News

POST TYPE

INTERVIEW

ဒေါက်တာသူရဇော် (ကလေးဆရာဝန်) နှင့် တွေ့ဆုံခြင်း
07-Feb-2018 tagged as ကျန်းမာရေး



ဘယ်ရီဘယ်ရီရောဂါ

“ကလေးငယ်တွေ ပိန်တာ၊ ဝတာကို ကြည့်ခြင်းအားဖြင့် ဘယ်ရီဘယ်ရီချို့တဲ့တာကို မသိနိုင်ဘူး”

အသက်ငါးနှစ်အောက်ကလေး သေဆုံးရသည့်အကြောင်းအရင်းများစွာတွင် အသက်တစ်နှစ်အောက် ကလေးများသေဆုံးရသည့် အကြောင်းရင်းသည်လည်း အရေးပါသည့်ကဏ္ဍတစ်ခုတွင် ပါဝင်နေသည်။ တစ်နှစ်အောက် ကလေးသေဆုံးခြင်းတွင် ဘယ်ရီဘယ်ရီဟုခေါ်သည့် ဗီတာမင်ဘီဝမ်း ဓာတ်ချို့တဲ့ခြင်းကြောင့် ကလေးငယ်များတွင် ရုတ်တရက် အမောဖောက်သေဆုံးခြင်းသည်လည်း အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်သည်။ ထိုရောဂါနှင့် ပတ်သက်၍ ဒေါက်တာသူရဇော် (ကလေးဆရာဝန်) နှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဘယ်ရီဘယ်ရီဆိုတာကို ရှင်းပြပေးပါဦး ဆရာ။
Dr.TYZ : ဘယ်ရီဘယ်ရီကိုတော့ အရပ်စကားနဲ့ သူငယ်နာရောဂါလို့လည်း ခေါ်လေ့ခေါ်ထ ရှိကြပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဘယ်ရီဘယ်ရီရောဂါက အဖြစ်များလာပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်ပြီးသား နိုင်ငံအများစုမှာတော့ ကျန်းမာရေးဗဟုသုတ သိရှိမှုတွေ ပိုလာတဲ့အတွက်အပြင် သူတို့ရဲ့ အစားအစာတွေထဲမှာ ဗီတာမင်ဘီဝမ်းဓာတ်ကို အားဖြည့်ထပ်ပေါင်းထားတဲ့ အစားအစာတွေ လွယ်လင့်တကူ ရရှိနိုင်တဲ့အတွက် ဖြစ်တာအတွေ့ရနည်းလာတယ်။

Voice : ဒီရောဂါက ကလေးတွေမှာပဲ ဖြစ်နိုင်တာပါလား။
Dr.TYZ : ဘယ်ရီဘယ်ရီက အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ဘယ်ရီဘယ်ရီမှာတော့ နှလုံးကို အဓိကထားထိခိုက်နိုင်တဲ့ Wet Beri Beri နဲ့ အရေပြားနဲ့ အာရုံကြောကို အဓိကထားထိခိုက်နိုင်တဲ့ Dry Beri Beri ဆိုပြီး နှစ်မျိုးရှိတယ်။ ကလေးသူငယ်တွေမှာတော့ ဘယ်ရီဘယ်ရီရောဂါက အသက်တစ်နှစ်အောက်မှာ အဖြစ်များဆုံးပါပဲ။ တစ်နှစ်အောက်မှာမှ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရတဲ့ အသက်ခြောက်လအောက်မှာ အဖြစ်အများဆုံးကို တွေ့ရပါတယ်။

