News

POST TYPE

INTERVIEW

သရုပ်ဆောင် ဇဏ်ခီ၊ ဒါရိုက်တာ ခရစ်(စ်)တီးနားခီတို့ ဇနီးမောင်နှံနဲ့ တွေ့ဆုံခြင်း
07-Feb-2018



“ကျွန်တော့်အတွက် ဇာတ်ညွှန်းအရေးကြီးသလို၊ လက်တွဲအလုပ်လုပ်မယ့် ထုတ်လုပ်ရေးရဲ့ အနေအထားကိုလည်း ကြည့်ပါမယ်” ဇဏ်ခီ 

“မိန်းကလေးပရိသတ်တွေ သူ့ကို အရမ်းကိုကြိုက်တာကိုက ကိုယ့်ကို စိတ်ချမ်းသာစေပါတယ်” ခရစ်(စ်)တီးနားခီ 

လက်ရှိမှာ ပရိသတ်အားပေးမှုတွေ မြင့်တက်နေတဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားရဲ့ ဖန်တီးရှင် သရုပ်ဆောင် ဇဏ်ခီ၊ ဒါရိုက်တာ ခရစ်(စ်)တီးနားခီတို့ ဇနီးမောင်နှံနဲ့ တွေ့ဆုံပြီး ဇာတ်ကားအောင်မြင်မှုအပေါ် ခံစားမှု၊ ရိုက်ကူးရေးအမှတ်တရများနဲ့ ဆက်လက်လုပ်ဆောင်သွားမယ့် အနုပညာလှုပ်ရှားမှုတွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားက သုံးပတ်မြောက် ရုံတင်ပြသခွင့်ရတဲ့အထိ အောင်မြင်မှုရခဲ့တဲ့အပေါ် ခံစားမှုက ဘယ်လိုရှိလဲ။
ZK : ကျွန်တော်တို့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားက သုံးပတ်မြောက် ပြခွင့်ရသွားပြီပေါ့နော်။ ဒါကလည်း ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ဝန်းရံမှုကြောင့်ပါ။ အဲ့ဒီအတွက် ပရိသတ်တွေအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ မကြည့်ရသေးတဲ့ ပရိသတ်တွေလည်း သွားကြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်။ လေးပတ်မြောက် ဆက်ရုံတင်နိုင်ဖို့အတွက်လည်း ပရိသတ်တွေရဲ့ အားပေးမှု အရမ်းလိုပါတယ်။ ဒါကြောင့် ဆက်ပြီးတော့ ဝန်းရံပေးကြပါ။ ဝန်းရံပေးနေတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။
CK : အစ်မလည်း ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီဇာတ်ကား ရုံမတင်ခင်တုန်းကတော့ ပရိသတ်တွေက ဒီလောက်အထိ အားပေးကြလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ အစ်မတို့က ရုပ်ရှင်တစ်ကားရိုက်တဲ့အခါ၊ သူများတွေ လုပ်ရိုးလုပ်စဉ်ထက် အပြောင်းအလဲတွေ လုပ်ခဲ့ရတဲ့အခါမှာ ဇာတ်ကားစတည်တာကနေ ရုံတင်တဲ့အထိ အခက်အခဲတွေ ရှိခဲ့ပါတယ်။ အစ်မတို့က လမ်းကြောင်းအသစ်ကို သွားရတာဆိုတော့ ကိုယ်နဲ့အတူ ပူးပေါင်းကြတဲ့သူတွေကိုလည်း ပြောင်းလဲမှုတစ်ခုကို ပြောပြရတယ်၊ ကိုယ့်ကိုလည်း ယုံကြည်အောင် ကြိုးစားရတယ်။ ကိုယ်က အနုပညာလောကမှာ အသစ်လည်းဖြစ်နေတယ်၊ လက်စွမ်းပြထားတာလည်း တစ်ခုမှမရှိတော့ ကိုယ့်ကို ယုံကြည်အောင်ပြောရတယ်။ ရိုက်ပြီးတဲ့အချိန်မှာလည်း ရုံတင်နိုင်ဖို့ အခက်အခဲတွေ ဆက်ရင်ဆိုင်ရပါတယ်။

