News

POST TYPE

INTERVIEW

မာရဇ္ဇနဲ့ တွေ့ဆုံခြင်း
06-Feb-2018


“မန္တလေးမှာ သီချင်းမဆိုဖြစ်တာ တော်တော်ကြာပြီ။ ဒီပွဲကို မန္တလေးက ပရိသတ်တွေ မျှော်လင့်နေမယ်လို့ ယုံကြည်တယ်”

Rock သီချင်းတွေနဲ့ ဂီတလောကမှာ နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်ကျော် ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာခဲ့တဲ့ တေးသံရှင်မာရဇ္ဇက မန္တလေးမြို့မှာ ပထမဆုံး One Man Show ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ယင်းပွဲနဲ့ပတ်သက်ပြီး တေးသံရှင်မာရဇ္ဇကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : မန္တလေးမြို့မှာ ပထမဆုံး One Man Show လုပ်မယ့် ကိုယ့်ရဲ့စိတ်ခံစားမှုအခြေအနေကို အရင်ဆုံးပြောပြပေးပါဦး။ 
MRZ : ကျွန်တော်က မန္တလေးမှာ ပွဲလုပ်ချင်တာကြာပါပြီ။ ဒီပွဲကတော့ မန္တလေးမှာကျင်းပတဲ့ ပထမဆုံးပွဲလည်း ဖြစ်တယ်၊ ကိုယ်မဆိုတာလည်း ကြာပြီ။ နောက်တစ်ခုက မနှစ်က တည်ပြီးမှ ပျက်သွားတယ်။ အဲ့ဒီအခါမှာ ကျွန်တော် အင်မတန်လေးစားရတဲ့ ကိုဂျေမောင်မောင်က ဖုန်းဆက်ပြီးတော့ အားပေးတယ်၊ မာကြီးရယ် ပျက်သွားတော့ ဘာဖြစ်လဲတဲ့၊ မင်းက မန္တလေးပရိသတ်အတွက်ကတော့ အပျိုစင်လေးပါကွာတဲ့။ သူပြောချင်တာက ကျွန်တော်က မန္တလေးမှာ ပွဲမထသေးဘူး၊ ပွဲမပေါက်သေးဘူးပေါ့နော်။ ကျွန်တော်က လတ်လတ်ဆတ်ဆတ် လက်ရှိအချိန်မှာမှ လာဖျော်ဖြေမှာဆိုတော့ သူတို့လည်း မျှော်လင့်လိမ့်မယ်။ ကျွန်တော်လည်း ရင်ခုန်ပါတယ်။ 

Voice : မဆုံတာကြာပြီဖြစ်တဲ့ မန္တလေးပရိသတ်ရဲ့ အားပေးမှုကို ဘယ်လောက်ထိ မျှော်လင့်ထားလဲ၊ ကိုယ်ကိုယ်တိုင်က ယုံကြည်မှုဘယ်လောက်ရှိလဲ။
MRZ : ဒီပွဲအပေါ်မှာ ကျွန်တော့်အနေနဲ့ ယုံကြည်မှုအပြည့်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က သီချင်းတွေကို အများကြီးမဆိုဖြစ်ဘူး၊ မန္တလေးမှာဆိုပိုဆိုးတယ်။ မန္တလေးမှာ သီချင်းမဆိုဖြစ်တာ တော်တော်ကြာပြီ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပဲ ရောက်တယ်။ အဲ့ဒါကြောင့် ဒီပွဲကို မန္တလေးက ပရိသတ်တွေက မျှော်လင့်နေမယ်လို့ ယုံကြည်တယ်၊ ကျွန်တော်ကိုယ်တိုင်ကလည်း မန္တလေးပရိသတ်နဲ့ ဆိုတိုင်းဆိုတိုင်းမှာ အရမ်းပျော်စရာကောင်းတယ်၊ သူတို့တွေက ကျွန်တော့်ကို အရမ်းအားပေးတယ်၊ သူတို့တွေ ကျွန်တော့်ကို အရမ်းချစ်ကြတယ်။ အဲ့ဒါကြောင့် သူတို့ကို အကောင်းဆုံး ပြန်ဆိုပြချင်နေတယ်။ 