Voice : ဘယ်လိုအခြေအနေမျိုးရှိတဲ့ ကလေးတွေမှာ အဖြစ်များပါသလဲ။
Dr.TYZ : အဖြစ်များတာက မိခင်ကိုယ်တိုင်မှာလည်း ဗီတာမင်ဘီဝမ်း သုံးဆောင်မှုမရှိတဲ့အတွက် ဗီတာမင်ဘီဝမ်းချို့တဲ့တဲ့ မိခင်တွေက မွေးဖွားလာတဲ့ ကလေးတွေ၊ အဲဒီမိခင်တွေရဲ့ မိခင်နို့ကိုတိုက်တဲ့ ကလေးငယ်တွေမှာ အဖြစ်များတာ တွေ့ရပါတယ်။ ပုံမှန်အားဖြင့် အသက်တစ်လကနေ သုံးလအရွယ်မှာ ကလေးတွေက ရုတ်တရက် နှလုံးအမောဖောက်ပြီး သေဆုံးနိုင်တဲ့ ဘယ်ရီဘယ်ရီရောဂါကို တွေ့ရပါတယ်။ ဗီတာမင်ဘီဝမ်းဓာတ်က ဇီဝကမ္မဖြစ်စဉ်တွေအတွက် အလွန်အရေးကြီးတဲ့ အင်ဇိုင်းတစ်ခုဖြစ်ပါတယ်။ သူ့ကြောင့် ကိုယ်ခန္ဓာရဲ့ နေ့စဉ်ဖြစ်ပျက်နေတဲ့ ဇီဝကမ္မဖြစ်စဉ်တွေက လွယ်လင့်တကူ ချောမွေ့စွာ ဆောင်ရွက်နိုင်တာပါ။ အထူးသဖြင့် အာရုံကြောစနစ်နဲ့ နှလုံးကြွက်သားတွေရဲ့ ဇီဝကမ္မဖြစ်စဉ်က အလွန်တရာမှ အရေးကြီးပါတယ်။ သူက ကိုယ်ခန္ဓာထဲမှာ နှစ်ရှည်လများ သိုလှောင်သိမ်းဆည်းထားနိုင်ခြင်း မရှိပါဘူး။ အကယ်၍ မိခင်တစ်ယောက်က ဗီတာမင်ဘီဝမ်း စားသုံးမှု ရပ်ဆိုင်းပြီး တစ်လခွဲလောက် ကာလအကြားမှာ ဗီတာမင်ဘီဝမ်း ချို့တဲ့တဲ့လက္ခဏာတွေကို စတင်ခံစားရမှာဖြစ်တယ်။ ဒီဓာတ်ချို့တဲ့တဲ့ မိခင်တွေမှာတော့ ကနဦး ခံစားရလေ့ရှိတာကတော့ ခြေလက်ထုံကျင်တာ၊ အရေပြားထိတွေ့ခံစားသိရှိမှု လျော့နည်းလာတာတွေ ဖြစ်တယ်။ ဒါတွေက လူကြီးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတစ်ခုပါပဲ။ မိခင်တွေအနေနဲ့ ဒီလိုလက္ခဏာကို စတင်သိရှိပြီဆိုရင် သူတို့ရဲ့ မိခင်နို့တစ်မျိုးတည်းကိုသာ မှီခိုနေရတဲ့ ကလေးငယ်တွေမှာ ဘယ်ရီဘယ်ရီရောဂါ အချိန်မရွေးဖြစ်ပွားနိုင်တယ်ဆိုတာ သတိပြုစေချင်ပါတယ်။ တချို့ကလည်း ကလေးမှာ လက္ခဏာပြပြီးမှ မိခင်မှာ လက္ခဏာလေးတွေ ပေါ်လာတာတွေလည်း ရှိကောင်းရှိနိုင်တယ်။