Voice : ဇနီးမောင်နှံ နှစ်ယောက်အတူတူ ဖန်တီးတဲ့ ရုပ်ရှင်တစ်ကားတည်းနဲ့ အောင်မြင်မှု အသီးအပွင့်ကို အတူတူ ခံစားခဲ့ရတယ်နော်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာက ကိုယ့်အမျိုးသမီး ဖြစ်နေတဲ့အတွက် ဘယ်လို အထောက်အပံ့ကောင်းတွေရလဲ။
ZK : အမျိုးသမီးကရိုက်လို့ဆိုပြီး ဘာမှတော့ မထူးသွားပါဘူး။ ကျွန်တော့်အတွက် ဖိအားတောင်ပိုများသွားပါတယ်။ သူက ရိုက်ကွင်းမှာ ကိုယ့်ကို ပိုမောင်းတာပေါ့နော်။ နှစ်ယောက်လုံး တစ်ပြိုင်တည်း ပရိသတ်ရဲ့ အသိအမှတ်ပြုမှုကို ရတယ်ဆိုတာကလည်း ရုပ်ရှင်ရဲ့ အောင်မြင်မှုကြောင့်ပါ။ ကျွန်တော်တို့ ကြိုးစားမှုလေး အရာထင်သွားတဲ့အတွက် အတိုင်းမသိ ဝမ်းသာရပါတယ်။ ရိုက်တုန်းကတော့ သူနဲ့ အငြင်းအခုံ လုပ်ခဲ့ရတာတွေလည်း ရှိပါတယ်။ သူကလည်း ဒါရိုက်တာဆိုတော့ ဒါရိုက်တာရဲ့ အတ္တရှိတယ်။ သူလိုချင်တာကို သူ တိတိကျကျ သိတယ်။ ကျွန်တော်ရေးထားတဲ့ ဇာတ်ညွှန်းမှာ သူနဲ့အမြင်မတူတာလေးတွေ ရှိရင်တော့ ညှိရတာပေါ့။

Voice : ကိုဇဏ်ခီကို မိန်းကလေးပရိသတ်တွေ အားပေးမှုများလာတဲ့အပေါ်ကိုရော ဘယ်လိုခံစားရလဲ။
CK : သူ့ကို အားပေးတာမြင်ရရင်ပဲ ကျွန်မအရမ်းဝမ်းသာပါတယ်။ ကိုယ်တိုင်လည်း ကိုယ်ကြိုက်တဲ့ မင်းသားဆိုတာရှိတယ်လေ။ ကိုယ်ကြိုက်တဲ့ နိုင်ငံခြားမင်းသားမှာ မိန်းမရှိတယ်၊ ကလေးရှိတယ်ပေါ့။ ကိုယ်ကြိုက်တဲ့သူအပေါ် ရင်ခုန်စိတ်လှုပ်ရှားမှုလည်းရှိတယ်၊ သူ့ကို ကြိုက်တယ်၊ ကြည့်ချင်တယ်ပေါ့။ အဲ့ဒီတော့ ကိုယ့်ရဲ့စိတ်နဲ့ပဲ အမြဲတမ်းကိုယ်ချင်းစာတရားထားပါတယ်။ နောက်တစ်ခုက သူ့ကိုလည်း အရမ်းဖြစ်စေချင်တယ်။ မိန်းကလေးပရိသတ်တွေ သူ့ကို အရမ်းကို ကြိုက်တာကိုက ကိုယ့်ကို စိတ်ချမ်းသာစေပါတယ်။ ဒါကြောင့် ဆက်အားပေးကြဖို့ ပြောချင်ပါတယ်။

