့။ နောက်ပြီး စိတ်ဖိစီးမှုတွေကို ကောင်းကောင်းမကိုင်တွယ်၊ မဖြေရှင်းနိုင်တော့ အရက်တွေ၊ မူးယစ်ဆေးစွဲတဲ့ရောဂါတွေ တိုးလာတယ်။ အဲဒီကနေမှ စိတ်ဖောက်ပြန်တဲ့ ရောဂါတွေလည်း နောက်ပိုင်းမှာ ဖြစ်လာနိုင်တယ်။

Voice : ဒီလို စိတ်ဓာတ်ကျတာတွေ မဖြစ်လာအောင် ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲ။
Dr.TZ : စိတ်ဖိစီးမှုလျော့နည်းအောင် နေထိုင်နည်းတွေကျတော့ ကိုယ့်ရဲ့နေ့စဉ် နေထိုင်မှုပုံစံကို ပြောင်းလဲပစ်ရမယ်။ အိပ်ချိန်ကို လုံလောက်စွာအိပ်ရမယ်။ အစားအသောက်ဆိုရင်လည်း အချိန်မှန်မှန်လေး စားပေးတာကောင်းတယ်။ အာဟာရမျှတအောင်စားရမယ်။ စိတ်ဖိစီးမှုများလို့ဆိုပြီးတော့ လက်ဖက်ရည်တွေ၊ ကော်ဖီတွေနဲ့ ဖျော်ရည်တွေအများကြီးသောက်တာ မလုပ်သင့်ဘူး။ လုံးဝမသောက်တာ ကောင်းတယ်။ အရက်နဲ့ မူးယစ်ဆေးကိုတော့ လုံးဝမသောက်သင့်ပါဘူး။ မသောက်တာက အကောင်းဆုံးပါပဲ။ ကိုယ်ကာယလေ့ကျင့်ခန်းကို ပေါ့ပေါ့ပါးပါးနဲ့ ချွေးထွက်တဲ့အထိ လုပ်ပေးရမယ်။ အရိပ်ရှိတဲ့နေရာနဲ့ အဲကွန်းခန်းတွေမှာ သက်သောင့်သက်သာနဲ့ လှဲနေပေးရမယ်။ နောက်ပြီး တရားထိုင်တာ၊ တရားမှတ်တာမျိုးကလည်း ကောင်းပါတယ်။

Voice : အခုနောက်ပိုင်းမှာ ဒီလိုရောဂါဖြစ်ပွားမှုတွေက ပိုများလာတယ်လို့ သိရပါတယ်။ ဒါက ဘာကြောင့်များ ဖြစ်နိုင်ပါသလဲ။
Dr.TZ : ပြောရရင် အမျိုးသမီးတွေ ဘာကြောင့် အမျိုးသားတွေထက် ပိုဖြစ်သလဲဆိုရင် Lifestyle တွေက ပြောင်းသွားတာပေါ့။ အရင်တုန်းက အမျိုးသမီးတွေက အိမ်မှုကိစ္စပဲ လုပ်ရတာပေါ့။ အခုဆိုရင် ဒီအလုပ်တင်မကဘူး၊ ပိုက်ဆံရှာတဲ့အလုပ်တွေပါ ပါလာတယ်။ အမျိုးသားတွေက ကလေးထိန်းတာ ဘာဘာညာညာလည်း သိပ်မကူဘူး။ ဒီတော့ အမျိုးသမီးတွေရဲ့ Lifestyle က ပြောင်းသွားတော့ သူတို့မှာ ဖိစီးမှုတွေပိုများတယ်။ နောက်တစ်ခုက ကျေးလက်နဲ့မြို့ပြမှာ မြို့ပြကပိုပြီးတော့ စိတ်ဖိစီးမှုကိုခံစားရတယ်။ ဘာလို့လဲဆိုတော့ လူနေမှုစရိုက်တွေမြင့်တာနဲ့ လိုက်လျောညီထွေနေနိုင်ဖို့ ကြိုးစားရတယ်။ နေရာတကာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေက ပိုများတယ်။ ဒါကြောင့် မြို့နေလူထု က စိတ်ကျတာတွေ၊ စိုးရိမ်စိတ်လွန်ကဲတာတွေ ပိုခံစားရတယ်။ 