Voice : ဘယ်ရီဘယ်ရီဖြစ်တယ်ဆိုတာ ဘယ်လိုအချက်တွေက သိနိုင်မလဲ။
Dr.TYZ : ကလေးငယ်တွေ ပိန်တာ၊ ဝတာကို ကြည့်ခြင်းအားဖြင့် ဘယ်ရီဘယ်ရီချို့တဲ့တာကို မသိနိုင်ဘူး။ ဘယ်ရီဘယ်ရီချို့တဲ့တာသည် အခြားအာဟာရချို့တဲ့ခြင်းနဲ့ တွဲဖက်ပြီး ဖြစ်ပေါ်နိုင်သလို ဘီဝမ်းဓာတ်တစ်ခုတည်းပဲ ချို့တဲ့ပြီးတော့လည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို ဓာတ်တစ်ခုတည်းချို့တဲ့တယ်ဆိုတဲ့ ကလေးငယ်တွေကတော့ အများမျှော်လင့်ထားသလို အာဟာရချို့တဲ့ ပိန်လှီနေတဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲ ဝဝဖြိုးဖြိုး ကလေးငယ်တွေ ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေမှာ ဘယ်ရီဘယ်ရီက အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ နည်းလမ်းနှစ်သွယ်နဲ့ ပြသနိုင်ပါတယ်။ ပုံမှန်နို့စို့မယ်၊ ငိုမယ်၊ လန်းနေတဲ့ကလေးက ရုတ်တရက် ဆက်တိုက်ချော့မနိုင်လောက်အောင်ကို ငိုလာရာကနေ ရုတ်တရက် အသံတိမ်ဝင်လာပြီးတဲ့အချိန်မှာ ထပ်ပြီးတော့ မငိုနိုင်ဘဲ အမောဖောက်လာတာမျိုး ဖြစ်နိုင်ပါတယ်။ ရံဖန်ရံခါမှာ မနက်ကအကောင်း၊ ညနေလောက်ကျမှ အမောဖောက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုပဲ နှလုံးကြွက်သား အားနည်းလာတဲ့အတွက်ကြောင့် နှလုံးခုန်နှုန်းတွေ ရုတ်တရက်မြန်လာမယ်။ အသက်ရှူတွေမြန်လာမယ်။ အသည်းတွေ ရုတ်တရက်ကြီးလာမယ်။ နောက်ဆက်တွဲမှာ ကိုယ်ခန္ဓာသွေးလှည့်ပတ်မှုတွေ ကျဆင်းလာပြီး နှုတ်ခမ်းတွေ၊ လျှာတွေ၊ လက်တွေပြာလာပြီးတော့ အသက်အန္တရာယ် ဖြစ်သွားစေနိုင်ပါတယ်။ နောက်ထပ် အသက်အန္တရာယ်ဖြစ်စေနိုင်တာက ဦးနှောက်အမြှေးပါးရောင်တဲ့ လက္ခဏာမျိုးဖြစ်တယ်။ အဲဒီကလေးတွေကတော့ နှလုံးရောဂါလို အမောဖောက်လာတာမဟုတ်ဘဲနဲ့ ရုတ်တရက်တက်သွားတာ၊ သတိလစ်သွားတာမျိုး ဖြစ်နိုင်တယ်။ ရောဂါမပြင်းထန်တဲ့ ကလေးတွေမှာတော့ ငိုနေရာက အသံတိမ်သွားပြီး အသံအိုးကြွက်သား အားနည်းသွားတဲ့ လက္ခဏာလောက်နဲ့ပဲ ရောဂါကို ခံစားရတာတွေ့နိုင်တယ်။

Voice : ဒီရောဂါက ကာကွယ်လို့ရနိုင်ပါသလား။
Dr.TYZ : ဒါက အချိန်မီကုသရင် အသက်ရှင်နိုင်တယ်။ ဗီတာမင်ဘီဝမ်းဆေး ကလေးကိုထိုးပေးခြင်းအားဖြင့် အမောဖောက်နေတဲ့ကလေးက ချက်ချင်းပြန်ကောင်းနိုင်တယ်။ ဒီဆေးက ခက်ခက်ခဲခဲရှာဝယ်ရတဲ့ ဆေးမဟုတ်သလို ခက်ခက်ခဲခဲသွင်းရတဲ့ ဆေးလည်း မဟုတ်ပါဘူး။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးက ဘယ်ရီဘယ်ရီချို့တဲ့တယ်လို့ထင်ရင် နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားဖို့ တိုက်တွန်းပါရစေ။ ကာကွယ်လို့ရတဲ့အတွက် ကျန်းမာရေးဗဟုသုတပေးဖို့ပဲ လိုပါတယ်။