Voice : ဇာတ်ကားမှာ ကိုယ့်အမျိုးသားနဲ့ မင်းသမီးနှစ်ယောက်ရဲ့ Love Scene တွေကို ကိုယ်က ဒါရိုက်တာ တစ်ယောက်အနေနဲ့ ညွှန်ကြားရိုက်ကူးခဲ့ရတုန်းကရော ဘယ်လိုခံစားရလဲ။
CK : ကိုယ့်အလုပ်က ဒါရိုက်တာဆိုတော့ မင်းသားက ဘယ်သူပဲဖြစ်ဖြစ်၊ ဒီလို အခန်းမျိုးကတော့ ရိုက်ရမှာပေါ့နော်။ ဒါကတော့ ကိုယ့် Professional အနေနဲ့ပေါ့။ နောက်တစ်ခုကတော့ သူ့ရဲ့ Profession ကို နားလည်ပေးလိုက်တယ်။ သူ့ကို အရင်တုန်းကလည်း မေးဖူးတယ်။ ဘယ်လိုအခန်းမျိုးတွေ ရှောင်ချင်လဲလို့။ သူကတော့ ကာရိုက်တာအရ လိုတာအကုန်လုပ်မယ်လို့ ပြောထားပြီးပြီ။ သရုပ်ဆောင်အလုပ်ကို သူရွေးချယ်လိုက်ပြီဆိုကတည်းက ဇာတ်ညွှန်းတွေက မျိုးစုံလာတော့မှာလေ။ အဲ့ဒီအတွက် ကိုယ်က ကြိုတင်ပြင်ဆင်ထားတော့ ခံနိုင်ရည်ရှိတာပေါ့။ ကိုယ်နဲ့မှ မဟုတ်ဘူး၊ သူများနဲ့လည်း သူ သွားရိုက်ရတော့မှာလေ။ ရိုက်ကူးရေးမှာတော့ ရင်ခုန်တာတွေ သူတို့ဖြစ်နေတာတွေထက်၊ ကိုယ့်ရုပ်ရှင်မကောင်းမှာကို ပိုပူတယ်။ မပီပြင်မှာကို ပိုစိုးရိမ်တယ်။ သူကလည်း ကာရိုက်တာထဲဝင်သွားပြီဆိုရင် အိမ်က ကိုဇဏ်ခီ မဟုတ်တော့တာများတယ်။ အဲ့ဒီတော့ ပိုနားလည်ပေးလို့ရပါတယ်။

Voice : ကိုယ်လည်း ပရိသတ်အသိအမှတ်ပြုမှု တစ်ခုရခဲ့ပြီဆိုတော့၊ ကိုယ့်အမျိုးသမီးနဲ့အပြင်ဘယ်လို ဒါရိုက်တာမျိုးတွေ၊ ထုတ်လုပ်ရေးတွေနဲ့ လက်တွဲရိုက်ကူးချင်သေးလဲ။
ZK : ကျွန်တော့်ကို ကမ်းလှမ်းမှုတွေတော့ စရှိလာပါပြီ။ ကျွန်တော့်ထုတ်လုပ်ရေးကလည်း ချုပ်ထားတာမျိုး မရှိပါဘူး။ ဘယ်သူနဲ့မဆို လက်တွဲလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်တော့်အတွက် အရေးကြီးတာကတော့ ဇာတ်ညွှန်းပေါ့။ ဇာတ်ညွှန်းကို ဖတ်ကြည့်ချင်တယ်။ သူတို့ ကျွန်တော့်ကို ကမ်းလှမ်းလာတဲ့ ကာရိုက်တာမှာ ကျွန်တော် ခံစားပေးနိုင်မလား၊ တကယ်ပဲလုပ်နိုင်မလားဆိုတာကို ကြည့်ချင်တယ်။ ကျွန်တော် တကယ် ကြိုက်တယ်၊ အဲ့ဒီဇာတ်ကောင်နေရာမှာ ခံစားပေးလို့ရတယ်ဆိုရင် ရိုက်ဖြစ်မှာပါ။ ကျွန်တော့်အတွက် ဇာတ်ညွှန်းအရေးကြီးသလို၊ လက်တွဲအလုပ်လုပ်မယ့် ထုတ်လုပ်ရေးရဲ့ အနေအထားကိုလည်း ကြည့်ပါမယ်။ အချိန်သိပ်မယူဘဲ မြန်မြန်ဆန်ဆန်ပြီးမယ့်ဟာမျိုးဆို အဆင်သိပ်မပြေဘူး။ သေသေချာချာစီစဉ်ပြီးရိုက်မယ့် ထုတ်လုပ်ရေးနဲ့ဆို ပိုလက်တွဲဖြစ်ပါမယ်။ 

သန့်ဇင်ဦး