Voice : One Man Show မှာ ပြန်ဆိုတေးတွေကို ဆိုလေ့ဆိုထမရှိပေမယ့် ဒီပွဲမှာကျတော့ တေးသံရှင်လွှမ်းမိုးရဲ့ “ဟင်္သာတို့ရဲ့ နန်းတော်ရှေ့” သီချင်းကို ပြန်ဆိုမယ်လို့ သိရတယ်။
MRZ : ဟုတ်ပါတယ်။ ကျွန်တော်က ကိုယ့်ရဲ့ One Man Show မှာ ပြန်ဆိုတေးတွေကို ဆိုလေ့ဆိုထမရှိပါဘူး။ ဒီသီချင်းကကျတော့ အဓိက မန္တလေးနဲ့ လိုက်ဖက်တာကြောင့်လည်းပါတယ်၊ နောက်တစ်ခုက တေးရေးဆရာက မန္တလေးသား တေးရေးဆရာဆူးဖြစ်နေတယ်၊ သူက သက်ရှိထင်ရှားလည်း မရှိတော့ဘူး။ အဲ့ဒါကြောင့် ဒီသီချင်းလေးနဲ့ ဂုဏ်ပြုချင်တယ်။ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဆိုပေးတာပေါ့နော်။ ကိုလွှမ်းမိုးကိုလည်း ကျွန်တော်ဂုဏ်ပြုပါတယ်။ ဒီသီချင်းလေးကို မန္တလေးသားတွေကလည်း အရမ်းကြိုက်ပါလိမ့်မယ်။

Voice : One Man Show အတွက် သီချင်းရွေးချယ်ထားမှုအပိုင်းနဲ့အတူ ဖျော်ဖြေမှုပုံစံက ဘယ်လိုပုံစံမျိုးဖြစ်မလဲ။
MRZ : ကျွန်တော့်ရဲ့ ဂီတသက်တမ်း နှစ်ဆယ့်ငါးနှစ်မှာ ကိုယ့်ရဲ့ပရိသတ်က ဘာကိုကြိုက်လဲ၊ ဘယ်လိုသီချင်းတွေကို ကြိုက်လဲဆိုတာ ကောင်းကောင်းသိပါတယ်။ “ပုံရိပ်မဲ့ ဂရပ်ဖစ်”ကနေ နောက်ဆုံးထွက်ထားတဲ့ “အချိန်အခါ” ခွေထဲက သီချင်းတွေအားလုံးပေါ့နော်။ အများစုကတော့ ပေါက်ထားတဲ့သီချင်းတွေပေါ့။ ပရိသတ်တွေ နားထောင်ချင်တဲ့ သီချင်းတွေကို ဆိုပေးမယ်၊ ကျွန်တော်ဆိုပြချင်တဲ့သီချင်းလေးတွေ၊ ကျွန်တော့်တီးဝိုင်းရဲ့ ဂုဏ်သိက္ခာကို တိုးစေမယ့်သီချင်းမျိုးလေးတွေ ဆိုကြမယ်။ ကျွန်တော်တို့ကတော့ ပရိသတ်ကို အဓိက သီချင်းပဲဆိုပြမယ့် အဆိုတော်တွေပါ။