Voice : ဘယ်လိုအချက်တွေကြောင့် ဘယ်ရီဘယ်ရီကို ဖြစ်စေနိုင်ပါသလဲ။
Dr.TYZ : ဒါက ဆင်းရဲချမ်းသာမရွေးဘဲ ရံဖန်ရံခါ ခံစားရတယ်။ နောက်ပြီး ဆန်တွေက အလွန်အမင်း တိုက်ချွတ်ထားတဲ့အတွက် အင်မတန်မှ ဘီဝမ်းဓာတ်နည်းတာ တွေ့ရပါတယ်။ ထမင်းရည်ငှဲ့ချက်တာတွေကလည်း ဒီဓာတ်ကို ဆုံးရှုံးစေတယ်။ ဆန်လုံးညိုနဲ့ မောင်းထောင်းဆန် စတာတွေက ဒီဓာတ်ကို ပြည့်စုံစွာပါတာ တွေ့ရတယ်။ ဆန်ကို ရေခန်းချက်စားရင်တော့ ဘီဝမ်းချို့တဲ့မှုကို ကာကွယ်နိုင်တယ်။ ငှဲ့ချက်မှဆိုတဲ့သူတွေအနေနဲ့ ငှဲ့ထားတဲ့ထမင်းရည်ကို သောက်သင့်ပါတယ်။ နောက်ပြီး မိခင်တွေကလည်း အာဟာရပြည့်အောင် စားသင့်တယ်။ မွေးစကနေ အသက်ခြောက်လအထိ မိခင်နို့ပဲ တိုက်ရမယ့်အချိန်မှာ မိခင်က ဘီဝမ်းဓာတ်ချို့တဲ့ရင် ကလေးမှာပါ ဒီဓာတ်ကချို့တဲ့နိုင်တယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အာဟာရပြည့်စုံအောင် စားသင့်သလို မီးဖွားပြီးချိန်မှာလည်း ပြည့်စုံအောင် စားသင့်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန် အားဆေးသုံးသလို မီးဖွားပြီးရင်လည်း ဘီဝမ်းနဲ့ သံဓာတ်ပါတဲ့ဆေးတွေ သောက်သုံးသင့်ပါတယ်။ နောက်ပြီး ပဲနီ၊ ပဲဝါ၊ မတ်ပဲ အစရှိတဲ့ ပဲမျိုးစုံမှာလည်း ဘီဝမ်းဓာတ်ပါသလို အသား၊ ငါးနဲ့ နို့တွေမှာလည်း ပါပါတယ်။ ဒါကြောင့် ပြည့်စုံအောင် စားသင့်တယ်။ နောက်တစ်ခုက မွေးကင်းစကလေးတွေက မိခင်နို့စို့ပြီးတိုင်းမှာ မကြာခဏ ဝမ်းပျော့ပျော့သွားတတ်တယ်။ အဲဒီလို မိခင်က ပဲစားမိလိုက်တဲ့အချိန်မှာ ကလေးရဲ့ ဝမ်းပျော့တာနဲ့တိုက်ဆိုင်တော့ လူကြီးတွေက မိခင်ပဲစားလို့ ကလေးဝမ်းပျက်တယ်ဆိုပြီး မှားယွင်းစွာယူဆကြတယ်။ မြန်မာအယူအရ မီးဖွားပြီးတဲ့အချိန်မှာ အစားအသောက်ရှောင်ရပါတယ်။ တချို့ဆို ကလေးသန်ထမှာ၊ လေနာမှာ၊ အစာမကြေမှာ စိုးရိမ်ပူပန်တာနဲ့ စေတနာအမှားတွေကြောင့် ကလေးရော မိခင်ပါ ဒုက္ခရောက်ရတယ်။ မြန်မာမိသားစုအများစုက မီးဖွားပြီးချိန်မှာ နို့ထွက်သန်အောင် ဟင်းချိုဟင်းခါး သောက်လေ့ရှိတယ်။ နောက်တစ်ခုက အသားတွေနဲ့ ငါးတွေကို သန်ထမှာစိုးပြီး ငါးခြောက်ကို အစားများကြတယ်။ အဲဒီမှာပြဿနာက မိခင်တွေက ဗီတာမင်ဘီဝမ်းဓာတ် ပေါများတဲ့ အသားတွေနဲ့ ငါးတွေကို မစားတော့ဘဲ ရှောင်တော့ မိခင်မှာ နဂိုရှိပြီးသား ဘီဝမ်းဓာတ်တွေကို ချေဖျက်ပျောက်ဆုံးနိုင်တယ်။ ငါးခြောက်စားတာက ဗီတာမင်ဘီဝမ်းဓာတ်ချို့တဲ့မှုကို ပိုမိုဖြစ်စေနိုင်တယ်။ ငါးခြောက်ထဲမှာ ဘီဝမ်းဓာတ်ကိုဖျက်ဆီးတဲ့ အင်ဇိုင်းဓာတ် ပါနေတယ်။ ဒီအတွက် မိခင်တွေ မီးဖွားပြီးတာနဲ့ အာဟာရပြည့်တဲ့ အစားအစာတွေစားရမယ်။ ထမင်းနဲ့ ဟင်းချို၊ ဟင်းခါးမှ မဟုတ်ဘူး။ စားနေကျ အသား၊ ငါးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲနဲ့ အာလူးတွေအပြင် သန့်ရှင်းလတ်ဆတ်တာတွေကို စားသုံးပေးရပါမယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

သီတာဆွေ