Voice : စိတ်ဓာတ်ကျတယ်ဆိုတာမျိုးက ကိုယ့်မှာဖြစ်မှန်းမသိ ဖြစ်နေတတ်တယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့စိတ်ကို ဘယ်လိုပြုမူ နေထိုင်သင့်လဲဆိုတာကို ဆရာ့အနေနဲ့ သတင်းစကားပါးပေးပါဦး။
Dr.TZ : စိတ်ဓာတ်ကျတဲ့အချိန်ဆိုရင် များသောအားဖြင့် အကောင်းမမြင်နိုင်တော့ဘူး။ အဆိုးမြင်တယ်။ Negative View ကပဲ ကြည့်တယ်။ အဲဒီအတွက် သူ့ရဲ့ Thinking Style ကို ပြောင်းလဲပေးဖို့လိုတယ်။ နေရာတကာမှာ ဆိုးတာရှိသလို၊ ကောင်းတာရှိတယ်။ သူ့ဘဝမှာ ၁၀ ရာခိုင်နှုန်းပဲ မအောင်မြင်ခဲ့တာ၊ ၉၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ရင်တောင် စိတ်ဓာတ်ကျတဲ့အချိန်ကျရင် အဲ့ဒီ ၁၀ ရာခိုင်နှုန်းကိုပဲ အပြစ်မြင်တယ်။ ဒါကြောင့် သူအောင်မြင်ခဲ့တာတွေကို ပြောပြပေးရတယ်။ နောက်ပြီး ရုတ်တရက်ပေါ်လာတဲ့ အတွေးတွေရှိတယ်။ စိတ်ဓာတ်ကျလို့ရှိရင် အတွေးတစ်ခုပေါ်လာရင် သူက အကောင်းမမြင်တဲ့ဘက်ကိုပဲ သွားချင်တယ်။ ဒါကြောင့် အတွေးတွေကို ဖြတ်နိုင်အောင်ကြိုးစားရတယ်။ စိတ်ဓာတ်ကျတဲ့အခါ လူပါနွမ်းသွားတာ။ နောက်ပြီး ရုပ်ပိုင်းဆိုင်ရာကကျနေရင် စိတ်ပါထပ်ကျတယ်။ ဒါက အပြန်အလှန်သက်ရောက်မှု ဖြစ်တယ်။ အဲ့ဒီလိုလူမျိုးတွေက တတ်နိုင်ရင် လေ့ကျင့်ခန်းများများ လုပ်ရမယ်။ နွေးထွေးမှုပေးမယ့် မိသားစုရဲ့ပံ့ပိုးမှုက အရေးကြီးတယ်။ စိတ်ဓာတ်ကျတာက လူတိုင်းခံစားရနိုင်တဲ့ ရောဂါတစ်ခုဖြစ်တယ်။ ဒီရောဂါက ကမ္ဘာပေါ်မှာ အဖြစ်များဆုံးရောဂါပဲ။ ပုံမှန်ကုသမှုခံယူပြီး မိသားစုကနွေးထွေးမှုပေးရင် ဒါကိုအလွယ်တကူနဲ့ ကျော်လွှားနိုင်လိမ့်မယ်။ တချို့က ကြိတ်ခံတာရှိတယ်။ အဲ့ဒီလိုမလုပ်ဘဲနဲ့ လိုအပ်တဲ့ အကူအညီကို လိုအပ်တဲ့ဆီမှာ တောင်းတတ်ရမယ်။ သူ့ရဲ့အပြုအမူနဲ့ အနေအထိုင်တွေ နည်းနည်းပြင်ပေးလိုက်လို့ရှိရင် အများကြီးကောင်းလာနိုင်ပါတယ်။

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

သီတာဆွေ


  • VIA