Voice : ကိုယ်ပိုင်တီးဝိုင်းနဲ့ နယ်လှည့်ပြီး ရှိုးပွဲတွေလုပ်မယ်လို့ အရင်ကတည်းက ပြောထားတာရှိတယ်၊ လက်ရှိမှာ အကောင်အထည်ဖော်ဖို့က နီးစပ်နေပြီလား။
MRZ : ဒီပွဲလေးအောင်မြင်ခဲ့ရင်တော့ One Man Show ဆိုလို့ရတဲ့မြို့တိုင်းကို သွားချင်တယ်။ တစ်နှစ်ကို တစ်ပွဲပဲ လုပ်ချင်တယ်၊ အများကြီးလည်း မလုပ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှားပါးမှ တန်ဖိုးဖြစ်တာကိုး။ နောက်တစ်ခုက ကျွန်တော့်အနေနဲ့ ဘယ်မြို့မှာလုပ်ချင်တယ်ဆိုတာမျိုးတော့ မရှိပါဘူး။ ကျွန်တော်က ဖြစ်နိုင်ရင် မြန်မာတစ်ပြည်လုံးကို သွားချင်တာပါ။ ဒါပေမဲ့ လုပ်လို့ရတဲ့မြို့တွေရှိတယ်၊ လုပ်လို့မရတဲ့မြို့တွေ ရှိတယ်။ အဓိက ကျွန်တော်တို့ ကုန်ကျမယ့် ကုန်ကျစရိတ်နဲ့ ပရိသတ်တွေပြန်ကြည့်နိုင်တဲ့ အတိုင်းအတာအပေါ်မှာ လုပ်ရမှာပေါ့ဆိုတော့ မြို့ကြီးတွေကို သွားနိုင်အောင် ကြိုးစားရမှာပေါ့။ 

Voice : ဂီတသက်တမ်း နှစ်ဆယ့်ငါးနှစ်ပြည့်ပြီးတဲ့နောက်ပိုင်းမှာ ဂီတပုံစံ အချိုးအကွေ့တွေကို ထပ်ပြီးမြင်လာရမှာလား၊ တချို့ပရိသတ်တွေက ကြီးမိုက်ကြီးဆိုပြီး ချစ်စနိုးနဲ့ ခေါ်ဝေါ်နေကြတယ်နော်။ 
MRZ : ကျွန်တော့်အနေနဲ့ကတော့ နောက်ဆုံးထွက်ထားတဲ့ “အချိန်အခါ” ခွေထဲက သီချင်းတွေမျိုးတွေထက် ပိုပြီးအားကောင်းတဲ့ Rock သီချင်းတွေကိုပဲ လက်ရှိအချိန်မှာ အာရုံကျနေတယ်။ အဲဒီလိုသီချင်းမျိုးတွေပဲ ဆိုချင်နေတယ်။ လတ်တလောမှာလည်း ခွေတီးဖို့လုပ်နေပါတယ်။ ကိုယ်တစ်ယောက်တည်းပဲ ရေးထားတဲ့ သီချင်းခွေပေါ့နော်။ ဒီပွဲပြီးတာနဲ့ စတူဒီယိုဝင်ပါမယ်။ နောက်တစ်ခုကတော့ ပရိသတ်တွေက ကြီးမိုက်ကြီးလို့ ခေါ်ကြတဲ့အပေါ်မှာ ကျွန်တော်ကတော့ ဝမ်းသာပါတယ်။ သူတို့က ကျွန်တော့်အကြောင်းကို တကယ့်ကို သိခဲ့ကြလို့ ပြောတာလေ။ ၁၉၉၂ ခုနှစ်၊ “ပုံရိပ်မဲ့ဂရပ်ဖစ်” ခွေထွက်ကတည်းက ကျွန်တော့်ရဲ့သီချင်းတွေကို နားထောင်လာတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်က မြူးဇစ်ကို ပိုပိုပြီးတော့ မြှင့်လာတယ်၊ ပိုပိုပြီးတော့ မိုက်တွင်းနက်လာတယ်။ လူကလည်း ပိုပိုပြီးတော့ မိုက်တွင်းနက်လာတယ်။ အဲ့ဒါကြောင့် သူတို့က တန်ဖိုးထားပြီး ဒီလိုမျိုးခေါင်းစဉ်တပ်တာပါ။ ကျွန်တော့်အနေနဲ့ ကျေနပ်ပါတယ်။

ဝင်းထွန်းနိုင်